Wednesday 18 July 2012

၁၉ ဇူလိုင် မမေ့နိုင်


သဲစုလှိုင် ၊ ကျော်သူ ၊ အေးမြမြထွန်း စုစည်း  တင်ဆက်သည်

မကြာမီရက်ပိုင်းမှာပင် မြန်မာနိုင်ငံ၏ အထင်ကရ အမှတ်ရစရာ အာဇာနည်နေ့သို့ ရောက်ရှိလာ တော့ မည် ဖြစ်သည်။ ယခုနှစ် အာ ဇာနည်နေ့မှာ အစိုးရသစ်လက်ထက် အတွင်း ဒုတိယအကြိမ် ပြုလုပ်သွား မည့် အာဇာနည်နေ့မို့ မည်သို့ ထူးခြားမှုရှိမည်ဆိုသည်မှာ စိတ်ဝင်စားစ ရာပင်။

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ခိုင်ခိုင်မာမာ ဆောင်ရွက် ပေးနိုင်ခဲ့သော မြန်မာ့ ခေါင်းဆောင်များ ၏ အသက်၊ သွေး ပေးဆပ်သွားခဲ့ရသော အဆိုပါ အာ ဇာနည်နေ့နှင့် ပတ်သက်၍ မြန်မာပြည်သူပြည် သားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး စောင့်ကြည့်လေ့ လာသူများ၊ စာရေးဆရာနှင့် ဝါရင့် သတင်းစာဆရာများက အောက်ပါအတိုင်း သုံး သပ်ပြောကြား ခဲ့သည်။

အာဇာနည်နေ့ဆိုတာ

၁၉၄ရ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ စနေ နေ့နံနက် ၁၀ နာရီ ၃ရ မိနစ် အချိန်တွင် ရန်ကုန် မြို့ အတွင်း ဝန်ရုံး၌ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ အတွင်းဝန် ဦးအုံးမောင်နှင့် ရဲဘော်ကိုထွေး စသည့် အာဇာ နည်ခေါင်း ဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည်။ယင်းနေ့အား အာဇာနည်နေ့အဖြစ် သတ်မှတ် ကာ အာဇာနည် နေ့ အထိမ်း အမှတ်ပွဲ ကို နှစ်စဉ် နှစ်တိုင်း ကျင်းပခဲ့သည်မှာ ယခု ၂၀၁၂ ခုနှစ်ဆို လျှင် ၆၅ နှစ်တိုင် ရှိခဲ့ပြီဖြစ်သည်။

အာဇာနည်ဆိုတာ

''အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ ခေါင်းထဲမှာ မှတ်မှတ်ရရဖြစ်နေတဲ့ စကားတစ်ခု ရှိတယ်။ အဲဒါကတော့ နပိုလီယံပြောခဲ့တဲ့ စကား ပေါ့။ အာဇာနည်ဆိုတာ သေတိုင်း အာဇာနည်ဖြစ် တာမ ဟုတ်ဘူး။ ဘယ်အရေးကိစ္စအတွက်အသက် ပေးသွားသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ အာဇာနည် ဟုတ်၊ မဟုတ် ဆုံးဖြတ်ရတာ၊ သတ် မှတ်ရတာလို့ ပြောခဲ့တယ်။ အဲဒီတော့ တို့နိုင်ငံက အာဇာ နည်ကြီး တွေဟာ မြန်မာ့လွတ်လပ်ရေးအ တွက် ကြိုးစားဆောင်ရွက်ခဲ့ပြီး အသက်ပေးခဲ့ရ တဲ့သူတွေမို့ အာဇာ နည် ခေါင်းဆောင် တွေလို့ ထိုက်ထိုက် တန်တန် ခေါ်ဆိုခဲ့ကြတာ''ဟု ဆရာဦးဖေ မြင့် (စာရေးဆရာ ပြည်သူ့ခေတ် ဂျာနယ် အယ် ဒီတာချုပ်)က ပြောခဲ့သည်။
အာဇာနည်နေ့အခမ်းအနား ဝင့်ကြွားစေချင်

အာဇာနည်နေ့မှာ မြန်မာနိုင်ငံ၏နိုင်ငံ သမိုင်းအတွက် မမေ့အပ်သောနေ့ တစ်နေ့ဖြစ်ကာ ယင်းနေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများ မည်သို့ အသက်ဆုံးခဲ့ရသည်မှာလည်း မပျောက် ပျက်အပ်သော သမိုင်းဝင် အဖြစ်အပျက်တစ်ခု အဖြစ် လူငယ်တိုင်း အမှတ်ရနေဖို့လိုသည်။ ယင်း ကဲ့သို့ အမှတ် ရနေစေရန်မှာလည်း သမိုင်းအဖြစ် အပျက်အမှန်များအား လူငယ်တိုင်း သိရှိနေကာ အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းပုံရိပ် များ မမှေးမှိန်နေရန် လိုအပ်ပါလိမ့်မည်။

