Wednesday 18 July 2012

မြန်မာပြည်သို့ အိန္ဒိယတိုင်းသားများ ၀င်ရောက်ရေး သဘောတူစာချုပ်




ရှေ့တန်း(၀ဲမှယာ)..ဦးဘအုန်း၊ဦးစော၊ ဆာ ဘာ့ဂ်ျပိုင်၊ ဦးဘသန်း၊ ဦးထွန်းအောင်ကျော်၊ နောက်တန်း(၀ဲမှယာ)..ဦးကျော်မင်း၊ မစ္စတာဝါနာသံ၊ မစ္စတာ ဘော့ဇ်မင်း၊ ဦးတင်ထွဋ်

အဖနိုင်ငံတော်အတွက် အနာဂတ်ကိုပါ ထိပါးလာနိုင်တဲ့ အနောက်မြောက်နယ်ခြားကမီးလျှံများအကြောင်း လေ့လာတဲ့အခါ ခေတ်တိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းခဲ့ကြတာကို တွေ့ရပါတယ်။

အစောဆုံးတွေ့မိတာက ၁၉၄၁ ခုနှစ်မှာပါ။ အဲဒီအချိန်က နန်းရင်းဝန်ဖြစ်တဲ့ ဂဠုန်ဦးစောဟာ အိန္ဒိယ ကိုယ်စားလှယ်တွေနဲ့ အကြေအလည်ဆွေးနွေးပြီး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ မြန်မာဘက်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘသန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းအောင်ကျော်၊ အလုပ်သမားဝန်ကြီး ဦးဘအုန်း၊ ၀န်ရှင်တော်မင်းကြီး ဦးတင်ထွဋ်( အိုင်စီအက်စ်) တို့ပါဝင်ပြီး အတွင်းဝန်ဦးကျော်မင်းက အတွင်းရေးမှူးတာဝန် ယူပါတယ်။ အိန္ဒိယ ဘက်ကတော့ ခေါင်းဆောင်အဖြစ် ဆာဂီရ်ဂျာရှန် ကာဘာ့ဂ်ျပိုင်( K.B.E; C.I.E)၊ မစ္စတာ ဂျီအက်စ် ဘောဇ်မင်း(C.I.E; I.C.S)၊ မစ္စတာ ဗီ ဗစ်ဇ၀ါနာသံ(I.C.S) တို့ပါဝင်ကြပါတယ်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်ကို ၁၇ ဇွန် ၁၉၄၁ မှာဆိုက်ရောက်လာပြီး ၁၈ ရက်မှစတင်

လို့ ဆွေးနွေးကြရာမှာ နှစ်ဦးနှစ်ဖက် တင်းမာမှုများရှိခဲ့ပြီး ၂၄ ဇွန်ထိ သဘောတူညီချက်မရသေးပါ။နောက်ဆုံး ၂၈ ရက်ရောက်မှသာ သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ၂၉ ဇွန်မှာ ပြည်တော်ပြန်နိုင်ခဲ့ပါတယ်။

၁၈ ဇွန် နှစ်ဖက်ကိုယ်စားလှယ်များ ပထမဆုံးတွေ့ဆုံပွဲမှာ ဂဠုန်ဦးစောပြောခဲ့တာတွေထဲက တစ်ချို့ကို ကောက်နှုတ်ပြရရင်........

