Wednesday, 18 July 2012

မိုးညှင်းမြို့ ယာယီဈေး ဖျက်သိမ်းမည်

ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်ရှိ ဆယ်နှစ် သက်တမ်းပြည့်တော့မည်ဖြစ်သော ယာယီ အခွန်လွတ်ဈေးကို အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီက တရားဝင် သတင်းထုတ်ပြန်သည်။

အဆိုပါ အခွန်လွတ်ဈေး၏ အနီးတစ်ဝိုက်တွင် ခရိုင် ပြည်သူဆေးရုံကြီး ၊ နမှီးစု အလယ်တန်းကျောင်း ၊ မြို့နယ် ရဲတပ်ဖွဲ့ရုံး နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ရှိနေခြင်းကြောင့် မြို့ပြ အင်္ဂါရပ်နှင့် မညီညွတ်သည့်အပြင် ယာဉ်ဝင် ယာဉ်ထွက် ရှုတ်ထွေးသည့် နေရာတွင် ရှိနေခြင်းကြောင်း ယင်းဈေးကို ဖျက်သိမ်းရခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ အမှုဆောင် ဦးစီး အရာရှိက The Voice Weekly သို့ ပြောကြားသည်။

အခွန်လွတ်ဈေးမှ ဈေးသူဈေးသား များကို အောင်သပြေဈေး နှင့် မြို့မဈေးသို့ ပြောင်းရွှေ့ပေးသွားမည်ဟု မြို့နယ်စည်ပင်မှ အသိပေးထားသော်လည်း အများစုမှ လက်ခံသဘောတူခြင်းမရှိကြောင်း မိုးညှင်းမြို့ခံများထံမှ သိရသည်။

ကျွန်မမှာ သားသမီး နှစ်ယောက်အတွက် ကျောင်းစရိတ်ကို ဈေးရောင်းပြီး ရှာနေရတာ။ ဒီဈေးကနေ ရွှေ့ရောင်းမယ်ဆိုရင် အဆင်မပြေနိုင်ဘူး။ အောင်သပြေဈေးက မြို့အစွန်မှာမို့ပါ ယင်းဈေးအတွင်း ရောင်းချနေသည့် အသက်၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အမှုဆောင် ဦးစီး အရာရှိကမူ အနာ(နစ်နာမှု)နည်းအောင် စနစ်တကျ ရွှေ့ပြောင်းပေးမှာပါ။ အောင်သပြေဈေးမှာ အကွက်ရိုက်ပြီး ရွှေ့ပြောင်းရတဲ့ ဈေးသူဈေးသားတွေကို ဦးစားပေးသွားမှာပါ။ ငွေကြေး ကောက်ခံမှု လုံးဝ မရှိစေရဘူး အာမခံ ပြောကြားသည်။

အထက်ပါ ယာယီအခွန်လွတ်ဈေးသည် ၂၀၀၃ ခုနှစ်တွင် စတင်ရောင်းချခဲ့ပြီး နေ့စဉ် ရောင်းချနေသော ဈေးဆိုင်ပေါင်း ၁၃၀ ခန့်ရှိပြီး မိုးညှင်းမြို့၏ အထင်ကရလမ်းဖြစ်သော စ၀်စံထွန်းလမ်းနှင့် ပင်လုံလမ်းတို့ အလယ်တွင် တည်ရှိသည်။



By The Voice Weekly

No comments:

Post a Comment