မြန်မာ့သမိုင်းဝင် အာဇာနည်နေ့အား လူငယ်များ မမေ့စေရန်နှင့် အမှတ်ရနေစေရန်မှာ နိုင်ငံ့ခေါင်းဆောင်များ နှင့်တကွ နိုင်ငံသားတိုင်း မှာ တာဝန်ကိုယ်စီ ရှိနေသကဲ့သို့ အာဇာနည်နေ့ အခမ်း အနားအား မည်သို့ ဆောင်ရွက်သင့်သည် ကိုလည်း
လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ အေးမောင်က ''မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်ကြီးတွေ ကို မမေ့ကြဘဲ အစဉ်အလာကောင်း တွေကို မပယ် ဖျက်ဘဲနဲ့ ထိန်းသိမ်းနိုင်ကြမှသာ လွတ်လပ်ရေးကို ထိန်းသိမ်းရာ ရောက်ပါ မယ်။ အာဇာနည်နေ့လို အခမ်းအနားမျိုးဟာ နိုင်ငံတော်အဆင့် အခမ်းအ နားမျိုးအဖြစ်သာ လုပ်ကြရမယ့် အခမ်းအနားမျိုး ပါ။ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးက တက် ရောက်ရမယ့် အခမ်းအနား မျိုး ပြန်လည်ဖြစ်သင့် နေပါပြီ။ အရင်တုန်းကလည်း ဝန်ကြီးချုပ်အဆင့် က လာရောက် ဂါရဝ အလေးပြုကြရတဲ့ အခမ်း အနားမျိုး ဖြစ်ခဲ့ဖူးပါတယ်။ နိုင်ငံကို လွတ်လပ်ရေး ရဖို့ အသက်ပေး စွန့်လွှတ်ခဲ့သူ  တွေကို နိုင်ငံတော် အဆင့်အခမ်းအနားမျိုးနဲ့ပဲဂုဏ်ပြုသင့်ပါတယ်။ ဒီလို နေ့ထူးနေ့ရက် မျိုး ကို ဂုဏ်ပြုပြီး  လုပ်ရခြင်းအားဖြင့် လည်း မြန်မာလူမျိုးတိုင်းဟာ နိုင်ငံရဲ့ လွတ်လပ်ရေး ကို အောက်မေ့  သတိရစရာ ဖြစ်စေပြီး အမြဲတမ်း ထိန်းသိမ်းရာရောက်မယ်။ ပြည်ထောင် စု ကောင်းကျိုး  ဆိုတာမျိုး ကိုလဲ ဖော် ဆောင်ရာ ရောက်ပါလိမ့်မယ်''ဟု ပြောကြားခဲ့ သည်။

ယင်းကဲ့သို့ပင် နိုင်ငံရေး စောင့်ကြည့် လေ့လာသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်ဦး ကိုကိုကြီး ကလည်း 

''အာဇာနည်နေ့လိုကိစ္စမျိုး၊ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက် လို့ နိုင်ငံတော်က ကို ကမကထ လုပ်ပြီးတော့ ပိုပြီး ကြီးကျယ်ခမ်းနားအောင်၊ လူငယ်မျိုးဆက်တွေ ကြား ထဲမှာ အမြဲတမ်းဂုဏ်ယူနိုင်တဲ့ စံပြပုဂ္ဂိုလ်တွေ အဖြစ် နှလုံး သွင်းနိုင်အောင် နိုင်ငံတော်က လုပ်ရ မှာ ဒီနေ့  တစ်နေ့တည်း လုပ်ရမှာမဟုတ်ဘူး''ဟု ပြောပြသွားခဲ့သည်။

''အာဇာနည်ဗိမာန်ဆိုတာ တိုင်းပြည်မှာ အာဇာနည်ခေါင်းဆောင်တွေကို အမှတ်ရတဲ့ လူကြီးတွေ လူလတ်ပိုင်း တွေအနေနဲ့ သူတို့သွားချင် တဲ့အချိန်မှာ သွားရောက်ပြီးတော့ ဂါရဝပြုလို့ရ တဲ့ အခြေ အနေမျိုး အနေအထားမျိုးတွေ၊ ကလေး တွေကိုလဲ ဒါဟာဗိုလ်ချုပ်အောင်ဆန်း အာဇာ နည်ခေါင်း ဆောင်တွေ ဆိုတာ ဒီလိုဒီပုံ၊ ဒါက တော့ဘယ်သူ စသည်ဖြင့်ပြောပြ ရမယ်။ နောက်ပြီး တော့ မြန်မာ့ သမိုင်းဖြစ်ရပ်တွေ ပြန်လည်ပြောပြ ပြီးတော့ ကိုယ့်တိုင်းပြည်အတွက် မျိုးချစ်စိတ် တို့ ခေါင်းဆောင်ကြီး တွေကို ချစ်မြတ်နိုးတဲ့စိတ်တို့ ဖြစ်ပေါ်လာအောင် အမြဲတမ်း ပြသ၊ ရှင်းပြသင့် တာပေါ့''ဟု ဆရာဦး ဖေမြင့်က လည်း ပြောပြသွား ခဲ့သည်။

အာဇာနည်နေ့ အခမ်းအနားနှင့်ပတ် သက်၍ အာဇာနည်ကြီးများထဲတွင် တစ်ဦးအပါ အဝင်ဖြစ်သော မန်းဘခိုင် ၏ သားသမက်ဖြစ်သူ ဦးခင်မောင်ဆွေကလည်း ''အာဇာနည်ကုန်းကို နှစ်စဉ်မပြတ် သွားရောက်ဂါဝရပြုလျက်ပါ။ အရင်တုန်းက နိုင်ငံတော်အဆင့် ဂုဏ်ပြုတဲ့ အခမ်းအနားမျိုး ဖြစ်ခဲ့ပေမယ့် ၁၉၈၅ နောက်ပိုင်းမှာတော့ တ ဖြည်းဖြည်းနဲ့ တိုင်းဒေသ အဆင့် အခမ်း အနားမျိုး ပဲ ဖြစ်လာတော့တယ်။ အာဇာနည်နေ့ကို ရန်ကုန် တိုင်းဒေသကြီး အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ကသာ လုပ်တဲ့ အခမ်းအနားမျိုးဖြစ်လာတယ်။ နိုင်ငံလွတ် လပ်ရေးအတွက် အသက် စွန့်ပေး သွားကြတဲ့ အာ ဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ အနေနဲ့ နိုင်ငံတော် အဆင့် အခမ်း အနားမျိုး ပြန် ဖြစ်စေချင်ပါတယ်။ ပြည်ထောင်စုအဆင့်ရှိတဲ့ ဝန်ကြီးတစ်ဦးဦးက လာရောက် အလေး ပြု ဂါရဝ ပြုတဲ့ အခမ်းအနား မျိုး ပြန်ဖြစ်စေချင်တယ်။ အာဇာနည်နေ့မှာ မိသားစုဝင်တွေကို လဲလွတ်လွတ်လပ်လပ်နဲ့ ပန်းစည်းချ   ကန်တော့ ခွင့်တွေလဲ ခွင့်ပြုဖို့  တောင်း ဆိုချင်တယ်။ ပန်း စည်း၊ ပန်းခွေတွေကို ကြိုတင်ပြီး ပို့ရတာတွေ၊ အခမ်းအနားနေ့မှာ ဆိုရင်လဲ သတ်မှတ်ထား တဲ့ နေရာမှာ ပဲနေ၊ ပြီးတာနဲ့ ပြန်ကြရတော့တာတွေ က မလွတ်လပ် တော့ဘူး ''ဟု ပြောခဲ့ သည်။