မြန်မာလူမျိုးသည် မြန်မာပြည်တွင်းသို့ နိုင်ငံခြားသားများ ၀င်လာခြင်းကိစ္စကို ဂရုပြုလာသည်မှာကြာပြီဖြစ်ကြောင်း၊
ယခင်က မြန်မာနိုင်ငံအောက်ပိုင်းတွင် မြေရိုင်းများပေါများ၊ လူနေနည်းပါး၊ လုပ်သားရှားပါးလျက် စက်မှုလက်မှုလုပ်ငန်းများတွင် မြန်မာလူမျိုးမဟုတ်သော လုပ်သားများစွာ လိုအပ်ပါကြောင်း၊
ယခုမူမြေယာရှားပါးသဖြင့် ကူလီလုပ်သားအဖြစ် အသက်မွေးရသော မြန်မာလူမျိုးများစွာပင်ရှိနေပြီဖြစ်ကြောင်း၊
မြန်မာအချို့မှာ လယ်ယာလုပ်ငန်းတွင်၎င်း၊ စက်မှုလက်မှုလုပ်ငန်းတွင်၎င်း မြန်မာ မဟုတ်သူများက ယှဉ်ပြိုင်လုပ်ကိုင်နေ၍ အလုပ်လက်မဲ့ဘ၀ ရောက်နေကြကြောင်း၊
အခြားနိုင်ငံများ၌ တွေ့ကြုံခဲ့ရပုံများကိုထောက်လျှင် ယခုအခြေအနေသို့ မြန်မာပြည်တွင် အခြားတိုင်းပြည်များမှ လာရောက်ကြသော လုပ်သားများကို စည်းကမ်းမထားပဲ အရှည်သဖြင့် ဆက်လက်ဝင်ရောက်ခွင့်မပြုနိုင် သည်မှာ ထင်ရှားပါကြောင်း၊
ဓမ္မတာအားဖြင့် ကိုယ်ရေးလုံခြုံမှုသာ ပဓါနဖြစ်ပါကြောင်း၊
မြန်မာပြည်၌လာရောက်နေထိုင်ကြသော အိန္ဒိယတိုင်းသားတို့သည် နိုင်ငံရေး၌၎င်း၊ မြို့ပြရေး၌၎င်း၊ မြန်မာပြည်သူပြည်သားတို့နှင့် ထပ်တူအခွင့်ရသည်ကိုထောက်၍ မြန်မာလူမျိုးတို့သည် အိန္ဒိယမှလာသူများအား မေတ္တာထားကြောင်းထင်ရှားပါကြောင်း၊
ပြဿနာကိုဖြေရှင်းရန်မှာ မြန်မာတိုင်းရင်းသားတို့၏ အကျိုးသာမက မြန်မာပြည်သို့ လာရောက် နေထိုင်ကြသော အိန္ဒိယတိုင်းသားတို့၏ အကျိုးစီးပွားအတွက်လည်းဖြစ်ကြောင်း......

ဒီလိုနဲ့ပဲ ၂၈ ဇွန်မှာတော့ သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတော့တယ်၊ စာချုပ်အစအဆုံးက ရှည်လျားတာမို့ အရေးကြီးတဲ့အချက်များကိုသာ ဖေါ်ပြရရင်ဖြင့်....

၁။ အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်မပါလျှင် မြန်မာပြည်သို့ မည်သူမျှမလာရ။ (ပုဒ်မ ၄)

၂။အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်ရစေကာမူ မြန်မာပြည်အစိုးရထံမှ ပြည်ဝင်ခွင့်အမိန့်မရလျှင်မည်သူမျှ မြန်မာပြည်သို့လာခွင့်မရှိ၊ နေခွင့်မရ။ (ပုဒ်မ ၅)

၃။ မြန်မာပြည်သို့လာလိုသူသည် ပြည်ဝင်မိန့်ရရန် အနည်းဆုံး ၁ ကျပ်တန်ခေါင်းကပ်၍လျှောက်လွှာတင်ရမည်။ (ပုဒ်မ ၁၈)

၎။ မြန်မာပြည်တွင် ရက်အကန့်အသတ်မရှိ နေလိုသူသည် မြန်မာပြည်အစိုးရသို့ ငွေ ၅၀၀ ကျပ်ပေး၍ နေထိုင်ခွင့်လက်မှတ် တောင်းခံရမည်။
၎င်း၏ မယား၊ သား၊ သမီးများမှာ တစ်ယောက်လျှင် ၂၅၀ကျပ်ပေးရမည်။ (ပုဒ်မ ၁၅)

