Thursday 2 August 2012

အင်တာနက်လိုင်းပါသည့် မိုဘိုင်းဖုန်းများအား တစ်ရက်(၄)ဒေါ်လာနှုန်းဖြင့် ငှားရမ်းနိုင်

အင်တာနက် လိုင်းပါသည့် မိုဘိုင်းဖုန်း များအား တစ်ရက် ငှားရမ်းခ အမေရိကန် ဒေါ်လာ (၄)ဒေါ်လာနှုန်းဖြင့် ပေးဆောင်ကာ ရန်ကုန် ၊မန္တလေးနှင့် ပုဂံမြို့များတွင် ငှားရမ်းနိုင်
 ကြောင်း ရတနာပုံ မိုဘိုင်းငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းက သိရှိရသည်။

 ''အင်တာနက်လိုင်း ပါဝင်တဲ့ SIM Card နဲ့ အင်တာနက်လိုင်း မပါဝင်တဲ့(SIM Card & Handset) တွေ ကို ဌားရမ်းနိုင်ပါတယ် '' ဟု ( Yatanarpon Mobile Rental Service ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်တာနက်လိုင်းပါ SIM Card များအား ငှားရမ်းမည်ဆိုပါက သတ်မှတ်စပေါ်ငွေ အမေရိကန် (၁ဝဝ) ပေးချေပြီး ငှားရမ်းခအဖြစ် တစ်နေ့ အမေရိကန် (၄)ဒေါ်လာ ပေးချေရမည်ဖြစ်သည်။

အင်တာနက်လိုင်း မပါသော SIM Card အား ငှားရမ်းမည်ဆိုပါက အမေရိကန် ဒေါ်လာ(၅ဝ)နှင့်  ဟန်းဆက် ငှားရမ်းမည်ဆိုပါက အမေရိကန် ဒေါ်လာ (၅ဝ)အား စပေါ်ငွေအဖြစ် ပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။

လိုင်းမပါသော  SIM Card များအား တစ်နေ့ငှားရမ်းခ အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ ဟန်းဆက်ငှားရမ်းခ တစ်နေ့ အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ တို့ဖြင့် Yatanarpon Mobile Rental Services  တို့မှ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် အဆိုပါမိုဘိုင်းဖုန်းဌားရမ်းသည့် ဝန်ဆောင်မူနေရာများကို ထပ်မံတိုင်းချဲ့လိုက်ပြီး ရတနာပုံ ဖုန်းခေါ်ဆိုမူ၊ ရန်ကုန်လေဆိပ်၊ မန္တလေး လေဆိပ်၊ ပုဂံလေဆိပ်နှင့် မန္တလေး Swam Hotel တို့တွင် ငှားရမ်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

''နိုင်ငံခြားသားဧည့်သည်တွေ ခတ္တလာရောက်တဲ့ ဧည့်သည်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့အညီ ငှားရမ်းပေးတာ ဖြစ်ပါတယ်။ မြို့နေလူတွေအနေနဲ့ မိုဘိုင်းဖုန်း ငှားရမ်းကိုင်ဆောင်တာမျိုး နည်းနေပါသေးတယ်။'' ဟု Yatanarpon Mobile Rental Services    မှတာဝန်ရှိသူ  တစ်ဦးက ဆက်ပြောသည်။

 အသုံးပြုရမည့် ကြိုတင်ငွေပေးကဒ်များအား ငှားရမ်းသူက မိမိအစီအစဉ်ဖြင့် မိမိဝယ်ယူရမည် ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup 





http://www.thithtoolwin.com/2012/08/blog-post_6837.html#.UBqfI5PbXbM

ဧရာဝတီတိုင်းတွင် TAXI ပြေးဆွဲရန် ကားသစ် ၃၈စီး Good Brother ကုမ္ပဏီက တင်သွင်း



ဧရာဝတီတိုင်း ဒေသကြီး အစိုးရ၏ ထောက်ခံ ချက်ဖြင့် ဧရာဝတီ တိုင်းတွင် TAXI ပြေးဆွဲရန် Good Brother ကုမ္ပဏီက TAXI ကားသစ် ၃၈ စီး တင်သွင်းခွင့် ရရှိ ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ထံမှ စုံစမ်း သိရသည်။
TAXI ကားသစ်တွေကို ကုမ္ပဏီတွေက တင်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရရဲ့ ထောက် ခံချက်နဲ့ လျှောက်ထားတာတွေ ရှိ တယ်။ဧရာဝတီတိုင်းမှာဆိုရင်တော့ Good Brother ကုမ္ပဏီက ၃၈ စီး သွင်းဖို့ လျှောက်ထားတာ ခွင့်ပြု လိုက်ပြီ”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူးတစ်ဦးက ပြောကြား သည်။
TAXI ကားသစ်များ တင် သွင်းရန် Good Brother ကုမ္ပဏီ အပါအဝင် ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ကုမ္ပဏီစုစုပေါင်း ၁၁၃ ခုလာရောက် လျှောက်ထားပြီးTAXI ကားသစ် စီးရေ ၆၈၈ စီးတင်သွင်းခွင့်ပြုထား ကြောင်း ၄င်းကဆက်လက်ပြောဆို သည်။ အစိုးရက သက်ဆိုင်ရာပြည် နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ နယ်မြေအတွင်း မှတ်ပုံတင်သက် တမ်းတစ်လျှောက် အငှားယာဉ် အဖြစ်သာ အသုံးပြုရန်အတွက် ကုမ္ပဏီများက တင်သွင်းယာဉ် အား “နယ်မြေမပြောင်းရ၊ ကိုယ်ပိုင် ယာဉ်အဖြစ်ပြောင်းလဲခွင့်မပြု” ကန့် သတ်ချက် မှတ်ပုံတင်ခ ၅၀ ရာခိုင် နှုန်းလျှော့ချကောက်ခံမည် ဖြစ် ကြောင်း တရားဝင်ထုတ်ပြန်ထား သည်။ TAXI အဖြစ် အသုံးပြုမည့် ယာဉ်များကို အောက်ခံအနီရောင် တွင် အင်္ဂလိပ်စာလုံး၊ ဂဏန်းအားအဖြူရောင်ဖြင့် AA 1001 မှ ၉၉၉၉ အထိ သီးခြားသတ်မှတ်ပေးမည် ဖြစ်ပြီး AA ကုန်ဆုံးပါက BB, CC ဖြင့် ဆက်လက်သတ်မှတ်မည် ဖြစ် ကြောင်း ထုတ်ပြန်ချက်များအရ သိ ရှိရသည်။

မြန်မာ့ရေးရာ သတင်းပဒေသာ (၂-၈-၂၀၁၂ - ညပိုင်း)

မြန်မာ့ရေးရာ သတင်းပဒေသာ (၂-၈-၂၀၁၂ - ညပိုင်း) သတင်းများကိုအောက်ပါလင့်တွင့်သွားရောက်
ဖတ်ရှုနိုင်ပါသည်။


http://drlunswe.blogspot.com/2012/08/blog-post_8469.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FqgUvx+%28%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%9C%E1%80%BC%E1%80%8F%E1%80%B9%E1%80%B8%E1%80%B1%E1%80%86%E1%80%BC%29

မြိတ်- ကော့သောင်းလမ်းမှာ ဘာတွေ ဖြစ်နေလဲ ???


မြိတ်- ကော့သောင်း ကားလမ်းတလျှောက် လမ်းပိုင်းများပျက်စီးနေသည့် မြင်ကွင်များ 


မြန်မာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်နေပြီး လမ်းတံတားတွေ တည်ဆောက်ပြုပြင်နေကြတာကို ဆယ်စုနှစ် ၂ ခုလောက် စစ်အစိုးရ မင်းများက နေ့စဥင်္ နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြခဲ့တာ မှတ်မိနေကြမယ်ထင်ပါတယ်။

အခု လတ်တလောတော့ တနင်္သာရီတိုင်းက မြိတ်နဲ့ ကော့သောင်း ကားလမ်းအခြေအနေတွေ ကတော့ တော်တော် ပျက်စီး နေတာကြောင့် ခရီးသွားပြည်သူတွေ စိတ်သောက ရောက်နေကြတာ ဓာတ်ပုံတွေ မြင်တာနဲ့ သိရှိခံစားလို့ ရနိုင်မယ် ထင်ပါတယ်။


မြိတ်နဲ့ ကော့သောင်း ကားလမ်းက မိုင်ပေါင်း (၂၈၀) လောက် ရှိပြီး သွားလို့ မရအောင် ပျက်စီးနေတဲ့ လမ်းပိုင်းက မိုင်ပေါင်း ၃၀ လောက် ရှိပါတယ်။ ခရီးသည်တွေလည်း မလိုအပ်ဘဲ၊ အချိန်တွေကုန်၊ လူလည်း ပင်ပန်း ခရီးစရိတ် ကလည်း နဂို ခန့်မှန်းထားတာ ထက် ပိုကုန်နေတာပါ။



မလိုအပ်ဘဲ တော်တောင်လမ်းဘေးတဲလို နေရာမှာ ညအိပ် နားရတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အတော် စိတ်ပျက် စရာ ကောင်းတဲ့ လမ်းခရီးဖြစ်နေတာပါ။


၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက တနင်္သာရီတိုင်း ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်တွေက သူတို့ နိုင်ခဲ့ရင် ဒီလမ်းကြီးကို ကောင်း အောင် ပြုပြင်ပေးပါမယ်လို့ ကတိတွေ ပေးခဲ့ပါသေးတယ်တဲ့ ။ ကတိ တည်တယ် မတည်ဘူး ဆိုတာတော့ ဒီ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် အဖြေထွက်ပါတယ်။ ခရီးသွားပြည်သူတွေလည်း သူတို့ ကို စိတ်ပျက်ကုန်တာ သူတို့ မသိ ကြရော့လား။



ဒီ လမ်းကြီး မကောင်းရင်တော့ ခရီးသည်တွေလည်း စိတ်ပျက်စရာတွေ ဆက်ရင်ဆိုင်ရမှာဖြစ်သလို မကြာခင် စတင်တော့ မယ့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက်လည်း ဘာမှ ထူးလားမှာ မဟုတ်ဘူး လို့ ပြောနေကြပါတယ်။







http://blog.irrawaddy.org/2012/08/blog-post_5071.html

မြစ်ဆုံဒေသတွင် သစ်ခိုးထုတ်ယူခြင်း




ကျိန်ခရန်ကျေးရွာနှင့် တန်ဖဲကျေးရွာ ( မြစ်ဆုံဒေသ)တွင် သစ်ခိုးထုတ်ယူခြင်း

အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး- Myitung Naw Ja နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူး La Ram တို့ဦးဆောင်ပြီး အောင်းမြင်သာ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက် ပြုလုပ်ရန် အကြောင်းပြ လိမ် လည် ပြောဆိုပြီး မိမိ ကိုယ်ကျိုး အတွက် ရွာသားများကို မတိုင်ပင်ဘဲ ကျိန်ခရန်-မြစ်ဆုံဒေသမှ သစ်များကို ခိုးထုတ်နေကြတယ်လို့ ဒေသခံ တဦးက ဧရာဝတီ ကို စာရေးသားပေးပို့လာပါတယ်။

ထို သစ်ခိုးထုတ်ခြင်းကို ရွာသားများမည်သူမှ သဘောတူခြင်းမရှိပါ။ စာကြည့်တိုက်၏ တန်ဖိုးထက် သဘာဝပတ်ဝန်းကျင် ပျက်စီးသည့် တန်ဖိုးက ပိုများသည်။ ကျေးရွာတွင် အသုံးပြုရမည့် သစ်များလည်း ကုန်ဆုံးသွားမည်။

ထို့ကြောင့် ရွာသား များက အခုလို လုပ်ရပ်မျိုးကို ရပ်ဆိုင်းရန် ရွာသားအချို့က ကန့်ကွက်ကြသည်။ ကန့်ကွက်သော ရွာ သားများကို ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ လူကြီးနှင့်ဦးဆောင်သူများက ခြိမ်းခြောက်နေ သည်။

ထိုသစ်ခိုးထုတ်လုပ်ငန်းတွင် မြစ်ကြီးနားမြို့နယ်သစ်တောဦးစီးဌာနမှ အရာရှိများက လာရောက်ကြည့်ရှုကြ သည်။ သို့သော် သစ်ခိုးထုတ်သူများ၏ လာဘ်ငွေကို ယူပြီး အရေးယူဆောင်ရွက်ခြင်းမပြုလုပ်ဘဲ ပြန်သွား သည်ကို တွေ့ရှိရသည်။

အခုသစ်ခိုးထုတ်မှာ ဦးဆောာင်ပါဝင်နေသူများမှာ ရွာသားများကို ကူညီဟန်ဆောင်ပြီး CPI/ Asia world company မှ ထောက်ပံခြင်းကို အများဆုံးလက်ခံသူများလည်း ဖြစ်သည်။

နှစ်ဘက်ခွ၍ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေသူများဖြစ်သည်ဟု ရွာသားများက ပြောဆိုနေသည်။
ဦး La Ram ဟာ CPI company မှ တည်ဆောက်ပေးထားသော အောင်မြင်သာ စံပြကျေးတွင် အကောင်းဆုံး အိမ် ၅ လုံး ကိုစိတ်ကြိုက်ရွေးချယ်ပိုင်ဆိုင်သူဖြစ်ကြောင်း၊ မြစ်ကြီးနားမြို့ရပ်ကွက်များတွင် ဈေးအကောင်းဆုံး ရပ်ကွက်ဖြစ်သော တပ်ကုန်း ရွှေလမ်းမကြီးတွင် အိမ်ခြံ တစ်ခြံဝယ်ယူထားသူဖြစ်ပြီး ဗဟိုနေပြည်တော်မှာလည်း အိမ်ခြံတစ်ခြံ ၀ယ်ယူသူဖြစ် သည်။

အခုလိုသစ်ခိုထုတ်ခြင်းကြောင့် မြစ်ဆုံဒေသတွင် ဒေသခံလူထုများအပေါ်တွင် လူမှုရေးဆိုင်ရာ ဆိုးကျိုးများ စွာနှင့် သဘာဝ ပတ်ဝန်းကျင်လည်း ဆိုးဝါးစွာထိခိုင်လာနိုင်သည်။

မြစ်ဆုံဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းလည် အလွန်များလာသည်။ ဧရာဝတီမြစ်ကို ကာကွယ်စောင့် ရှောက်ရန် အဟန့်အတားလည်း ဖြစ်နေသည်။

U Byit Tang Gun၊ Labang Sam Awng နှင့် Lawaw Naw Mai ဆိုသူများမှာ ဒေသရဲ့ သစ် လောပန်း ( သစ်လုပ်ငန်း သူဌေးကြီးများ) ဖြစ်ကြသည်။

မြစ်ဆုံဒေသခံ တာဝန်သိသူ တဦး



http://blog.irrawaddy.org/2012/08/blog-post_2927.html

မြန်မာပြည် ရောက်ဖူးတဲ့ လူသား Barbie


valeria-lukyanova ၊ ဓာတ်ပုံ-www.tumblr.com

အခု မြင်ရတဲ့ ဘာဘီ အရုတ်ကလေးကို ချစ်စရာ ကောင်းတဲ့ ဆယ်ကျော်သက် ကောင်မလေးရဲ့ ဓာတ်ပုံတွေဟာ အင်တာ နက် စာမျက်နှာတွေမှာ ပျံ့နှံနေပြီး လူကြိုက်အလွန်များတဲ့ ဓာတ်ပုံတွေလည်းဖြစ်ပါတယ်။ သူ့နံ မည်လေးကလည်း ချစ်စရာ ကောင်းပါတယ်။



Valeria Lukyanova လို့ အမည်ရတဲ့ အဆိုတော် မော်ဒယ်မလေးရဲ့ ခါးကလည်း ၁၈ လက်မ နဲ့ ခါးသေး ရင်ချီ နဲ့ Barbie- doll ရုပ်ကလေးလို ကိုယ်ဟန်ကလည်း တကယ့် အရုတ်မလေးတခုလို သေးသွယ်လှပပြီး လူကြီး လူငယ်မရွေးကို ချစ်စ ဖွယ့် ဆွဲဆောင်နိုင်ပါတယ်။



သူက အသက်ကလည်း ၂၁ အရွယ်သာရှိသေးပြီး ယူကရိန်း အမျိုးသမီးလေးပါ။ ထူးခြားတာကတော့ ဒီမိန်းကလေးဟာ မြန်မာနိုင်ငံကို အလည်လာခဲ့ဖူးသူဖြစ်တာပါ။





မကြာသေးခင် မေလကုန် ဇွန်လအစောပိုင်းလောက်က ရန်ကုန်က ရွှေတိဂုံဘုရားကိုလည်း သူ ရောက်ခဲ့ပါသေး တယ်။ ပြီးတော့ ၁၁ ရာစု မြန်မာနိုင်ငံရှေးဟောင်းမြို့တော် ပုဂံကိုလည်း ရောက်ခဲ့ပြီး ချောင်းသား ကမ်းခြေလည်း အပန်းဖြေသွားခဲ့ ပါသေးတယ်။






အခု ဓာတ်ပုံတွေထဲမှာ မြန်မာနိုင်ငံက ရှု့ခင်းတွေ နောက်ခံထားရိုက်တဲ့ ပုံတွေကိုလည်း မြင်နိုင်ပါတယ်။ ဒီပုံတွေကတော့ အင်တာနက်မှာ လူကြိုက်များတဲ့ ဓာတ်ပုံတွေဖြစ်ကြောင်းပါ။