အာဇာနည်နေ့မမေ့စေဖို့

နိုင်ငံအတွက် အသက် ပေးဆပ်ခဲ့ရသော အာဇာနည်  ခေါင်းဆောင်ကြီးများ၏ အာဇာနည် နေ့အား အမြဲ မပြတ် သတိရနေရန် အတွက် အာဇာ နည်နေ့ အခမ်းအနားများအပြင် အာဇာနည်နေ့ အား နိုင်ငံနှင့် အဝန်း စည်ကား  စွာပြုလုပ်သွားသင့် ကြောင်းလည်း သိရသည်။
''ကျွန်တော်တို့ငယ်ငယ်က ကျောင်း တွေမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့    ပတ်သက်တဲ့ သီ ချင်းတွေကို ဆိုရ တယ်။ နောက်  အာဇာနည်နေ့ ဆိုရင် ဟောပြောပွဲတွေကို ကျောင်းတွေ  မှာလုပ် တယ်။ စာစီစာကုံးတွေ စကား ရည်လုပွဲတွေလုပ် တယ်။ ကစားခုန်စားတာတွေကအစ ဒီနေ့မှာ ကို ထူးထူးခြားခြား လုပ်တယ်။ နိုင်ငံနဲ့ အဝန်းကိုလုပ် တယ်။ အခုချိန်နဲ့ နှိုင်းယှဉ်ရင်တော့ ဘာတွေလို အပ်မလဲဆိုတာထက် အသစ် တီ ထွင်စရာ မလိုပါ ဘူး။ ရှိထားပြီးသား အစဉ်အလာတွေကိုသာ မဖျက်ပစ်ဖို့ လိုတာပါ''ဟု နိုင်ငံရေး သုံးသပ် လေ့ လာသူ ဦးကိုကိုကြီးက ပြောခဲ့သည်။

အာဇာနည်ကြီးများအား မမေ့စေရန် အတွက် ဆရာဦးဖေမြင့်ကလည်း   ''သူများနိုင်ငံတွေမှာဆိုရင် နိုင်ငံရဲ့ အာဇာနည်  ခေါင်းဆောင်တွေကို ဂုဏ်ယူစွာနဲ့ ပြသထားကြတယ်။ နိုင်ငံကိုလာရောက်ကြတဲ့ သူ တွေကလဲ ဂါရဝလာပြုတာတွေ ရှိပါတယ်။  အခြား နိုင်ငံတွေက ခေါင်းဆောင်တွေ လာတဲ့အခါမှာလဲ ကိုယ့်ရဲ့ နိုင်ငံက အာဇာနည်ခေါင်းဆောင်  တွေကို လာရောက်ဂါရဝပြုဖို့အတွက် စာရင်းထဲမှာထည့် ပြီး ဆောင်ရွက်ပေး တာတွေရှိတယ်။ ဒီလိုပုံစံမျိုး နဲ့ ကိုယ့်နိုင်ငံက အာဇာနည်ခေါင်းဆောင်တွေကို ကမ္ဘာက သိအောင် ဆောင်ရွက်ကြတယ်။ အဲဒီလို မျိုးရှိသင့်တယ်။ အရင်ကဒီလိုမျိုးတွေလုပ်ခဲ့တယ်။ အခုလဲ ရှိသင့် တယ်။ နောက်တစ်ခုက အာဇာနည် နေ့မရောက်ခင် အာဇာနည်နေ့အကြိုအဖြစ် ဟော ပြောပွဲတွေ၊ အခမ်းအနား တွေကိုလဲ လုပ်သင့် တယ်။ အာဇာနည်နေ့ အထိမ်းအမှတ်ပြပွဲတွေ လုပ်သင့်တယ်။ အဲဒီလို လုပ်ခြင်း အားဖြင့် နောင် လာမယ့်ကလေးတွေရဲ့စိတ်ထဲမှာ လွတ်လပ်ရေး အကြိုကာလ အာဇာနည် ခေါင်းဆောင်ကြီး တွေ ရဲ့ လှုပ်ရှားမှုပုံရိပ်တွေ သူတို့ရဲ့ အကြောင်းတွေကို သိရှိပြီးတော့ သူတို့ရဲ့ စိတ်ထဲမှာ ခေါင်း ဆောင်ကြီး တွေကို လေးစားတဲ့စိတ်၊ ကိုယ့်နိုင်ငံအပေါ် ချစ် မြတ်နိုးတဲ့ မျိုးချစ်စိတ်တွေ ပိုမိုကိန်း အောင်း လာ မှာပေါ့။ အာဇာနည်နေ့ကို  အမြဲမပြတ် မမေ့မလျော့ ဖြစ်နေဖို့ဆိုတာ ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းအား ထုတ်မှု ပုံရိပ်တွေကို အမြဲ အမှတ် ရစေဖို့ လိုပါတယ်။ အဲဒီလို ဖြစ်ဖို့ဆိုတာကလဲ အာဇာနည်နေ့ တစ်ရက် တည်း မှာ အာဇာနည် ဗိမာန်ကို သွားရောက် ဂါရဝပြုရရုံနဲ့ မလုံလောက် ပါဘူး။ အဲ့ဒီနေ့မှာပဲ အရမ်းကို ပင်ပန်း ပြီး တော့ စိတ်ပျက်စရာတွေပဲကြုံပြီး ပြန်လာရမယ်ဆိုရင် သူတို့ရင်ထဲမှာ ဘာမှကျန်မှာ မဟုတ် ပါဘူး''ဟု ပြောခဲ့ သည်။
အစိုးရသစ်နှင့် သမိုင်းဝင်နေ့

