Wednesday 18 July 2012

နတ်မောက်ကို လွမ်းရပါသည်


ရေးသားသူ-လွင်ချန်ဖြိုး(နတ်မောက်)

အညာမြေ၊ ဇာတိမြေ၊ ဇာနည်မြေ “နတ်မောက်”ကို လွမ်းရပါသည်။ ရိုးအေးသော နတ်မောက်သားများသည် မိုးဝေးသော နတ်မောက်မြေမှာ အမျိုးသွေးကို စောင့်ထိန်းကာဖြင့် နေထိုင်လျက်ရှိကြပါသည်။ လမ်းပန်းဆက်သွယ်ရေးအရ အတွင်းကျသော နတ်မောက်သည် သမိုင်းမှတ်တမ်းများအရ အဆင်းလှသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြောင့် ကမ္ဘာကသိခဲ့ကြပါသည်။

နတ်မောက်ဟု ဖြစ်လာမည့် ရွာကြီးတစ်ရွာတွင် ဗိုလ်ချုပ်အောင်ဆန်းအား မွေးဖွားခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ ပြည့်တော့မည်ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ဇာတိမြေ နတ်မောက်ဌာနေတွင် နေထိုင်ခဲ့သည့် အချိန်ကာလရှည်ကြာမှုမှာ သူ၏ သက်တမ်းတစ်ဝက်မျှပင် မရှိခဲ့ပါပေ။ ထိုစဉ်က နတ်မောက်သည် နတ်မောက်မျှသာ ဖြစ်သည်။ နတ်မောက်ကို နတ်မောက်ကသာ သိသည်။ အခြားဒေသ မည်သူကမျှ နတ်မောက်ကို မသိကြ၊ စိတ်မ၀င်စားကြ။ နတ်မောက်သည် နိုင်ငံမကျော်သေး၊ ကမ္ဘာလည်း မကျော်သေး။ ဗိုလ်ချုပ်၏ နောက်ပိုင်းသက်တမ်း တစ်ဝက်မျှဖြစ်သော ဆယ်စုနှစ်တစ်ခု ကျော်ကျော်လေးမျှ ကြိုးစားစွမ်းဆောင်မှု အရည်အချင်း အရပ်ရပ်ကြောင့်သာ သူ၏ဇာတိမြေ နတ်မောက်သည်လည်း ထင်ပေါ်ခဲ့ရခြင်း ဖြစ်သည်။ နတ်မောက်မြေသည် အားလုံးက လေးစားခြင်း ခံခဲ့ရပါသည်။ စိန်နားကပ်အရောင်ကြောင့် ပါးပြောင်ခဲ့ရခြင်းသာ ဖြစ်ပါသည်။

နတ်မောက်သည် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်၏ ချောင်းလက်တက် ယင်းချောင်းအနောက်ဘက်ကမ်းတွင် တည်ရှိပါသည်။ ပျဉ်းမနား (နေပြည်တော်)-ကြီးနီရထားလမ်းပေါ်၌ ရှိသည်ဟု ဆိုနိုင်သော်လည်း ရထားလမ်းဘူတာနှင့် မြို့မှာ ယင်းချောင်းကြီး ခြားလျက်ရှိသည်။ နတ်မောက်မြို့သည် မကွေးမြို့မှ ၃၆ မိုင်၊ ပျော်ဘွယ်မြို့မှ ၆၁ မိုင်၊ တောင်တွင်းကြီးမြို့မှ ၂၈ မိုင် ကွာဝေးပါသည်။ နတ်မောက်သည် ယခင်က ရထားလမ်းနှင့် နတ်မောက်-မကွေးကားလမ်းကိုသာ အားထားခဲ့ကြရာမှ ယခုအခါ နတ်မောက်-ရန်ကုန်၊ နတ်မောက်-မန္တလေး၊ နတ်မောက်-ကျောက်ပန်းတောင်း စသည်ဖြင့် တိုးချဲ့လမ်းပေါက်ခဲ့ပါပြီ။