သူ့ပုံရိပ်များကို စုစည်းထားတာကိုလည်း You tube မှာလည်း မြင်တွေ့နိုင်ပါတယ်။ တချို့သတင်းတွေကလည်း သူဟာ ဘာဘီရုပ်ကလေးလို ဖြစ်အောင် ခွဲစိတ်ကုသထားတာလို့ ဆိုထားပါသေးတယ်။



http://blog.irrawaddy.org/2012/08/barbie.html

KIO လူဟု စွပ်စွဲဖမ်းဆီးခံရသည့် ကချင်ဒုက္ခသည် ပြန်လွတ်


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) နှင့် ဆက်နွယ်သူဟု ဆိုကာ မြစ်ကြီးနားခရိုင် ဒုစရိုက်နှိမ်နှင်းရေး(ဒန) အဖွဲ့က ဖမ်းဆီး တရားစွဲဆို ထားသည့် ကချင် စစ်ပြေးဒုက္ခသည် တဦးကို မြစ်ကြီးနားမြို့နယ်တရားရုံးက အပြစ်မရှိဟုဆိုကာ ပြန်လွှတ် ပေးလိုက်သည်။
အာဏာပိုင်များ၏ စွပ်စွဲဖမ်းဆီးမှုမှ လွတ်မြောက်လာခဲ့သော ဦးဘောမ်ဇုန်း (ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာသား ဦးဘောမ်ဇုန်း ကို KIO ၏ ဝန်ထမ်း၊ မြစ်ကြီးနား မြို့ပေါ်တွင် KIO အတွက် သတင်းယူရန် စေလွှတ်ထားသူ၊ လက်နက် သယ်ဆောင်ပေးနေသူဟူသော တရားလိုဘက်မှ စွဲဆိုထားခြင်းအား မှားယွင်းစွပ်စွဲသည်ဟုဆိုကာ တရားရုံးက ယမန်နေ့တွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“တရားလိုဘက်က စစ်ဆေးပြီးမှ စွဲချက်တင်သင့် မတင်သင့်ဆိုတဲ့ နေရာမှာ စစ်ဆေးချက်အရ မှားယွင်းစွပ်စွဲတယ်ဆိုပြီး တရားရုံး က အမိန့်ချပြီးလွှတ်ပေးလိုက်တာ”ဟု ဦးဘောမ်ဇုန်း၏ ရှေ့နေအဖြစ် ဆောင်ရွက်သူ ဦးဂျီမာခါး က ဧရာဝတီသို့ ပြောသည်။
ဦးဘောမ်ဇုန်းသည် ၂၀၁၁ ဇွန်လပိုင်းက တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ ဂါလလဲ နှစ်ခြင်း ဒုက္ခသည် ကယ် ဆယ်ရေး စခန်းတွင် ခိုလှူံနေခဲ့ရာ ကျန်းမာရေး ချို့ယွင်းလာသဖြင့် ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေထိုင်စဉ် ဇွန်လ ၇ ရက် နေ့က ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု ဆိုသည်။
၎င်းအား ကချင်ပြည် လွတ်မြောက်ရေးတပ်မတော်(KIA)က ၂၀၁၁ ခုနှစ် နိုဝင်္ဘာလထဲတွင် ပေါ်တာအဆွဲခံခဲ့ရပြီး လက်နက်များ သယ်ဆောင်ပေးခဲ့ရသည်ဟု ဦးဘောမ်ဇုန်း က ပြောဆိုသည်။ အာဏာပိုင် အဖွဲ့က ထိုအချက်ကို ထောက်၍ KIO နှင့် ဆက်နွယ် သည် ဟု ဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် စွပ်စွဲဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
“အခုဟာက ကျနော်က ပေါ်တာဆွဲခံရတာ၊ ကျနော့် ဆန္ဒနဲ့လုပ်တာမဟုတ်ဘူးဆိုတာ တရားရုံးကသိတော့ လွှတ်ပေးလိုက်တာပေါ့၊ ဒါပေမယ့် ကျနော့်ရဲ့ လွတ်လပ်ချိန်တွေ အချုပ်အနှောင်ခံခဲ့ရတယ်”ဟု ဦးဘောမ်ဇုန်း က ဧရာဝတီသို့ ပြောသည်။ ဖမ်းဆီးခံခဲ့ရစဉ် ညှဉ်းပန်းနှိပ်စက်ခြင်းများ မရှိသော်လည်း ရဲ များ၏ ခြိမ်းခြောက်ပြောဆိုမှုများ ခံခဲ့ရသည်ဟု ဆိုသည်။
အသက် ၅၀ အရွယ် ဦးဘောင်ဇုန်းသည် ယခုအခါ အမှုမှ ကင်းလွတ်ပြီး မိသားစုနှင့် အတူပြန်လည်နေထိုင်နေလျက် ရှိသည်။
မြစ်ကြီးနားခရိုင် ဒုစရိုက် နှိမ်နှင်းရေး တပ်ဖွဲ့က ဦးဘောမ်ဇုန်းကို ဖမ်းဆီးပြီး ၁၀ ရက်အကြာတွင် မြစ်ကြီးနားရှိ ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းက ဒုက္ခသည် ဦးဘရန်ရှောင်ကိုလည်း KIO နှင့်ဆက်နွယ်သူဟုဆိုကာ ဖောက်ခွဲမှုများဖြင့် အမည်တပ် ဖမ်းဆီးခဲ့ပြီး မြို့နယ်တရားရုံးတွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှ ဗိုလ်ကြီး ကျော်စွာလင်းက တရားစွဲဆိုထားသည်။
ဦးဘရန်ရှောင်၏ စတုတ္ထမြောက် ရုံးချိန်းကို ဇူလိုင်လ ၂၇ ရက်နေ့က ကြားနာခဲ့ပြီး ၎င်းနေထိုင်ခဲ့သောဒေသမှ ရပ်ကွက် အုပ်ချုပ် ရေး မှူးကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ရာတွင် ဦးဘရန်ရောင် KIO နှင့် ဆက်သွယ်မှု၊ ဖောက်ခွဲရေးအမှု စသည်များကို ကြားမြင် တွေ့ရှိခြင်း မရှိဟုထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။
ငါးကြိမ်မြောက် ရုံးချိန်းကို သြဂုတ်လ ၃ ရက်နေ့တွင် ကြားနာမည်ဖြစ်ပြီး တရားလိုဘက်မှ သက်သေ ၁၇ ဦးပြည့်သည်အထိ ထွက် ဆိုသွားမည် ဖြစ်ကြောင်းနှင့် နောက်ထပ်ထွက်ဆိုရန် ၁၀ ဦးခန့် ကျန်ရှိနေသေးသည်ဟု သိရသည်။
ဦးဘရန်ရှောင်ကို ဖမ်းဆီးပြီးနောက် စရဖ လက်သို့ လွှဲအပ်ရာတွင် KIO နှင့် ဆက်နွယ်မှုရှိကြောင်း ဝန်ခံစေရန် ပေါင်နှစ်ဘက်၌ ဓားဖြင့် ထိုးမွှေ ဒဏ်ရာများ အပါအဝင် ဦးခေါင်းနှင့် ခန္ဓာကိုယ် အနှံ့တွင် ပြင်းထန်သောဒဏ်ရာများ ရရှိထားကြောင်း ဇနီးဖြစ်သူ ဒေါ်ဇယ်ညွယ်နှင့် အခြားမျက်မြင်များက ပြောဆိုထားသည်။
ထို့နောက်ပိုင်းတွင် ဦးဘရန်ရှောင် စိတ်မူမမှန်သော အခြေအနေဖြစ်နေကြောင်း တရားရုံးချိန်းတွင် တွေ့မြင်ခဲ့ရသူများနှင့် ရှေ့နေ ဦးဂျီမာခါး တို့က ပြောသည်။
ဦးဘရန်ရှောင်၊ ဦးဘောမ်ဇုန်းတို့အပါအဝင် ကချင်ပြည်နယ်အတွင်း၌ KIO နှင့်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ကျော်ရှိကြောင်း မြစ်ကြီးနားမြို့နယ်ရှိ ရှေ့နေများ၏ မှတ်တမ်းများအရ သိရှိရသည်။
KIO နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ထိုသို့ စွပ်စွဲဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက်လည်း ထည့်သွင်းပြောဆိုသင့်ကြောင်း ကချင် ခရစ်ယာန် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များက ပြောသည်။