အစိုးရသစ်  လက်ထက်တွင် ဒုတိယအ ကြိမ်အဖြစ် ကျင်းပခွင့်ရရှိမည့် အာဇာနည်နေ့ အခမ်းအနားအား မည်သို့ ကျင်းပသွားမည်ဆို သည်မှာ စိတ်ဝင်စားစရာ ကောင်းနေသလို အာ ဇာနည်နေ့ အခမ်းအနား နေ့တွင် အာဇာနည်  ဗိမာန် ၌ ဆောင်ရွက်မည့် လုံခြုံရေးအစီအမံများမှာ လည်း စိတ်ဝင်စားစရာ ကောင်း နေသည်။

အာဇာနည်နေ့တွင် အာဇာနည်ဗိမာန် သို့ လာရောက်သူများအား လုံခြုံရေး တင်းကျပ် မှုနှင့် ပတ်သက်၍ လွှတ်တော်  ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း  ''ဒီမိုကရေစီစနစ်နဲ့သွားတဲ့ အစိုးရ ဆိုတာ လူထုအစိုးရလို့ ကြွေးကြော်နေကြပြီလေ။ လူထုအစိုးရ ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်အစိုး ရတွေ တုန်းက လုပ်ခဲ့တဲ့ အာဇာနည်နေ့လို နေ့ထူး နေ့မြတ်မျိုးမှာ အလေးပြု ဂါရဝပြုကြမယ့် လူထု ကို ပိတ်ပင်တား ဆီးတာမျိုးတွေဆိုတာ မဖြစ်သင့် တော့ဘူး။ လွတ်လပ်ပွင့် လင်းတဲ့ ခေတ်စနစ်ရောက် နေပြီဖြစ်တဲ့ အတွက် နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကို အလေးပြုဂါရဝပြုကြရာမှာ လွတ်လပ်ပွင့် လင်းတဲ့ အခမ်းအနား မျိုး ရောက်သင့်နေပြီပေါ့ ဗျာ။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လက် တစ်လုံးခြား အသုံးချ မယ့်သူတွေလဲ ဘယ်သူမှ မရှိကြပါ ဘူး။ ဒါတွေကိုလဲ အစိုးရက ဥပဒေနဲ့အ ညီစီစဉ်ပေး နိုင်ကြ ရမှာပါ''ဟုပြောကြားခဲ့သည်။

သမိုင်းမပျောက်ဖို့လို  မြန်မာနိုင်ငံတွင် မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည် ခေါင်း ဆောင်ကြီးများ ၏ သမိုင်းမှာ မြန်မာ့သမိုင်းပင်ဖြစ် သလို သမိုင်းမပျောက်ဖို့မှာလည်း မြန်မာ တိုင်း အတွက် တာဝန်ရှိနေသည်။

''ပြည်သူတွေအနေနဲ့ အာဇာနည်နေ့ မှာ ကျေးဇူးရှိတဲ့လူတွေကို ကျေးဇူးသိတတ်တာ၊ ဂါရဝပြုတာဟာ မြန်မာတွေရဲ့ ဓလေ့ပဲ၊ ဒီမှာက နိုင်ငံရေးအယူအဆတွေကြောင့်၊ နိုင်ငံရေးအ ကြောင်းပြချက်တွေကြောင့် သမိုင်းကိုမှေးမှိန် အောင်လုပ်တာ၊ ပျောက်ပျက်အောင် လုပ်တာ တွေဟာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ် သည် ဖြစ်စေ လုံးဝမဖြစ်သင့်ဘူး။ အခုချိန်ထိ နိုင်ငံတော် က ကမကထလုပ်ပြီးတော့ ထုတ်ပေးထား တဲ့ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပတ္တိစာအုပ်ကို မရှိ သေးဘူး။ ဒီလောက်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကို ခန့်မှန်းလို့ရမှာပါ။ ဆိုလိုတာက ကျွန်တော်တို့အနေနဲ့ အာဇာနည် နေ့နဲ့ ပတ်သက် တဲ့ ယုံကြည်ကိုးစားလောက်တဲ့ အချက်အလက် တွေကို နိုင်ငံတော်က ဦးဆောင်ပြီး ကမကထ လုပ်ရမယ်။ ပုဂ္ဂလိက က ထုတ်ဝေတဲ့ အပေါ်တွေ မှာလဲ ဘယ်ဟာကိုဖြင့် ဘယ်လိုဆိုပြီးတော့ ဖြတ် တောက်တာ တွေ ရှိနေတယ်။ သမိုင်းမှာ အမှန် အတိုင်း ထုတ်ဝေတာတွေ၊ ပြုစုထားတာတွေဆို တာ ရှိနေသင့်တယ်။ အာဇာနည်နေ့အကြောင်း ပြောရင် ဒီတစ်ရက်တည်း အတွက် ပြောတာမ ဟုတ်ဘူး။ ဒီပုဂ္ဂိုလ်ကြီး တွေရဲ့အပေါ် အောက် မေ့သတိရမှု၊ အလေးထားမှုတွေဟာ အမြဲတမ်း ကို ရှိနေရမယ်။ အဲ့ဒီအတွက် တာဝန်လဲယူသင့် တယ်။ ဒါတွေနဲ့ ပတ်သက်တာတွေကို ထုတ်ဝေ တဲ့အပေါ်မှာ တားမြစ်ဖြတ် တောက်တာတွေ လုံးဝ မလုပ်သင့်တော့ဘူး''ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ကသုံးသပ်ပြောခဲ့သည်။
သမိုင်းဆိုတာ သင်ခန်းစာ

မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ကြုံခဲ့ရသော အတိတ်ဖြစ်ရပ်များပေါ်တွင် သင်ခန်း စာယူကာ အနာဂတ်အား အကောင်းဆုံး ပုံဖော် သွားသင့်ကြောင်းကိုလည်း

''အမေရိကမှာ သမ္မတ ၄၄ ယောက် ရှိတယ်ဆိုရင် အဲဒီ ၄၄ ယောက်လုံးရဲ့ သမိုင်းကို ပြည်သူတွေက လွတ်လပ်စွာ သိရှိလေ့လာနိုင် တယ်။ ဝက်ဘ်ဆိုက်ကနေ ရှာဖွေကြည့်နိုင်တယ်။ ကြိုက်တဲ့လမ်းဘေး ဆိုင်မှာ ဝယ်နိုင်တယ်။ Download လုပ်ပြီး ကြည့်နိုင်တယ်။ ဒီသမ္မတ လက်ထက်မှာတော့ ဘာတွေက ကောင်း ခဲ့တယ်၊ ဘာတွေက အားသာ ချက်ဖြစ်ခဲ့တယ်၊ ဘာတွေ လုပ်ဆောင်ခဲ့တယ်၊ ဘာတွေတော့ အား နည်း ခဲ့တယ်။ နောက်ဆုံး သမ္မတ ဟာ သမ္မတရဲ့ လုပ် ရပ်နဲ့ မလျော်ညီတဲ့ အတွက် တရားစွဲဖို့ ပြင်ဆင် တာ တွေ က အစ အားလုံးကို ပြည်သူကသိရှိခွင့် ရှိတယ်။ အဲ့ဒီသိခြင်းကြောင့် အမေရိကန်လူမျိုး ပေါ်မှာ၊ အမေရိ ကန် နိုင်ငံ အပေါ်မှာ ဘယ်သူကမှ အထင်သေး မသွားဘူး။ ဒါဟာ သင်ခန်းစာယူဖို့ပဲ၊ သမိုင်း ဆိုတာ သင်ခန်းစာယူဖို့ပဲ''ဟု ဦးကိုကိုကြီး က သုံးသပ်ပြောခဲ့သည်။

၂၀၁၁ခုနှစ် အာဇာနည်ဗိမာန် အခမ်းအနားနှင့် ပြည်သူ့အသံ

အသက်(၃၀) အရွယ် ပြည်သူတစ်ဦး ကလည်း '' မနှစ်က အာဇာနည်ကုန်းကို တက် ခွင့်ပြုလို့ ကျွန်တော် တို့ သူငယ်ချင်းတစ်စု သွား ရောက် ဂါရဝပြုခဲ့တယ်။ စစ်ဆေးမှုတွေက အ ထပ်ထပ်နဲ့ ကြုံခဲ့ကြရ လို့ လွတ်လွတ် လပ်လပ်နဲ့ မတက်ရောက်ခဲ့ရဘူး။ လွယ်အိတ်၊ ကင်မရာ၊ ဖုန်း တွေပါမကျန် အာဇာနည်ကုန်း မရောက် ခင် လမ်း ပေါ်မှာပဲ ထားခဲ့ရတယ်။ လုံခြုံရေး အထပ်ထပ် တွေရဲ့ အစစ်ဆေး ခံရပြီး မှ နှစ်ယောက် တစ်တွဲနဲ့ ကုန်းပေါ်ကို တက်ခဲ့ရတယ်။

ကုန်းပေါ်ရောက်လို့ အမိန့်ပေးသံတွေ အတိုင်း လိုက်နာအလေးပြုပြီး ပြန်ဆင်းခိုင်းလိုက် တော့တာပါပဲ။ အချိန်အားဖြင့် ၁၅ မိနစ်လောက် တာအတွင်း မလွတ်လပ်ခဲ့ရဘူး။ တစ်နှစ်မှာ တစ် ရက်တည်း ဖွင့်ပေးလို့ တက်ရောက်ခွင့် ကြုံကြရ တာကို အဓိပ္ပာယ်ရှိရှိနဲ့ ဂါရဝ အလေးပြုနိုင်တဲ့ အခွင့်အရေး တောင် မရခဲ့ရဘူး။ ကျွန်တော် အာ ဇာနည်ကုန်းကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင် ငါးနှစ် သားအရွယ်လောက်တုန်း က တစ်ခါရောက်ခဲ့ဖူး တယ်။ သိပ်မမှတ်မိတော့ဘူး ဆိုပေမယ့် သွားခဲ့ တာမှာ တော့ လွတ်လပ်ခဲ့တယ်။ အခုနောက်ပိုင်း မှာတော့ အာဇာနည်နေ့မရောက်ခင် ခေါင်းဆောင် ကြီးတွေရဲ့ အကြောင်း၊ အဆိုအမိန့်တွေကို ရေဒီ ယို၊ သတင်းစာတွေက ထုတ်လွှင့်ဖော်ပြတာ မျိုး တွေ ရှိခဲ့တယ်။ အာဇာနည်နေ့ ရောက်ရင် ဝမ်း နည်းခြင်းအထိမ်းအမှတ်နဲ့ ဥဩဆွဲတာ၊ အစိုးရ ဌာနဆိုင်ရာရုံးတွေ၊ အိမ်တိုင်း လိုလိုတွေ  မှာလဲ နိုင်ငံတော်အလံကို တစ်ဝက် လွှင့်ထူတာမျိုးတွေ မရှိတော့ဘူး''ဟု ယင်း၏ အတွေ့ အကြုံများ အား ပြန်လည်ပြောပြသွားခဲ့သည်။

