
“KIAဟာသဘောထားတင်းမာတယ်။KIA ဟာခေါင်းမာတယ်။KIA ဟာ ဟိုလူဒီလူတွေရဲ့ ထောက်ပံ့ မှုနဲ့ ကျယ်နေတာပါဆိုတဲ့စကားတွေ ငြိမ်းချမ်းရေးကို မလိုလားတဲ့ အပျက်ရှုထောင့်ကနေ ကြားနေရတာတွေ ရှိပါတယ်။KIA က ထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ရာမှာ အဲလိုသဘောထားမရှိဘူဆိုတာ တွေ့ခဲ့ရ ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးကဆိုသည်။
ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများသည် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလာနန်တို့နှင့် ငြိမ်းချမ်း ရေး တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းနောက် နေပြည်တော်၌ ငြိမ်းချမ်းရေးတည်ဆောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့ကြသည်။
“တစ်လောက ထိုးစစ်ဆင်မှုကိုရပ်ဆိုင်းဖို့ ဆိုပြီးတော့ အမိန့်ထုတ်ပြန်ခဲ့တယ်။ အားလုံးလည်း သိပါတယ်။ ဒါပေမယ့် စစ်တပ်က ထိုးစစ်မပြတ်ဆင်နွှဲသွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာကတော့ အစိုးရမှာ ပိုတာဝန် ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ အစိုးရရဲ့ဩဇာအာဏာ ဖြန့်ကြက်မှုဟာ တစ်တိုင်းတစ်ပြည်လုံးပေါ် မှာ လွှမ်းခြုံနိုင်မှုအတိုင်းအတာ ဘယ်လောက်ရှိလည်းမရှိဘူးလည်းဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကတော့ သမ္မတနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးကော်မတီကတော့ တပ်မတော်နဲ့ညှိနှိုင်းလို့မရသေးဘူးလို့ ထင်ပါ တယ်”ဟု ၄င်းကဆိုသည်။
KIA ဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က လက်ရှိအခြေခံအကျဆုံးအချက်အဖြစ် ရင်ဆိုင်ထား သည့်အနေအထားမှ နှစ်ဖက်တပ်များအား ရွှေ့ဖို့လိုအပ်ကြောင်း၊ နှစ်ဖက်တပ်များအနေဖြင့် ဂုဏ်သိက္ခာရှိရှိ ရွှေ့ပေးဖို့က အရမ်းအရေးကြီးပါကြောင်း၊ တပ်တွေအား ရှုံးနိမ့်ခြင်းကြောင့် ဆုတ်ခွာဖို့ပြောနေရခြင်း မဟုတ် ကြောင်း ကိုမြအေးကပြောသည်။
“အမျိုးသားပြန်လည်သင့်မြတ်ရေးကို မထူထောင်နိုင်သေးဘူး၊ ဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးက တိုင်းပြည်မှာ အရမ်းအရေးကြီးနေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီငြိမ်းချမ်းရေးခရီးစဉ်ကို သွားခဲ့ပြီး နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းပေးရခြင်းဖြစ်တယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုစိုးထွန်းကဆိုသည်။
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုသည့်လမ်းကြောင်းကို လျှောက်နေသည့် ၈၈ မျိုးဆက်ကျောင်း သားများသည် ကချင်ပြည်နယ်ဒေသတွင်သာမက အခြားဒေသများတွင်ပါ ငြိမ်းချမ်းရေးရရှိစေရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ရှင်းလင်းပြောဆိုကြသည်။
No comments:
Post a Comment