နတ်မောက်ကို လွမ်းစိတ်ဖြင့် နတ်မောက်နှင့် စပ်လျဉ်းသည့် သမိုင်းမှတ်တမ်းများကို ရှာဖွေလေ့လာမိပါသည်။ နတ်မောက်မြို့ကို သက္ကရာဇ် ၄၂၁ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ အင်္ဂါနေ့နံနက် တစ်ချက်တီးကျော်တွင် နန္ဒဗာဟုမင်းက လူအင်အား ၄၀၀ ဖြင့် မြို့တည်ခဲ့ကြောင်း၊ မြို့တည်မူကွဲတစ်စောင်တွင်မူ မြို့တည်ခုနှစ်ကို သက္ကရာဇ် ၄၂၃ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ တနင်္လာနေ့ နံနက်တစ်ချက်တီးကျော် လေးမောင်းနှင့် တစ်ဖီလာအချိန်တွင် တည်ခဲ့သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။ မြို့အရှေ့တွင် ကန်ကြီးတံခါး၊ တောင်တွင် တောင်ပုံတံခါး၊ အနောက်တွင် ၀က်ထိုးတံခါး၊ မြောက်တွင် ပြူတံခါးများအထိ မြို့အရပ်ရပ်တာပေါင်း ၄၀၀ ကျယ်ဝန်းကြောင်း၊ တစ်ချိန်တည်းတည် သတ္တဌာနများမှာ မြို့တော်၊ နန်းတော်၊ မြို့ကျုံးတော်၊ ဆင်ကျုံး၊ နတ်ကွန်း၊ ကန်တော်နှင့် ရွှေဘုံသာဘုရားတို့ဖြစ်ကြောင်း သိရပါသည်။ မြို့၏သက်တမ်းမှာ နှစ်ပေါင်း ၉၅၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။

သုဝဏ္ဏသာမပျို့၊ နေမိငရဲခန်းပျို့၊ ဘုံခန်းပျို့တို့ဖြင့် ပျို့လင်္ကာကဗျာ၌ ထင်ရှားလှသော ရဟန်းစာဆိုရှင် အဂ္ဂသမာဓိသည် နတ်မောက်မြို့ဇာတိ မဟုတ်သော်လည်း စာဆို၏ဖခင်မှာ နတ်မောက်မြို့စား၏သား ဘယကျော်သူအမတ် ဖြစ်ပါသည်။ ဆရာတော်သည် ဆုတောင်းပြည့်ဘုရားကြီး အရှေ့ဖျားရှိ ယခုသိမ်တော်ကျောင်းဝင်းအတွင်း၌ သတင်းသုံးခဲ့ပါသည်။ “မကူတောင် သေလာညွန့်ဆီက၊ မြူမှောင်မှောင် ဝေဆာကွန့်ပါလို့၊ ဧရာဝဏ့်မိုးဘုရင်။ နတ်တနန်းလိုပ၊ လျှပ်သန်းငယ် လျှံဖြာလို့၊ မဏ္ဍလာရွှေဘုံဆောက်ပါတဲ့၊ ညို့ညို့ဝေ မြို့ရွှေမောက်မှာကွယ်၊ မိုးပေါက်ကဆင်...”ဟု ရေးဖွဲ့ခဲ့သော ရှေးခေတ်စာဆိုတော် ဦးကြော့သည် နတ်မောက်မြို့တောင်ဘက် ကိုင်းရွာဇာတိဖြစ်ပါသည်။ ဦးကြော့သည် နတ်မောက်မြို့ အနောက်မြောက်ဘက် ကန်ကြီးအောက်ရွာ(ယခုကန်ကြီးရပ်ကွက်)တွင် နေထိုင်ခဲ့ဖူးကြောင်း၊ နတ်မောက်မြို့မြောက်ဘက် မြို့ကုန်းရွာ (ယခုမြို့မရပ်ကွက်)တွင် ကွယ်လွန်ခဲ့ကြောင်း သိရပါသည်။ 

ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး မင်းကြီးရွှေလရောင်နှင့် မင်းကြီးကတော် ဒေါ်ရွှေသင်တို့သည်လည်း နယ်ချဲ့ကို တော်လှန်ရာတွင် အစွမ်းပြခဲ့ကြသူများ ဖြစ်ပါသည်။ နတ်မောက်မြို့နယ် စခန်းမရွာဇာတိ စာရေးဆရာကြီး ဒဂုန်သိန်းသိန်းနှင့် နတ်မောက်မြို့နယ် ဖုန်ကုန်းရွာဇာတိ တို့ဗမာအစည်းအရုံးခေါင်းဆောင် ဆရာကြီးသခင်ဘသောင်းနှင့် ဆရာကြီးဦးဘ၀င်းတို့မှာ ခေတ်ပြိုင်များလည်း ဖြစ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးမေအောင် (ဦးကြော့၏မြေး)၊ တက္ကသိုလ်ဆုမြိုင်တို့သည်လည်း သက်တူရွယ်တူ နတ်မောက်သားများဖြစ်ကာ နိုင်ငံရေးလောက၊စာပေလောကတွင် ထင်ရှားခဲ့ကြပါသည်။ နတ်မောက်သား စာရေးဆရာကြီး အချို့ဖြစ်သော နတ်မောက်ဘုန်းကျော်၊ ငွေလင်း၊ တက္ကသိုလ်ထင်အောင်၊ နတ်မောက်ထွန်းရှိန်နှင့် နတ်မောက်ထွန်းရှည်တို့သည် နောက်ပိုင်းခေတ်တွင် ကျော်ကြားသူများ ဖြစ်ပါသည်။