အရင်တုန်းက အာဇာနည်နေ့အခမ်းအနား

''အရင်ခေတ်တုန်းကတော့ အာဇာ နည်နေ့ကို ပြုလုပ်ခဲ့ကြပုံက ထင်ရှားတဲ့အချက် ကတော့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျ ဆုံးခဲ့တယ်ဆိုတဲ့အချိန်မှာ ဥဩဆွဲတယ်၊ မြို့ သေးသေး တွေမှာဆိုရင် တစ်မြို့လုံးကြား ရတဲ့ ဥဩကို ဆွဲတယ်၊ သင်္ဘောတွေ၊ ရထားတွေကလဲ ဆွဲတယ်၊ အဲ့ဒီလို ဥဩဆွဲတဲ့ အချိန်မှာ ဆိုရင် သွား လာနေကြတဲ့ လမ်းသွားလမ်းလာတွေ အားလုံး ဟာ အကုန်လုံးရပ်ပြီး ငြိမ်သက် စွာ ဂါရဝပြုကြ တာပေါ့။ အာဇာနည်နေ့ ဆိုရင် အာဇာနည်ဗိမာန် မှာတင်ပြုလုပ်တာမဟုတ်ဘူး။ တစ်နိုင်ငံ လုံးပြု လုပ်ခဲ့တဲ့ အစဉ်အလာ  ရှိခဲ့တယ်။ ပြီးတော့ မြို့ တိုင်းလိုလိုမှာ အာဇာနည်နေ့ အထိမ်း အမှတ်ပွဲ တွေလုပ်ခဲ့တယ်။

အာဇာနည် ခေါင်းဆောင်ကြီး တွေအကြောင်း ပြောခဲ့ကြ၊ ဟောခဲ့ကြတယ်။ အဲ့ဒီလို အစဉ်အလာရှိတယ်။ ပြီးတော့ သတင်းစာ တွေမှာလဲ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အကြောင်း တွေ၊ အတ္ထုပတ္တိတွေကို ကြိုတင်ရေး သားဖော်ပြတယ်။ ဂုဏ်ပြုရေးသားကြတယ်။ အာဇာနည် နေ့ အထူး စာစောင်တွေ ထုတ်ခဲ့ကြ တယ်။ ပြည်သူတွေကလဲ စိတ်ဝင်စားကြတာ ပေါ့။ အဲ့ဒီလို ပုံစံတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေး တွေက အဲ့ဒီလိုနေ့ ဒီလိုအချိန် ရောက်လာချိန် တိုင်းမှာ သူတို့ရဲ့ ရင်ထဲမှာ အတိတ်က အာဇာနည် ကြီးတွေကို အမှတ်ရတဲ့စိတ်တွေ အမြဲရှိနေမှာ ပေါ့'' ဟု ယခင် တုန်းက အာဇာနည် နေ့ အခမ်း အနားများကျင်းပပုံကို ပြန်လည်ပြောပြခဲ့သည်။