လွတ်လပ်သည့် တက္ကသိုလ်များ ပေါ်ထွက်လာတော့ မည်လော


ဒီမိုကရေစီ စနစ်နှင့်အညီ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပေါ်ထွန်းရေးအတွက် ခေတ်စနစ်နှင့် ကိုက်ညီမည့် ဥပဒေသစ် တရပ် ရေးဆွဲ ပြဌာန်းသွားမည်ဟု သိရသည်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက တင်သွင်းသော ၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းသည် ခေတ်စနစ်နှင့် အံဝင်ခွင်ကျမှု မရှိသဖြင့် ပယ်ဖျက်ပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါ်တင်နွယ်ဦး၊ သူရ ဦးအောင်ကိုတို့က တောင်းဆိုခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ကြောင်း ယမန်နေ့က ဆွေးနွေးတင်ပြရာ လွှတ်တော်က သဘောတူခဲ့သည်။
ပညာရေးမြှင့်တင်မှု ကော်မတီက တင်သွင်းထားသည့် ဥပဒေကြမ်းသည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ၏  တက္ကသိုလ် ဥပဒေကို အခြေခံ ရေးဆွဲထားသည့် အတွက် လွတ်လပ်သည့် ပညာရေး စနစ် ဖြစ်မလာနိုင်ကြောင်း၊ ပညာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ ဌာနများ၏ ချုပ်ကိုင်မှု ရှိသည်ဆိုကာ ကန့်ကွက်ခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောသည်။
“အသစ် ရေးဆွဲမယ့် ဥပဒေကြမ်းဟာ ၁၉၂၀ လောက်က ပြဌာန်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ဥပဒေ လိုမျိုး လွတ်လပ်တဲ့ ဥပဒေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာ ပညာရေး စနစ်နဲ့လည်း ကိုက်ညီအောင် ဆောင်ရွက်သွားကြမှာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီဝင် ဦးဘရှိန်က ဆိုသည်။
၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းအား နိုင်ငံတကာ အဆင့်မီ ပညာရေးစနစ် ဥပဒေ ဖြစ်ရေးအတွက် ပြင်ဆင် ရေးဆွဲရန် အချိန်ယူရဦးမည် ဖြစ်ကြောင်း၊ အသစ်ရေးဆွဲမည့် ဥပဒေကြမ်းသည် နိုင်ငံနှင့် နိုင်ငံသားများအတွက် အားကောင်းမည့် ပညာရေးစနစ် ပေါ်ထွန်းရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ပြောသည်။
“ပြင်ဆင်ရေးဆွဲမယ့် ဥပဒေကြမ်းမှာ တက္ကသိုလ် ကျောင်းသားတွေရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိဖို့အတွက် လိုအပ်တဲ့ အချက်တွေကို ကျနော် ပါဝင်ဆွေးနွေးမှာပါ။ နိုင်ငံတကာ ပညာရေး စနစ်ကို ထဲထဲဝင်ဝင် လေ့လာထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြင်ဆင် ဖြည့်စွက်ဖို့ အချက်တွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုဥပဒေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ၀န်းကျင် က ဆိုရှယ်လစ်စနစ် ဥပဒေကို မွမ်းမံထားခြင်းသာ ဖြစ်၍ ပြင်ဆင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး လွှတ်တော်ထဲရှိ ပညာရေး နယ်ပယ်မှ ပညာရှင်များ၊ စိတ်ပါဝင်စားသူများ ပူးပေါင်း၍ ခေတ်နှင့်လျော်ညီသည့် တက္ကသိုလ် ဥပဒေ ရေးဆွဲပြဌာန်း နိုင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရ ဦးရွှေမန်းက တိုက်တွန်း ဆွေးနွေးသွားကြောင်း ကိုယ်စားလှယ် များက ပြောသည်။
ပညာရေး မြှင့်တင်မှုကော်မတီက တင်သွင်းသည့် ဥပဒေသည် သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ထိန်းချုပ်မှု ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ယခင် ပညာရေး စနစ်သည် ကျော်ကြား ခဲ့ဖူးသော်လည်း လက်ရှိပညာရေး စနစ်မှာမူ အနိမ့်ဆုံး အဆင့်ရောက် ရှိနေကြောင်း၊ မြန်မာနိုင်ငံမှ ဘွဲ့ရများသည် ပြည်ပတွင် အလုပ်ကြမ်းနှင့် အိမ်အကူ အလုပ်တို့ကိုသာ ရရှိသည်ကို ကြားသိနေ ရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက ဆွေးနွေးထောက်ပြ ခဲ့သည်ဟု သိရသည်။
အသစ်ရေးဆွဲမည့် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်ရန် အဆောင်များပါ ပူးတွဲ တည်ဆောက်ပေးရန် အစိုးရကို တိုက်တွန်းထားသည့် အချက်များ ပါဝင်သည်။
မြန်မာနိုင်ငံတွင် ယခုအခါ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၇၀ ၀န်းကျင် ရှိပြီး အများစုမှာ မြို့နှင့်ဝေးလံသည့် ဒေသများ၌ တည်ဆောက်ထားခြင်း ဖြစ်ကာ ပညာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန စသည့်ဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ လက်အောက်တွင် ထားရှိသည်။
ကိုယ်စားလှယ်များ၏ ထောက်ပြဆွေးနွေးမှု အပေါ် ပညာရေး ၀န်ကြီး ဒေါက်တာမြအေးကလည်း ၂၀၁၂ ခုနှစ်တွင် ပုဂ္ဂိလိက ကျောင်းများ ဖွင့်လှစ်ရန် ဆောင်ရွက်နေပြီး ကိုယ်ပိုင် တက္ကသိုလ် ဥပဒေကြမ်းကိုလည်း ရှေ့နေချုပ်ရုံးသို့ တင်ထားပြီး ဖြစ်ကြောင်း၊ ထိုဥပဒေ ကြမ်းကို လွှတ်တော်သို့ ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း တုံ့ပြန် ဆွေးနွေးသွားသည်။
နှစ်ပေါင်း ၅၀ ကျော် ထိန်းချုပ်ခံထားရသည့် တက္ကသိုလ် ပညာရေး စနစ်မှနေ၍ လွတ်လပ်စွာ ပညာ သင်ကြားနိုင်ရေး ဥပဒေ သစ်များ ရေးဆွဲရန် အကောင်အထည် ဖော်ဆောင်နိုင်မှုအပေါ် လွှတ်တော် ကိုယ်စားလှယ်များက အောင်မြင်မှုတရပ်ဟု ပြောဆိုနေကြကြောင်း သိရသည်။
အသစ်ရေးဆွဲမည့် တက္ကသိုလ် ဥပဒေကြမ်း အဆိုသည် လာမည့် ပဉ္စမ အကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် တင်သွင်း ဆွေးနွေးနိုင်မည်ဟု ထင်ရကြောင်း၊ ထိုဥပဒေ အတည်ပြု ပြဌာန်းပြီးပါက တက္ကသိုလ်ကောင်စီ ကဲ့သို့ အဖွဲ့များလည်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ပြောသည်။


မိုး အားကောင်း၍ ရေကြီးရေလျှံ ကြုံနိုင်သေး


မြန်မာနိုင်ငံမြောက်ပိုင်း အပါအ၀င် အိန္ဒိယအရှေ့မြောက်၊ နီပေါ၊ တရုတ်နိုင်ငံ အနောက်ပိုင်းနှင့် အရှေ့ပိုင်း စသည့် ဒေသများ၌ မိုးအားကောင်းသည့်အတွက် မြန်မာနိုင်ငံ မြစ်ချောင်းများတွင် ရေကြီးရေလျှံ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင် က ဆိုသည်။
“ရာသီဥတု ဖောက်ပြန်တာတော့ မဟုတ်ဘူး၊ တကမ္ဘာလုံးမှာ မိုးအကောင်းဆုံးက အာရှတိုက်ဖြစ်နေတယ်၊ ဒီနှစ် ထူးခြားတာတော့ ရေကြီးတဲ့ဒေသတွေက လတ္တီကျူ အမြင့်ပိုင်းတွေမှာပဲ၊ ဒါကြောင့် မြန်မာပြည်မြောက်ပိုင်းကတော့ မိုးပိုရွာတာပေါ့”ဟု ၎င်းက ဆို သည်။
မိုးဦးကျဝင်ရောက်သည့် မုတ်သုန်လေဦးမှာ ကချင်ပြည်နယ်အတွင်း ရှိနေသည့်အတွက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် နေ့စဉ် မိုးရွာသွန်းမှုများ ရှိကြောင်း၊ ထိုကြောင့် ဧရာဝတီ၊ ချင်းတွင်း စသည့် မြစ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်ပြီး အနိမ့်ပိုင်း ကျသည့် ဒေသများနှင့် လယ်ယာများ ရေနစ်မြုပ်မှု ဖြစ်ပေါ်နိုင်ကြောင်း ဦးထွန်းလွင်က ရှင်းပြသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား၊ ကျိုင်းတုံ ဒေသများ၊ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ်များနှင့် နေပြည်တော်  ဒေသများ၌ ရေကြီးရေလျှံ ဖြစ်ပွားခဲ့သည်။
အစိုးရ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနကလည်း မြန်မာပြည်မြောက်ပိုင်းတွင် မိုးပိုမိုလာနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်၊  ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း မိုးရွာနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော် တို့တွင် မုတ်သုန်လေ အားကောင်းနေကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
စစ်တောင်း၊ သံလွင်နှင့် ရွှေကျင် မြစ်ရေတို့သည်လည်း ၄၈ နာရီ အတွင်း စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနိုင်၍ မြစ်ရေကြီးမှု ကြိုတင်သတိပေးချက်ကိုလည်း ထုတ်ပြန်ထားသည်။ သံလွင်မြစ်ရေကြောင့် ဘားအံမြို့ရှိ အမှတ် ၁၊ ၂၊ ၅ စသည့် အနိမ့်ပိုင်း ရပ်ကွက် များကို ကြိုတင်ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း အစိုးရ သတင်းစာက ဆိုသည်။
မုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍မူ ဒေါက်တာထွန်းလွင်က ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေ မရှိသေး ကြောင်း ပြောဆိုသည်။
“သြဂုတ်၊ စက်တင်ဘာကတော့ မုန်တိုင်းဖြစ်လည်း မြန်မာပြည်ကို မ၀င်ဘူး၊ အောက်တိုဘာကတော့ စိုးရိမ်ရတယ်”ဟု ၎င်းက ဆို သည်။
ယခင်နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းဝင်ရောက်ခဲ့သည့် မုန်တိုင်းကြောင့် ပခုက္ကူမြို့ ရှိ ရွှေချောင်းကြီး ရေလျှံကာ လူပေါင်း တရာကျော် သေဆုံး၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
စစ်အစိုးရလက်ထက်၌ ဆည်မြောင်းတာတမံများ အမြောက်အမြားဆောက်လုပ်ခဲ့ရာ မိုးဆက်တိုက် ရွာသွန်းလျှင် ၎င်း ဆည်များမှ ရေပိုရေလျှံများကို ဖောက်ထုတ်မှုကြောင့် လယ်ယာစိုက်ခင်းများ၊ လူနေအိမ်များ ရေနစ်မြုပ်မှု နှစ်စဉ်ဖြစ်ပွားခဲ့သည်၊ ထို့အတွက် မလိုအပ်သည့် ဆည်မြောင်းတာတမံများကို ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော် အရှေ့ဘက်ခြမ်းရှိ ပေါင်းလောင်းဆည်ရေ ဖောက်ချမှုကြောင့် ဇေယျာသီရီမြို့နယ်အတွင်းရှိ စည်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာနှင့် ချောင်းကမ်းကြီး ကျေးရွာတို့မှ အိမ်များ၊ အိမ်မွေး တိရစ္ဆာန်များ ရေနစ်မြုပ် ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၀၀၀ ကျော် ရေဘေး ကြုံကြရသည်။
ဆည်မြောင်းတာတမံများအကြောင်း လေ့လာနေသည့် EcoDev အဖွဲ့ အမှုဆောင် ဒါရိုက်တာ တဦးဖြစ်သူ ဦးဝင်းမျိုးသူက  မြန်မာ နိုင်ငံရှိ ဆည်အများစုမှာ လယ်ယာစိုက်ပျိုးရေးအတွက် တည်ဆောက်ထားသည်ဆိုသော်လည်း ရေပေးဝေနိုင်မှု အင်မတန် နည်းပါး ကြောင်း၊ ဒေသတွင်း အကျိုးမရှိသည့်အတွက် ထိန်းသိမ်းရေးတွင် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှု မရရှိသည့်အပြင် အစိုးရကလည်း ထိန်းသိမ်းမှု ကဏ္ဍတွင် ငွေကြေးသုံးစွဲမှုနည်းပါးကြောင်း ထောက်ပြပြောဆိုသည်။
“လယ်ရေမပေးနိုင်တဲ့ ဆည်တွေအများကြီး အကျိုးသက်ရောက်မှုနည်းတယ်၊ နည်းရခြင်းက ဆည်ပုံစံနဲ့ပတ်သက်ပြီး ဘယ်လောက် မှန်ကန်လဲ၊ လိုအပ်လို့ဆောက်တာလား မလိုအပ်ဘဲနဲ့ ဆောက်တာလားဆိုတာလည်း စဉ်းစားဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ရေဝေရေလဲဒေသများတွင် သစ်ခုတ်မှုများရှိနေခြင်းကြောင့် ပတ်ဝန်းကျင်ဒေသ ပျက်စီးပြုန်းတီးပြီး ဆည်ကိုထိခိုက်နိုင် ကြောင်း ကိုဝင်းမျိုးသူ က ဆက်ပြောသည်။
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ပဲခူးရိုးမ အခြေရှိ ငမိုးရိပ် ရေလှောင်တမံ ဆောက်လုပ်ရန် လမ်းပန်းဖောက်လုပ်ခြင်းမှ စတင်ကာ ဒေ သတွင်းသစ်တောများကို ခုတ်ထွင်ခဲ့ကြောင်း၊ ထိုအကျိုးဆက်အဖြစ် ယခုအခါ ငမိုးရိပ်ဆည်သည် နုန်း ထုတ်မှုပိုမိုများပြာလာ သည့်အတွက် ရေလှောင်နိုင်မှုပမဏာ လျော့ကျသွားကြောင်းလည်း ဦးဝင်းမျိုးသူ ထောက်ပြ ဝေဖန်သည်။