ပုဂံအနော်ရထာမင်းလက်ထက်တွင် စည်ကားခဲ့သော ပင်းမြို့ဟောင်းသည် နတ်မောက်မြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ နတ်မောက်-ရွာမွန်-ပျော်ဘွယ် ကားလမ်းမအနီး၊ ခရိုင်ချင်းလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ ထိုပင်းမြို့ဟောင်းတွင် ရဟန္တာမထေရ်မြတ် ရှင်အရဟံကိုယ်တော်တိုင် မြတ်စွာဘုရားရှင် ပွင့်တော်မူရာ မဟာဗောဓိပင်မှ အဓိဋ္ဌာန်ပြု ပင်ပွားယူကာ စိုက်ထားခဲ့သော ဗောဓိညောင်ပင်ကြီးသည် ယခုတိုင် အထင်အရှားရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်လာသောကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာ ဖူးမြော်သူများဖြင့် မပြတ်ရှိနေပြီ ဖြစ်ပါသည်။ ၁၉၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပင်းတောင်ထောင့်ကျေးရွာ ဆရာတော်ဦးဝိလာသ၏ အိပ်မက်အရ အုတ်ကုန်းများကို တူးဖော်ရာမှ ဉာဏ်တော်အမြင့် ၂ လက်မခန့်၊ အလေးချိန် ၂၇ ရတီခန့်ရှိ ရှေးဟောင်းပျူလက်ရာ စိန်ရုပ်ပွားတော်တစ်ဆူအား တွေ့ရှိဖူးမြော်ခဲ့ကြရပါသည်။ ယခုအခါ နတ်မောက်မြို့နယ် ပင်းတောင်ထောင့်ကျေးရွာ ကန်သာယာကျောင်းတိုက်တွင် ကိန်းဝပ်လျက် ရှိပါသည်။

နတ်မောက်မြို့နယ် လဲဘူးရွာ နှီးကြောဖျာလုပ်ငန်းမှ လက်မှုထွက်ကုန်များကို အရပ်ရပ်သို့ နှစ်စဉ်တင်ပို့ ဖြန့်ချိလျက် ရှိပါသည်။ နတ်မောက်မြို့နယ် လေးအိမ်ရွာရှိ လေးအိမ်နွားဈေးသည် ဒေသခံတောင်သူများ အားထားကြရကာ စနေနေ့တိုင်း တစ်နှစ်ပတ်လုံး ကျင်းပပါသည်။ နတ်မောက်မြို့ပေါ်ရှိ ဆုတောင်းပြည့်စေတီနှင့် ဘုရားကြီးကျောင်းတိုက်ကို ကာရံထားသော အမြင့်ပျမ်းမျှ ၁၃ ပေ၊ ထု ၃ ပေ ၆ လက်မ၊ အကျယ်အ၀န်းဧရိယာ ၂၆၂၀ စတုရန်းပေရှိ မဟာတံတိုင်းကြီးသည် ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ဆောက်၍ ၁၉၆၈ ခုနှစ်ရောက်မှ အပြီးသတ်နိုင်ခဲ့ပါသည်။ ထိုတံတိုင်းကြီးသည် မန္တလေးနန်းမြို့ရိုးပြီးလျှင် ဒုတိယအကြီးဆုံးဟု သိရပါသည်။

နတ်မောက်မြို့ရှိ သာသနာ့ဟိတစာကြည့်တိုက်ကြီးမှာ ၁၉၃၄ ခုနှစ်၌ စတင်တည်ထောင် ဖွဲ့စည်းခဲ့ပြီး ၁၉၃၅ ခုနှစ်၊ ဇန်န၀ါရီလတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး စာကြည့်တိုက်များထဲမှ တစ်ခုဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ချိန်မှစကာ သာသနာ့ဟိတ စာကြည့်တိုက်ကြီးသည် နယ်ချဲ့ဆန့်ကျင်ရေး သပိတ်စခန်း၊ တော်လှန်ရေးစခန်း အောင်မြေ၊ ပြည်သူ့ရဲဘော် ဗိုလ်တက်ထွန်းစာကြည့်တိုက်၊ အထက်တန်းကျောင်း၊ မြို့အုပ်ရုံး၊ ဖဆပလရုံး၊ ပြည်တော်သာစာကြည့်တိုက်၊ ပြန်ကြားရေးရုံးစသည်ဖြင့် နာမည်အမျိုးမျိုး ပြောင်းခဲ့ရပါသည်။ ၁၉၇၄ ခုနှစ် ဧပြီ ၈ ရက်တွင် နတ်မောက်မြို့ရှိ အိမ်ခြေ ၃၅၀ မီးကျွမ်းလောင်ခဲ့ရသဖြင့် မည်သည့်အရာနှင့်မျှ အစားထိုးမရနိုင်သည့် တန်ဖိုးမဖြတ်နိုင်သော ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့ရာ ၆ ပင်၊ ၅ ပင် ရှေးမြန်မာအိမ်ကြီးလည်း ပါဝင်ဆုံးရှုံးခဲ့ရပါသည်။