အာဇာနည်ဗိမာန်အမြဲဖွင့်စေချင်

''အာဇာနည်ဗိမာန်ကို ပြတိုက်တွေလိုပဲ ပြည်သူတွေအနေနဲ့ အချိန်မရွေး ဝင်ထွက်လေ့ လာနိုင်ခွင့် ဦးညွတ် နိုင်ခွင့်တွေ ရှိသင့်တယ်။ အာ ဇာနည်နေ့ တစ်ရက်တည်းပဲ ဖွင့်ပေးတာမျိုး မလုပ်သင့်ဘူး''ဟု ဦးကိုကိုကြီး က ပြောခဲ့သလို ဆရာဖေမြင့်ကလည်း ''အာဇာနည်ဗိမာန်တွေကို တစ်နှစ်ပတ်လုံး ပိတ်ထား မယ့်အစား ပြတိုက်တစ်ခုလိုမျိုး အစောင့်အ ရှောက်တွေနဲ့ စည်းကမ်းတကျ အမြဲတမ်း ဖွင့်ပေးထား သင့်တာ ပေါ့။ အာဇာနည်နေ့မှာ ဂါရဝပြုတဲ့သူတွေ များတဲ့အတွက် အစိုးရအနေနဲ့လဲ လုံခြုံရေးအရ တင်း ကျပ်တာ တွေတော့ ရှိသင့်ပေမယ့် လာရောက်ဂါရဝပြု တဲ့သူတွေ အဆင်ပြေအောင်တော့ လုပ်ပေး သင့်တာ ပေါ့'' ဟုပြောခဲ့သည်။
''အာဇာနည်ကုန်းဆိုတာတော့ နေ့စဉ်ဖွင့် ပေးထားသင့်တဲ့ နေရာမျိုးပါ။ နယ်ကလာတဲ့သူတွေ၊ နိုင်ငံတကာ ကလာတဲ့သူတွေ အချိန်မရွေး  သွားရောက် ဂါရဝပြုနိုင်ဖို့အတွက် ဖွင့်ပေးထားသင့်ပါတယ်။ နိုင်ငံတကာမှာ ဆိုရင်လဲ နိုင်ငံအတွက် ပေးဆပ်ခဲ့တဲ့ ခေါင်း ဆောင်ကြီးတွေရဲ့ ဂူဗိမာန်တွေကို ဘယ်သူ မဆို လာရောက်နိုင်ရေး အတွက် အမြဲဖွင့်ပေးထားကြတာပဲလေ။ အိန္ဒိယမှာဆို ဂန္ဒီ၊ နေရူးတို့လို၊ ဖိလစ်ပိုင် မှာဆို ဟိုဆေး ရီဇော်တို့လို ဂူဗိမာန်တွေက အမြဲဖွင့်ထားကြတာပဲ''ဟု ဝါရင့် သတင်း စာပညာ ရှင်  ဦးကိုကိုကြီးကလည်း သုံးသပ် ပြောခဲ့သည်။
ယင်းကဲ့သို့ အာဇာနည် ဗိမာန်အား ပိတ်ထား ခဲ့သည့်အတွက် အာဇာနည်ဗိမာန်၏ ဒီဇိုင်းပုံစံအား ရေးဆွဲခဲ့ သော ဗိသုကာ အထူးအဖွဲ့ အဖွဲ့ခေါင်းဆောင်  ဗိသုကာပညာရှင်ကိုယ်တိုင်ပင် ယင်းရေး ဆွဲခဲ့သော ဗိ သုကာ ဒီဇိုင်းအား မြင်တွေ့ခွင့်၊ ပြည်သူများ၏ ဝေဖန် အကြံပြုချက်များ အားသိရှိခွင့် မရခဲ့ ကြောင်း သိရသည်။
''အာဇာနည်ဗိမာန်ကို ပြည်သူလူထုနဲ့ နိုင်ငံ တကာကလာတဲ့ ဧည့်သည်တွေကို ခွင့်ပြုချက်တောင်း စရာမလိုဘဲ တစ်နှစ်ပတ်လုံး အချိန်မရွေး အာဇာနည် ဗိမာန်ကို ဝင်ရောက်လည်ပတ် ဂါရဝပြုခွင့်ပေး ပါလို့ နိုင်ငံတော်ကို အကြံပြုချင်တယ်။ အားလုံးရဲ့ဆန္ဒကို တောင်းဆိုတာလဲ ဖြစ်ပါတယ်။ အခုချိန်မှာ အစိုးရ က လူထုအသံကို နားထောင်နေပြီဖြစ်လို့ ပြောတာ ပါ။ အရင်ကဆိုရင် ဗမာတွေက ရွှေတိဂုံ ဘုရား ဖူးလာ ရင်း ဗိုလ်ချုပ်တို့ကိုသွားပြီး ဂါရဝပြုကြတယ်။ ဗမာ တစ်ပြည်လုံးရှိ လူထုအားလုံးက ဗိုလ်ချုပ် တို့ကို သွား ကန်တော့ကြတာလေ။ ၁၉၈၃ ခုနှစ်မှာ ဗုံးပေါက်လို့ ၈၄ မှာအလေးမပြုနိုင်ဘူး။ ၈၅ မှာ ကျွန်တော်တို့ ဒီဇိုင်းနဲ့ ဆောက်ခဲ့တဲ့ အာဇာနည်ဗိမာန်က အာဇာနည် နေ့အခမ်းအနားအမီ ပြီးခဲ့တယ်။ အဲဒီနှစ်က စပြီး ဒီနေ့ ချိန်ထိ အာဇာနည်ဗိမာန်ကို ရောက်ခွင့်မကြုံတော့ဘူး။ အာဇာနည်ဗိမာန်ရဲ့ ဒီဇိုင်းကို ပြည်သူတွေလက်ခံလား၊ ကြိုက်လား၊ ဒါတွေကို ကျွန်တော်တို့ သိခွင့်မရတော့ ဘူး''ဟု အာဇာနည် ဗိမာန်၏ ဒီဇိုင်းပုံစံအား ရေးဆွဲခဲ့ သော ဗိသုကာအထူးအဖွဲ့အဖွဲ့ ခေါင်းဆောင် ဗိသုကာ ပညာရှင် ဦးဆန်းဝင်းကပြောသည်။

အာဇာနည်နေ့နှင့် ပတ်သက်၍ မန်းဘခိုင် ၏ သားသမက်ဖြစ်သူ ဦးခင်မောင်ဆွေကလည်း ''အာဇာနည်နေ့မှာ အာဇာနည်ကုန်းကို နိုင်ငံတော်အဆင့် အခမ်းအနားမျိုးနဲ့ မိသားစုဝင်တွေ၊ ပြည်သူ တွေ လွတ်လပ်စွာနဲ့ လာရောက်ဂါရဝပြုခွင့် ရတဲ့ အခမ်းအနားမျိုး ဖြစ်စေချင်တယ်။ ဘယ်လို အချိန် မရွေး မှာကိုပဲ သွားရောက်လို့ရတဲ့ အများပြည်သူပိုင် နေရာမျိုးလဲ ဖြစ်သင့်ပါတယ်'' ဟု ပြောပြသွား ခဲ့ သည်။