ကမ္ဘာ့ဘဏ် ထောက်ပံ့ကြေး ပြန်စပေး


မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို အားပေးသည့်အနေဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank Group) က မြန်မာနိုင်ငံတွင် ရုံးခန်းသစ်တခုကို ဖွင့်လှစ်ပြီး ထောက်ပံ့ငွေများ ပြန်လည်ပေးရန် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာထုတ်ပြန်သည်။
ဖွံ့ဖြိုး ရေး အစီအစဉ်များဖြစ်သော ကျောင်း၊ လမ်း၊ သောက်သုံး ရေနှင့် အခြား စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၈၅ သန်းကို ပေးရန် လျာထားကြောင်း ကမ္ဘာ့ဘဏ်၏ ကြေညာချက်ကဆိုသည်။ ထောက်ပံ့ငွေသည် နယ်စပ်ရှိ ပဋိပက္ခဖြစ်နေသော ဒေသရှိ စီမံကိန်းများမှသည် နိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးရေးအစီအစဉ်များထိ အထောက်အပံ့ဖြစ်မည်။
ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank Group ) ဆိုသည်မှာ ယေဘုယျအားဖြင့် ဆင်းရဲသည့်နိုင်ငံများကို ကြွေးမြီများ ချေး ငှားပေးနေသည့် နိုင်ငံတကာအဖွဲ့ ၅ ခုပေါင်းထားသည့် အဖွဲ့ဖြစ်သည်။ ယင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်တည်ဆောက်ရေး နိုင်ငံတကာ ဘဏ် – International Bank for Reconstruction and Development (IBRD)၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း- International Development Association (IDA)၊ နိုင်ငံတကာ ဘဏ္ဍာငွေကြေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့- International Finance Corporation (IFC)၊ နိုင်ငံစုံ ရင်းနှီးမြှုပ်နှံမှု အာမခံ အေဂျင်စီ- Multilateral Investment Guarantee Agency ( MIGA) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းပေးရေး နိုင်ငံတကာဌာန- International Centre for Settlement of Investment Disputes ( ICSID) တို့ ဖြစ်သည်။
ရုံးခန်းသစ်ဖွင့်လှစ်ရန် မြန်မာပြည်လာရောက်ခဲ့သော ကမ္ဘာ့ဘဏ်အဖွဲ့ ဒု-ဥက္ကဌ မစ္စ ပါမီလာကော့စ်က ထောက်ပံ့ကြေး ပြန်ပေးခြင်းနှင့် ပတ်သက်၍ “မြန်မာဟာ ဒေသတွင်းမှာ အဆင်းရဲ့ဆုံး နိုင်ငံတွေထဲမှာပါဝင်နေတယ်။ ပြည်သူတွေရဲ့ လိုအပ်မှုတွေက အရမ်းမြင့်မား တယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်ကလည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို ထောက်ပံ့အားပေးဖို့ တွဲဖက်လုပ်ကိုင် သူတွေနဲ့ အကောင်အထည်ဖော်နေပါတယ်။ ဒါမှလည်း ပြည်သူ့ဘ၀တွေ တိုးတက်လာမှာပါ။ အထူးသဖြင့်တော့ ဆင်းရဲချို့တဲ့နေတဲ့သူတွေပေါ့” ဟု ပြောသည်။
ကမ္ဘာ့ဘဏ်အဖွဲ့သည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တချို့နှင့်လည်း တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နှင့် ပြန်လည် ချိတ်ဆက်လုပ်ဆောင်နိုင်ရန် နည်းလမ်း ရှာဖွေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ခရီးစဉ်မှာ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်လာပြီးနောက် ကမ္ဘာ့ဘဏ် ထိပ်တန်းခေါင်းဆောင်များ၏ ပထမဆုံးလည်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်ကို  ပေးရန်ကျန်နေသော အကြွေး အမေရိကန် ဒေါ်လာ ၃၉၇ သန်း ချေးငွေ စာရင်းရှင်းရန်နှင့် အတိုးနှုန်းမဲ့ ချေးငွေ ပြန်ရရေး ရှေ့နှစ် ဇန်နဝါရီလတွင် ဆက်လက်ဆွေးနွေးမည်ဟု မစ္စ ပါမီလာကော့စ်က ရန်ကုန်ရုံးသစ်ဖွင့်ပွဲတွင် ပြောဆိုသည်။ “ဒီကိစ္စတွေကို ကျမတို့ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ပါမီလာကော့စ်က ပြောသည်။
မြန်မာက အာရှဖွံ့ဖြိုးရေးဘဏ်ကို ပေးရန် အကြွေး ဒေါ်လာ သန်း ၅၀၀ နီးပါးရှိသေးသည်။ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ရန်ကုန်တွင် ယခု ရုံးခန်း ဖွင့်ထားပြီဖြစ်သည်။
မြန်မာနိုင်ငံတွင်း ၀န်ထမ်းများကို ဦးဆောင်ရန်အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာအဖြစ် မစ္စတာ ကန်သန်ရှန်ကာကို ခန့်အပ်ခဲ့သည်။ ၄င်းသည် ဂါဇာ၊ အရှေ့တိမော၊ ကိုဆိုဗို စသည့် ပဋိပက္ခနှင့် ပဋိပက္ခလွန် ဒေသများတွင် လုပ်သက် ၁၅ နှစ်ကျော် ရှိသည်။
ထို့အပြင် မစ္စတာ ချားလ်စ်ရှနိုက်ဒါကိုလည်း IFC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံစသည့် အရှေ့တောင်အာရှဒေသတွင် ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ လုပ်သက် ၁၅ နှစ် လုပ်ငန်းအတွေ့ အကြုံ ရှိသည်။
မြန်မာနိုင်ငံသည် ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ဘဏ် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်လာခဲ့ပြီး ၁၉၈၇ ခုနှစ်ကတည်းက ဘဏ်က ချေးငွေအသစ် မပေးတော့ပေ။ မြန်မာအစိုးရက ကြွေးကျန် ရှိသော်လည်း အဖွဲ့ဝင် အဖြစ် ဆက်လက် ရှိနေဆဲဖြစ်သည်။


ရွှေမင်းသားဖောင်ဒေးရှင်း ဂျိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်လှူဒါန်း


ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူတွေအတွက် ဂျိုင်းထောက်နဲ့ ဘီးတပ် ကုလားထိုင်ကို ရွှေမင်းသား ဖောင်ဒေးရှင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကနေတဆင့် ဒီနေ့ လှူဒါန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့လက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင်တွေ ကချင်ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာပြီးတဲ့နောက် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကို သိခဲ့ရတဲ့အတွက် အလှူရှင် ရှာခဲ့တဲ့အခါမှာ ရွှေမင်းသား ဖောင်ဒေးရှင်းက အခုလို လှူဒါန်းလိုက်တာပါ။
ဂျိုင်းထောက် အခု ၃၀ နဲ့ ဘီးတပ်ကုလားထိုင် ၃ လုံးကို ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ အမှုဆောင်အဖွဲ့ဝင် အဆိုတော် ဂျေညီညီတို့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ လာရောက် လှူဒါန်းတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က လက်ခံရယူတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုပဏ္ဍိတ်ထွန်းက ပြောပါတယ်။ ဒီပစ္စည်းတွေကို ဒုက္ခသည်တွေဆီ အမြန်ဆုံး ရောက်အောင် ပေးပို့မယ်လို့လည်း သိရပါတယ်။


မြန်မာပြည်တွင် ဘာသာရေး ချုပ်ချယ်မှုများရှိဟု အမေရိကန်ပြော



အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ၂ နိုင်ငံ သံတမာန်ဆက်ဆံရေး နဂိုအတိုင်း ပြန်ကောင်းလာနေတုန်းမှာပဲ  မြန်မာနိုင်ငံမှာ ဘာသာရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေဆဲလို့ ထည့်သွင်းရေးသား ထားတဲ့ ၂၀၁၁ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုအစီရင်ခံစာ (International Religious Freedom Report for 2011 – IRFR) ကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာတခုအထိ အကောင်အထည်ဖော်ခဲ့ပေမယ့် ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားတဲ့အပိုင်းမှာရော ကာကွယ်တဲ့အပိုင်းမှာပါ တိုးတက်မှု မတွေ့ရဘူးလို့ မနေ့က ထုတ်ပြန်တဲ့ အဲ့ဒီအစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာဖို့နဲ့ နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို မြန်မာအစိုးရက ဆက်လက် ကန့်သတ် ချုပ်ချယ်ထားခဲ့တဲ့အပြင် မွတ်ဆလင်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း အနီးကပ် ဆက်လက် စောင့်ကြည့်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ လူနည်းစုတွေရဲ့ ယုံကြည်ကိုးကွယ်မှုအပေါ်မှာလည်း စည်းမျဉ်းတင်းကျပ်မှုတွေ ဆက်လက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်သစ် ဦးသန်းဆွေက သမ္မတ ဘားရက် အိုဘားမားကို အိမ်ဖြူတော်မှာ သူရဲ့ သံအမတ်ခန့်အပ်လွှာ ပေးအပ်ချိန်နဲ့ တချိန်တည်းလောက်မှာပဲ ထုတ်ပြန်ခဲ့တာပါ။
ဦးသန်းဆွေဟာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် ၈ နှစ်အတွင်း ပထမဆုံးအကြိမ် စတင် တာဝန်ထမ်းဆောင်ရသူဖြစ်ပါတယ်။ သူမတိုင်ခင် ၁၇ ယောက်မြောက် သံအမတ်အဖြစ်တာဝန်ယူသွားသူက ဦးလင်းမြိုင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်ကစလို့ မြန်မာအစိုးရက ဝါရှင်တန်ဒီစီမှာ သံအမတ်အစား စစ်သံမှူးပဲ ခန့်အပ်ခဲ့တာပါ။
အမေရိကန်လွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ နှစ်စဉ် ထုတ်ပြန်တဲ့ IRFR မှာ လတ်တလော ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအကြောင်းကိုလည်း ထည့်သွင်းရှင်းပြခဲ့ပါတယ်။
IRFR ရဲ့ မြန်မာပြည်ကဏ္ဍမှာဆိုရင် နိုင်ငံထဲမှာရှိတဲ့ မွတ်စလင်တွေကို ဘာသာရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိတဲ့အကြောင်း ထောက်ပြထားပါတယ်။ နိုင်ငံတဝှမ်းမှာရှိတဲ့ မွတ်စလင်တွေ၊ ပြီးတော့ တရုတ်နဲ့ အိန္ဒိယလူမျိုးတွေ ဟာ သူတို့မြို့တွေကနေ အပြင်ထွက်မယ်ဆိုရင် မြို့နယ်အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်ယူရလေ့ရှိတယ်လို့လည်း အစီရင်ခံစာထဲမှာ ရေးထားပါတယ်။
“ရခိုင်ပြည်နယ်မှာနေတဲ့ ရိုဟင်ဂျာနဲ့ တခြားမွတ်စလင်တွေ ဘာကိစ္စနဲ့ပဲဖြစ်ဖြစ် ခရီသွားမယ်ဆိုရင် အာဏာပိုင်တွေ က ခွင့်မပြုဘဲ ငြင်းလေ့ရှိတယ်၊ ဒါပေမယ့် တခါတလေမှာ လာဘ်ထိုးပြီး ခွင့်ပြုချက်ယူလို့ရတယ်။ တခြားဒေသတွေမှာ ရှိတဲ့ မွတ်စလင်တွေက ပိုလွတ်လွတ်လပ်လပ်နဲ့ ခရီးသွားလိုပေမယ့် ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ကြုံနေရဆဲပဲ။ ဥပမာ – ရန်ကုန်နေတဲ့က ရိုဟင်ဂျာတွေဆိုရင် ရခိုင်ပြည်ထဲကို အဝင်အထွက်လုပ်ဖို့ လဝကအရာရှိတွေဆီက ခွင့်ပြုချက် လိုတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။
“ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေ အထူးသဖြင့် လူနည်းစုဖြစ်တဲ့ ရို ဟင်ဂျာတွေဟာ ဥပဒေကြောင်းအရ၊ စီးပွားရေးအရ၊ ပညာရေးအရနဲ့ လူမှုရေးအရ အဆိုးဆုံး ခွဲခြားဆက်ဆံမှုတွေနဲ့ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်တယ်။ မွတ်စလင်တွေ ပြည်နယ်အပြင်မှာ ဆေးထွက်ကုဖို့ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ရအောင် ဗုဒ္ဓဘာသာဝင် ဆရာဝန်တွေက ထောက်ခံစာမရေးပေးဘူးဆိုတဲ့ အစီရင်ခံစာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ငြင်းဆန်ခဲ့တယ်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမှာ ပြဌာန်း ထားတဲ့အတိုင်း သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေက မြန်မာနိုင်ငံကို ဗြိတိသျှအုပ်ချုပ်တဲ့ ကာလအစမှာ နိုင်ငံထဲ ဝင်ရောက် အခြေချခဲ့တာမဟုတ်တဲ့အတွက် အခုလို ငြင်းဆန်တာဖြစ်တယ်လို့ ဒီအစီရင်ခံစာအရ သိရပါတယ်။
ရိုဟင်ဂျာတွေဟာ နိုင်ငံသားမဖြစ်တဲ့အတွက် အစိုးရကျောင်းတွေမှာ အလယ်တန်းနဲ့ အထက်တန်းအဆင့် ဆက်လက် သင်ယူခွင့်မရှိဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်မှာ အထက်တန်းအောင်တဲ့ မွတ်စလင်တွေ အနေနဲ့လည်း ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တက်ဖို့ ပြည်နယ်ပြင်ပကို ခရီးသွားခွင့်မရဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာဘာသာရေးလွတ်လပ်မှု အက်ဥပဒေအရ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စိုးရိမ်စရာနိုင်ငံတခု (Country of Particular Concern) အဖြစ် ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာပါ။
ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း အင်ဒိုနီးရှား နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ မွတ်စလင်အများစုနေထိုင်တဲ့ သူတို့နိုင်ငံထဲမှာလည်း ဒီကိစ္စအပေါ် စိုးရိမ်မှုတွေ တစ ထက်တစ ပိုမြင့်လာနေလို့ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
“ကျနော့်တို့ ရပ်တည်ချက်က ရှင်းပါတယ်။ ခွဲခြားဆက်ဆံမှုဆိုတာကို ဘယ်သူ့ကိုပဲလုပ်လုပ် ဘယ်နေမှာပဲလုပ်လုပ် ကျနော်တို့ ဆန့်ကျင်ပါတယ်။ ဒီလိုဆက်ဆံမှုမျိုးကို ကျနော်တို့သီးမခံနိုင်ပါဘူး၊ ဒါကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးဆီ ဦးတည်နေတာမို့ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျ ကိုယ်တွယ်ဆောင်ရွက်သွားဖို့ ကျနော် တို့ တိုက်တွန်းနေတာပါ” လို့ သူက ဆိုပါတယ်။
တချိန်တည်းမှာ ၅၇ နိုင်ငံပူးပေါင်းဖွဲ့စည်းထားသော အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Islamic Cooperation Organization)ကလည်း ရခိုင်အရေးမှာ  ဒုက္ခရောက်သူ ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အက်မီလဒ်ဒင် အီစန်နော့ဂ်လူးက မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ ရိုဟင်ဂျာများအပေါ် ပြုမူဆက်ဆံမှုတွေ ပိုကောင်းမွန်လာဖို့ မြန်မာအစိုးရကို တောင်းဆိုကြဖို့ ဆော်ဩထားပါတယ်။
အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနေနဲ့ လာမယ့်သောကြာနေ့ကျရင် မလေးရှားမြို့တော် ကွာလာလမ်ပူမှာ ရခိုင်ဒေသက ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို ကူညီဖို့ လမ်းစရှာဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကိစ္စ ဆွေးနွေးရကြမှာဖြစ်ပြီး ဩဂုတ် ၁၄၊ ၁၅ ရက်တွေမှာ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပမယ့် အဖွဲ့ထိပ်သီး အစည်းအဝေးမှာလည်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။


 သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော MJA ၏ သဘောထားကြေညာချက်မှ စာနယ်ဇင်းကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေးဖော်ပြထားသည့်အချက်ကို Eleven Media Group လက်မခံ


သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA) ဖြစ်မြောက်ရေး ကော်မတီ၏ သဘောထား ကြေညာချက်မှ စာနယ်ဇင်း ကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေး ဖော်ပြထားသည့် အချက်ကို Eleven Media Group က လက်မခံကြောင်း Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက The Voice Weekly ဂျာနယ်နှင့် Envoy News Journal တို့ အား သတ်မှတ်ထားသော စည်းကမ်းချက်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် ထုတ်ဝေခွင့် ယာယီရပ်နားစေခဲ့ခြင်းနှင့် ပတ်သက်၍ သဘောထားကြေညာချက် ၄/၂၀၁၂ ကို သြဂုတ်လ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ကြေညာချက်တွင် The Voice, Envoy နှင့် လျှပ်တစ်ပြက်ဂျာနယ်တို့ တွေ့ကြုံနေရသည့် ထုတ်ဝေခွင့် ရပ်ဆိုင်းခံရခြင်း၊ တရားရင်ဆိုင်ရခြင်းများအပေါ် သဘောထားများ၊ ယူဆချက်များ အပါအဝင် အချက် (၈) ချက်ပါဝင်ပြီး "ဤကဲ့သို့သော ကာလတွင် တစ်ဖက်နှင့်တစ်ဖက်နားလည်စွာဖြင့်ညှိုနှိုင်းဖြေရှင်းရင်း ခေတ်သစ်သို့ ညင်သာစွာ ရွေ့လျားကူးပြောင်းကြရမည်ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက ယုံကြည်ပါသည်။"ဟု တိုက်တွန်းထားသည်။ ထို့ပြင် ကြေညာချက် အမှတ်စဉ် (၈) တွင် "စာနယ်ဇင်းနှင့် သတင်းမီဒီယာများနှင့် အခြားအဖွဲ့အစည်း လူပုဂ္ဂိုလ်များအကြားတွင် ပေါ်ပေါက်လေ့ရှိတတ်သော နားလည်မှုလွဲခြင်းများ၊ မပြေလည်မှုများ၊ ပဋိပက္ခများကို ကြားဝင်ဖြေရှင်းပေးနိုင်မည့် လွတ်လပ်သော အဖွဲ့အစည်းကြီးတစ်ခု အမြန်ဆုံးပေါ်ပေါက်လာရေး၊ စစ်မှန်သော စတုတ္ထမဏ္ဍိုင်ဖြစ်စေရေး အာမခံချက်ပေးမည့် မီဒီယာဥပဒေတစ်ရပ် အမြန်ဆုံးပြဌာန်းနိုင်ရေးတို့ကို တာဝန်ရှိသူများက ဝိုင်းဝန်းအကောင်အထည်ဖော်ပေးကြပါရန် ကျွန်ုပ်တို့က တိုက်တွန်းပါသည်" ဟု ဖော်ပြပါရှိပါသည်။
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က "အခု ဂျာနယ်တွေပိတ်တာ၊ တရားတွေစွဲတာ 'လုံးဝ' မလုပ်သင့်တဲ့ကိစ္စပါ။ တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုနားလည်မှုနဲ့ဖြေရှင်းရမှာလဲ။ လုံးဝမလုပ်ရမှာ။ ၁၉၆၂ ဥပဒေနဲ့ပဲ ထုတ်တင်စနစ်လုပ်ရင် ဂျာနယ်တွေဘာပိတ်စရာလိုတော့လို့လဲ။ အစိုးရသတင်းစာတွေက ရှုံးနေတယ်။ အခွန်ထမ်းတွေရဲ့ ငွေတွေနဲ့ အရှုံးခံနေရတာ။ ပိတ်ပစ်ရမှာ။ ဒီမိုကရေစီအစိုးရကထုတ်ဝေတဲ့ အစိုးရသတင်းစာဆိုတာမကြားဖူးဘူး။ ပြန်ကြာရေးဝန်ကြီးဌာနဆိုတာလဲ ချုံ့ပစ်ရမှာ။ လျှော့ပစ်ရမှာ။ အခွန်ထမ်းတွေရဲ့ ငွေတွေကိုမသုံးသင့်ဘူး။ ဒီမိုကရေစီနိုင်ငံစစ်စစ်တွေမှာ ဝန်ကြီးဌာနအသွင်နဲ့တောင်မရှိဘူး။ အရင်အုပ်ချုပ်ရေးစနစ်ဟောင်းက ပုံစံတွေကို ပြောင်းပစ်သင့်တယ်။ ဆရာဦးစိန်ဝင်းပြောသလို ကိုယ့်လည်ပင်းစွပ်မယ့်ကြိုးကို ကျွန်တော်တို့ ဝင်မကျစ်နိုင်ပါဘူး။ ကျွန်တော်တို့ကို proxy အဖွဲ့တွေနဲ့ ထိန်းချုပ်မှာကို လုံးဝမလိုလားပါဘူး။ ဟိုနိုင်ငံဒီနိုင်ငံက တစ်စစီ ကိုယ်လိုရာဆွဲယူထားတဲ့ ဖြတ်ညှပ်ကပ် ဥပဒေကိုလည်း လက်မခံပါဘူး။ ဂျာနယ်တွေ မတရား ဖိနှိပ်ခံရတာကို အကြောင်းပြပြီး အခုလို မီဒီယာဥပဒေကို တက်သုတ်ရိုက်အတည်ပြုဖို့၊ စာနယ်ဇင်းကောင်စီကိုဖွဲ့ဖို့ လမ်းကြောင်းပေးဖော်ပြထားတာကို လုံးဝလက်မခံပါဘူး။" ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ်မြောက်ရေးကော်မတီသည် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သော အဖွဲ့ဖြစ်သည်။ နာယကအဖြစ် ဦးစိုးသိန်း(မောင်ဝံသ)၊ ဦးကိုကိုလှိုင် (သမ္မတအကြံပေး)၊ ဦးဝင်းငြိမ်း တို့ကဆောင်ရွက်ပြီး ဥက္ကဌအဖြစ် ဦးခင်မောင်လေး(ဖိုးသောကြာ - ခေတ်+မိုး) နှင့် အတွင်းရေးမှုးမှာ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့ ဖြစ်သည်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီ၏ ညီလာခံတစ်ရပ်ကို သြဂုတ်လ ၄ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။


မှော်ဘီမြို့နယ်တွင် တောင်ကျရေနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မှော်ဘီချောင်း ရေပြည့်လျံကာ ရပ်ကွက်အချို့ရှိနေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် တောင်ကျရေနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မှော်ဘီချောင်းရေပြည့်လျံခဲ့ပြီး ရပ်ကွက်အချို့ရှိ နေအိမ်အများစု ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ မှော်ဘီမြို့ နယ်အတွင်းရှိ မှော်ဘီချောင်းရေ ပြည့်လျံမှုကြောင့် အဆိုပါချောင်းအနီးရှိ ရပ်ကွက်အချို့ရှိ နေအိမ်များ ရေနစ်မြုပ်မှုဖြစ်စဉ်ကို ဇူလိုင်လ ၃၀ ရက်နေ့မှစတင်၍ ယခုအချိန်ထိ ဖြစ်ပွားနေကြောင်း သိရသည်။
ချောင်းရေလျံမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များအနက် အမှတ် (၄) ရပ်ကွက်မှာအဓိက သက်ရောက်မှုရှိခဲ့ပြီး အိမ်ခြေ ၄၀၀ နီးပါးရေနစ်မြုပ်လျက်ရှိကြောင်းသိ ရှိရသည်။
မှော်ဘီမြို့နယ် အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းဝင်းက ''ရေကြီးတာသုံး ရက်လောက်ရှိပြီ။ ဒီနေ့က အဆိုးဆုံးပဲ။အရင်နှစ်တွေကလည်းရေကြီးပေမယ့် ဒီနှစ်လောက်တော့မဆိုးပါဘူး။ ရပ်ကွက်က အနိမ့်ပိုင်းမှာ ရောက်နေတာရယ် မှော်ဘီချောင်း ကောနေတာ ကြောင့်ပါ အခုလိုမျိုးဖြစ်ရတာလို့ ထင်ပါတယ်။ ရေနစ်မြုပ်တဲ့ နေအိမ်တွေကို အစားအစာ၊ ရေသန့်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းတွေကို ရေကျတဲ့အချိန်အထိ အကူအညီပေးသွားမှာပါ''ဟု ပြောပြခဲ့ပါသည်။
မှောဘီမြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူးသန်းရှိန်က'' ရေနစ်သွားတဲ့အိမ်တွေက မိသားစုတွေအတွက် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်စောင့်ရှောက်ဖို့အတွက် ဘုန်းတော်ကြီးကျောင်းအချို့ကို ကြိုတင်ပြင်ဆင်ထားပါတယ်။ အခုလိုဖြစ်ရတဲ့ အဓိကအကြောင်းက ပဲခူးရိုးမဘက်က တောင်ကျချောင်းရေနဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မှော်ဘီချောင်းက ရေပြည့်လျံခဲ့ပြီး အခုလိုရေကြီးခဲ့တာပါ''ဟု သုံးသပ်ပြောကြားခဲ့ပါသည်။