ဒီပင်္ကရာစာသင်တိုက်၊ ဖျောက်ဆိပ်ပင်စာသင်တိုက်၊ ဆုတောင်းပြည့်ဘုရား၊ ရွှေဘုံသာဘုရား၊ ရန်အောင်မြင်ဘုရား၊ မြစည်းခုံဘုရား၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် ရင်ပြင်၊ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အထက်တန်းကျောင်းနှင့် မြင်းဖြူရှင်နတ်နန်းတို့မှာ နတ်မောက်မြို့ရှိ အထင်ကရနေရာများ ဖြစ်ပါသည်။ ဒီပင်္ကရာစာသင်တိုက်အတွင်း၌ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးခန်းကို သီတဂူဆရာတော်ကြီး ဦးဆောင်ကာ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပန္နက်ချ၍ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ပြီး ဒေသအသီးသီးမှ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း၊ သတ္တမအကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ထိုအထဲမှ ခွဲစိတ်ကုသရန် လိုအပ်သော မျက်စိဝေဒနာရှင် ၉၁၁ ဦးကို အခမဲ့ခွဲစိတ် ကုသပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အထက်တန်းကျောင်းအတွင်း၌လည်း သီတဂူဆရာတော်ကြီးကပင် မတည်ကာ ကျပ်သိန်းတစ်ထောင် အကုန်အကျခံ၍ အလျားပေ ၁၂၀၊ အနံပေ ၄၀ ရှိ အာစီတစ်ထပ်စာသင်ဆောင်ကို ဆောက်လုပ်လှူဒါန်းရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။

လာမည့် ၂၀၁၅ ခုနှစ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်ဖြစ်ပါသည်။ ထိုထိုသော အကြောင်းများကြောင့် နတ်မောက်ကို လွမ်းစိတ်တို့က ပို၍ပို၍ ကြီးစိုးခဲ့ရပါသည်။ ရဟန်းစာဆိုရှင် အဂ္ဂသမာဓိ သီတင်းသုံးခဲ့ရာ၊ စာဆိုတော် ဦးကြော့ခေါင်းချခဲ့ရာ၊ မျိုးချစ်သခင်ဘသောင်း မွေးဖွားခဲ့ရာ နတ်မောက်မြို့နယ်အတွင်းမှ နေရာများတွင် မည်သည့်အထိမ်းအမှတ်မျှ မည်မည်ရရ မရှိသေးသည့်အတွက်လည်း နတ်မောက်ကို ပို၍ပို၍ လွမ်းနေရပါသည်။ ဇာနည်မြေ နတ်မောက်အတွက် သမိုင်းမှတ်တမ်းများ ဖြစ်စေနိုင်သော နတ်မောက်မဂ္ဂဇင်း အမှတ်(၁)အား ၁၉၇၉ ခုနှစ်တွင်လည်းကောင်း၊ နတ်မောက်မဂ္ဂဇင်း အမှတ်(၂)အား ၁၉၉၁ ခုနှစ်တွင်လည်းကောင်း နှစ်ကြိမ်သာ ထုတ်ဝေနိုင်ခဲ့သေးသဖြင့်လည်း နတ်မောက်ကို ပို၍ပို၍ လွမ်းနေရပါသည်။ နတ်မောက်မှာမွေး၊ နတ်မောက်မှာ ကြီးပြင်းခဲ့ရသော်လည်း အလုပ်တာဝန်များအရ နတ်မောက်မြေနှင့် ဝေးကွာခဲ့ရသည်မှာ ၁၆ နှစ် ကျော်ခဲ့ပါပြီ။

ယခု ဇူလိုင် ၁၉ ရက်သည် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အမျိုးသားခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသော (၆၅)နှစ်မြောက် အာဇာနည်နေ့လည်း ဖြစ်ပါသည်။ ထိုထိုသော အကြောင်းများကြောင့် နတ်မောက်ကို ပို၍ပို၍သာ လွမ်းနေရပါတော့သည်။ ။



By 7Day News Journal 

No comments:

Post a Comment