ကုမ္ပဏီဝန်ထမ်း ဒေါ်ဝင်းပပကလည်း  ''အာဇာနည်နေ့ အခမ်းအနားကို ရုပ်မြင် သံကြားမှာ မိနစ်ပိုင်း လောက် မြင်ရရုံနဲ့တော့ အာဇာ နည်ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို နောင် လာနောက်သားတွေ မသိနိုင်ဘူး။ အာဇာနည်ဗိမာန် ကို ကိုယ်တိုင်မမြင်ဖူးလို့ တော်လှန်ရေးပန်းခြံကို အာဇာ နည်ဗိမာန်လို့ ထင်နေတဲ့ အသက် ၂၀ ကျော်ကလေး တွေကို ကိုယ်တိုင်တွေ့ဖူးတယ်။ တဖြည်းဖြည်း နှစ်တွေ ကြာလာတာ နဲ့အမျှ အာဇာနည်ကိုးဦးစလုံးရဲ့ နာမည် သိတဲ့သူ ရှားလာတယ်။ ဒါဟာစနစ်ရဲ့ မှားယွင်း မှုကြောင့် ဖြစ်လာတဲ့အကျိုးဆက်လို့ ယူဆတယ်။ အာဇာနည် ပုဂ္ဂိုလ်တွေကို လေးစားအားကျပြီး နိုင်ငံ ချစ်စိတ်၊ မျိုး ချစ်စိတ်တွေရှိလာအောင်ငယ်စဉ်ကျောင်းသားဘဝက တည်းက ပျိုးထောင်ပေး ရမှာလို့မြင် တယ်။ မနှစ်ကအာ ဇာနည်နေ့မှာ အာဇာနည်ဗိမာန်ကို ပြည်သူတွေ ဂါရဝ ပြုခွင့်ရခဲ့တဲ့အတွက် အစိုးရ သစ်ရဲ့လုပ်ရပ်ကို တော် တော်လေးကြိုဆိုခဲ့ကြတယ်။ ဒါပေမဲ့တစ်နိုင်ငံလုံးက ပြည်သူတွေ ဂါရဝပြုနိုင်ဖို့ က ဒီတစ်ရက်တည်းနဲ့တော့ အဆင်မပြေနိုင်ဘူး''ဟု ပြောပြခဲ့သည်။
ပြန်လည်ဖော်ထုတ်သင့်သောအလေ့အထ ''အာဇာနည်နေ့လိုမျိုး ရောက်လာခါနီးပြီ ဆိုရင် အခြေခံပညာ ကျောင်းတွေ ကအစ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတွေလုပ်တဲ့ အလေ့အထတွေ လဲအားနည်း နေတယ်။ ယနေ့ခေတ်လူငယ်တွေ အာဇာ နည်ခေါင်းဆောင်ကြီးတွေကို မမေ့ဖို့အတွက် ဒီအလေ့ အထတွေ  ကို ပြန်ဖော်ထုတ်ဖို့ လိုတယ်။

နိုင်ငံပိုင် မီဒီယာတွေကနေဆိုရင်လဲ အာဇာ နည်နေ့ ရောက်ခါနီးရင် နိုင်ငံပိုင်သတင်းစာ၊ ရေဒီယို၊ တီဗွီတွေ ကနေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်တွေ၊ မှတ်တမ်းရုပ်ရှင်ကားတွေ ထုတ်လွှင့်ပြသ တာ မျိုး တွေ ကိုလဲ ပြန်ဖြစ်သင့်နေပါပြီ။
ဒါတွေက ပွင့်လင်းလွတ်လပ်တဲ့ ခေတ်ရောက်နေပြီဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော်မှာ ဖြစ်သင့် တဲ့အနေ အထား တွေပါ။ မြန်မာ့ခေါင်းဆောင်ကြီးတွေ ကို မြန်မာပြည်သူတွေက လေးစားကြဖို့၊ ဂါရဝပြုကြဖို့ အတွက် အစိုးရဘက်ကလှုံ့ဆော်ပေးရမှာပါ။ ကိုယ့်နိုင်ငံ ခေါင်းဆောင်တွေကို ကိုယ့်ပြည်သူတွေက လေးစားတန် ဖိုးထားပါမှ နိုင်ငံတကာကလဲ လိုက်နာတန်ဖိုးထား လာကြမှာပါ''ဟု ဝါရင့် သတင်း စာဆရာ ဦးကိုကိုကြီး ကပြောခဲ့သည်။

သုံးသပ်

ယခင်ကာလများတွင် စည်ကားစွာ ကျင်းပ ခဲ့သော အာဇာနည်နေ့ အခမ်းအနားများအား လက် လှမ်းမမီသူများ အတွက် အာဇာနည်ခေါင်းဆောင်ကြီး များအား နိုင်ငံတော်မှ မည်သို့ အလေးထား ဂုဏ်ပြု ခဲ့သည်  ဆိုသည်မှာ စကားအဖြစ်သာရှိနေခဲ့သလို အာဇာ နည်ကြီးများ ၏ အတ္ထုပတ္တိများအား သေချာ စွာ သိရှိသော လူငယ်များလည်း နည်းပါးလာပြီဖြစ်ရာ အစိုးရသစ် အနေဖြင့် ယင်းအခြေနေများ ကို အကောင်းဆုံး ပြန် လည်ပြုပြင်ကာ အာဇာနည်နေ့အား နိုင်ငံတော်အဆင့် အခမ်းအနားသဖွယ် ဆောင်ရွက်ပေး လာနိုင်မည်ဟု ယုံကြည်စွာဖြင့် အာဇာနည်နေ့ ဥဩသံများအား ပြန် လည်မှန်းဆရင်း ယခု ဆောင်းပါးအား ရေးသားလိုက် ရပါသည်။

By Yangon Media Group

No comments:

Post a Comment