၅။ မြန်မာပြည်တွင် သုံးနှစ်နေရန်လာသူတစ်ဦးသည် ပြည်ဝင်ကြေး ၁၂ ကျပ်ပေး၇မည့်အပြင် တစ်နှစ်လျှင် အခွန် ၅ ကျပ်လည်းဆောင်ရမည်။ (ပုဒ်မ ၁၅)

၆။ မြန်မာပြည်သို့ လာခွင့်ရသူတစ်ယောက်သည် သာမန်အားဖြင့် သုံးနှစ်ထက်ပိုမနေရ။ (ပုဒ်မ ၇/၂)

၇။ မြန်မာပြည်တွင်နေစဉ် မြန်မာတိုင်းရင်းသူတစ်ဦးနှင့် လက်ထပ်လျှင်သော်၎င်း၊ အတူပေါင်းသင်းလျှင်သော်၎င်း မြန်မာပြည်တွင် နေထိုင်ခွင့်လက်မှတ်ကို ဖျက်သိမ်းပြစ်လိမ့်မည်၊ ဖျက်သိမ်းသည်နှင့်တပြိုင်နက် မြန်မာပြည်တွင် ဆက်နေထိုင်ခွင့်မရ။ (ပုဒ်မ ၁၄)

၈။ မြန်မာပြည်တွင် လာရောက်နေထိုင်သူကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးသောအခါ သူ့စရိတ်နှင့်သူပြန်နိုင်ရန် မြန်မာပြည်သို့ မလာမီကပင် ပြန်စရိတ် ၂၀ ကျပ်ကို မြန်မာပြည်အစိုးရထံကြိုတင်သွင်းထားရမည်။ (ပုဒ်မ ၁၇)

၉။ မြန်မာပြည်အစိုးရက လူဝင်ရေးအကြံပေးအဖွဲ့တစ်ခု ဖွဲ့မပြီးမခြင်း၊ ၎င်းပြင် ထိုအဖွဲ့က မြန်မာပြည်အကျိုးအတွက် အလုပ်သမား မည်မျှလာသင့်သည်ဟု ပေးသောအကြံများကို မြန်မာအစိုးရက ဆုံးဖြတ်မပြီးမခြင်း ၂၁ ဇူလိုင် ၁၉၄၁ မှစ၍ အိန္ဒိယပြည်မှ အလုပ်ကြမ်းသမားဟူ၍ တစုံတယောက်မျှ မြန်မာပြည်သို့မလာရ။ (ပုဒ်မ ၂၄)

၁၀။ လူဝင်ရေးဥပဒေ၊ သို့မဟုတ် မြန်မာပြည်အစိုးရက သတ်မှတ်ထားသော စည်းမျဉ်းတစုံကို ကျူးလွန်လျှင်ဖြစ်စေ၊ အထူးအခွင့်ရလိုသည်နှင့် မြန်မာပြည်အစိုးရသို့ လိမ်ပြောသည်ဖြစ်စေ ထောင်ဒဏ် ၆ လ၊သို့မဟုတ် ဒဏ်ငွေ ၁၀၀၀ ကျပ်၊ သို့မဟုတ် ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်စလုံး အပြစ်ပေးခြင်းခံရမည်။(ပုဒ်မ ၁၂).......

မြန်မာ့သမိုင်းကို ရိုင်းစေခဲ့တဲ့သူတစ်ဦး ဖြစ်ပေမယ့် သူ့ခေတ် သူ့အချိန်က လုပ်ဆောင်ချက်တချို့ကို သိသာလေ့လာနိုင်ရန် တင်ပြလိုက်ရပါတယ်။

ညွှန်း -

မြန်မာနိုင်ငံတော်သို့ အိန္ဒိယ တိုင်းသားများ ၀င်ရောက်ရေး သဘောတူစာချုပ် (၂၈ ဇွန် ၁၉၄၁)
ရာဇာ Facebook



http://blog.irrawaddy.org/2012/07/blog-post_299.html

No comments:

Post a Comment