ဟင်္သာတမြို့ ဦးပါရဲဘုရား ကမ်ပါးတစ်ဖက်နှင့် တစ်ဆက်တည်း ကမ်းပါးတစ်လျှောက် ပေ ၁၅၀ ခန့်အထိ ကမ်းပါးအောက်ပိုင်း နိမ့်ကျမှုများ ဖြစ်ပေါ်


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ကျက်သရေဆောင် ဦးပါရဲဘုရား ကမ်းပါးတစ်ဖက်နှင့် တစ်ဆက်တည်း ကမ်းပါးတစ် လျှောက် ပေ ၁၅၀ ခန့်အထိ ကမ်း ပါးအောက်ပိုင်းများ နိမ့်ကျမှုများ ရှိနေခြင်းကြောင့် ယခင်နှစ်ကဲ့သို့ ရေကျချိန်တွင် ဘုရားကမ်းပါးကို ထပ်မံထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရှိရသည်။
“၁၉၅၈ ခုနှစ်တုန်းက ဦးပါရဲ ဘုရားမှာ ကမ်းဆယ်တာတွေ ပြုလုပ်ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဆည်မြောင်းက ဘုရားဘေးကမ်း ဘက်ကကမ်းပါးကို တိုးချဲ့၊အောက်မှာနိုင်ငံခြားနည်းပညာနဲ့ ပိုက်ချတာတွေကိုပြုလုပ်ခဲ့ပါတယ်၊ ဘုရားရဲ့အောက်မှာက အရင်ကတည်းက စမ်းရှိနေတဲ့အတွက် ရေတက်တော့ ဖို့ထားတဲ့မြေတွေက မသိသာပေ မယ့် ရေကျတဲ့အချိန်မှာတော့ ၂၀၁၁ ခုနှစ်မှာ မြေနိမ့်ပြီး ပြိုကျ သွားတာ ၄ ပေ ၄ လက်မရှိပြီး အကျယ်က ပေ၁၇၀ ၀န်းကျင်ရှိပါ တယ်။အခု ၂၀၁၂ ခုနှစ်မှာ အရင် နှစ်နဲ့ကွာခြားတာက ရင်ပြင်တော် ရဲ့ ကမ်းဘက်အခြမ်းမှာ အရင်နှစ် ကထက် ကြွေပြားတွေ အက်တာ တွေ၊ မြေသားမငြိမ်တာကြောင့် နိမ့်လာတာတွေတွေ့ရပါတယ်။ ဘုရားရဲ့ကမ်းနဲ့ တစ်ဆက်တည်းမှာရှိတဲ့ လမ်းမတော်ဘက် ကမ်းတစ်လျှောက် ပေ၁၅၀ခန့်အထိ ကမ်းပါးအောက်ပိုင်း တွေနိမ့်ကျလာတာတွေ တွေ့လာရ တဲ့အတွက် ဒီနှစ်ရေကျချိန်မှာ ထိခိုက်လာမှာကို စိုးရိမ်မိပါတယ်”ဟု ဦးပါရဲ ဘုရားနှင့် နီးစပ်သည့်ဒေသခံတို့က ပြောပါသည်။
“၂၀၁၁ခုနှစ် ကမ်းပြိုပြီးတဲ့ နောက်ပိုင်းမှာဆည်မြောင်းက ဘုရား ကမ်းပါးနဲ့ ပတ်သက်ပြီး ဆက်လက် ထိန်းသိမ်းတာတွေကို ပြုလုပ်ခဲ့ပါ တယ်။ ၂၀၁၂ခုနှစ်မေလပိုင်းမှာစပြီး ရေတက်ချိန်မှာ ပါလာတဲ့ နုန်းတွေ ကိုဖမ်းနိုင်ဖို့ ဘုရားရဲ့အထက်ဘက် မှာ နုန်းဖမ်းတန်းတွေ၊ ရေစီးကြောင်း က ဘုရားကိုမတိုက်အောင် ရေလွှဲတန်းတွေကို ပြုလုပ်ထားပါတယ်။ မြစ်အောက်ဘက်မြို့သူကြီးဘုရား နားမှာလည်းချောင်းကို ကန့်လန့်ပိတ် ပြီး မျောတိုင်ရိုက်၊ ကျောက်ကြီးတွေ ချပြီး နုန်းဖမ်းတန်းတွေ ပြုလုပ်ထား ပါတယ်။ ဘုရားရဲ့ အရင်နှစ် ကမ်းပြိုတဲ့ကမ်းဘက်မှာလည်း ၀ါးနဲ့မှန်ကူကွက်နုန်းဖမ်းတန်း ပုံစံပြုလုပ်ထားပြီးမြစ်ရဲ့အထက်နဲ့အောက်မြစ်ကြမ်း ပြင်ကနုန်းဖမ်းတန်းတွေကို ကျော်လာတဲ့ နုန်းတွေကို ထပ်ဖမ်းနိုင်ဖို့ ပြုလုပ်ထားပါတယ်။ ရေကျချိန်မှာ အရင်နှစ်ကလို ကမ်းပြိုမှုထပ်မဖြစ်အောင် ကာကွယ်ထားပါတယ်၊ ဦးပါရဲဘုရား ကမ်းဆယ်မှုအတွက် ကြိုတင်ပြင်ဆင်ထားမှုတွေကို ပြုလုပ်ထားပြီးသားပါ”ဟု ဦးပါရဲဘုရား ကမ်းဆယ်မှုမှ ဆည်မြောင်းတာဝန်ခံ ဦးခင်မောင်အေးက ပြောကြားသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို တစ်ဆိုင်နှင့်တစ်ဆိုင် အနည်းဆုံး တစ်မိုင်ခြား၍ ခွင့်ပြုမည်


မန္တလေးတိုင်း ဒေသကြီးအတွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ကို တစ်ဆိုင်နှင့်တစ်ဆိုင် အနည်းဆုံး တစ်မိုင်ခြား၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရစက်မှုလက်မှုနှင့် လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီး ပြောကြားချက်အရ သိရှိရသည်။
“အရင်တုန်းကချပေးခဲ့တဲ့ ဆိုင်တွေဟာ တစ်ဆိုင်နဲ့တစ်ဆိုင် နီးနီး ကပ်ကပ်ကလေးတွေ။ နောက်ပြီး လမ်းပေါ်မှာပဲ ကားတွေရပ်ပြီး ဆီထည့်တဲ့အခါကျတော့ နောက်ကားတွေက ၀င်တိုက်လို့ရှိရင် မီးလောင်မှုတွေဖြစ်နိုင်တယ်။ စက်သုံးဆီဆိုင်တွေ တစ်ဆိုင်နဲ့တစ်ဆိုင်ကပ်နေတဲ့ အတွက်ဖောက်သည်လုတဲ့ ပြဿနာ လည်းဖြစ်လာတယ်။ဒီပြဿနာတွေ မဖြစ်အောင် တစ်ဆိုင်နဲ့တစ်ဆိုင်ကို အနည်းဆုံး တစ်မိုင်လောက်ခြားပြီးမှ ခွင့်ပြုမယ်ဆိုတဲ့မူကို ချမှတ်ထားပါ တယ်” ဟု  မန္တလေးတိုင်းဒေသကြီး အစိုးရစက်မှုလက်မှုနှင့် လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ မြင့်ကြူက ပြောကြားသည်။
ပုဂ္ဂလိက စက်သုံးဆီဆိုင်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားပါက ဆိုင်နေရာသည်ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားကွင်း၊ ဘိုးဘွားရိပ်သာစသည့် အများပြည်သူ နေရာများနှင့် နီးကပ်မှုမရှိကြောင်း၊ မြို့နယ်နှင့်ခရိုင် ထောက်ခံစာ၊ လမ်း ပေါ်တွင် ကားရပ်ကာ ဆီမဖြည့်ရအောင် လမ်းနယ်နိမိတ်နှင့် ကင်းရှင်းကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနထောက် ခံစာ၊ စည်ပင်သာယာ နယ်နိမိတ်ပြင်ပဖြစ်ပါက ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အင်ဂျင်နီယာဌာနထောက်ခံစာ၊ ဆီသိုလှောင်ကန်များကို မည်ကဲ့သို့ ထားရှိသည်ဆိုသည့် Layout Plan ၊ တိုင်းမီးသတ်ဦးစီးဌာန၏ မီးဘေးအန္တရာယ် ကင်းရှင်းကြောင်း အသေးစိတ်စစ်ဆေးချက်၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် လွတ်ကင်းကြောင်း မြန်မာ့လျှပ်စစ် ဓာတ်အားပေးရေး လုပ်ငန်း၏ ထောက်ခံစာ၊ မြေပိုင်ဆိုင်မှုထောက်ခံစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူတို့ပါ ရှိရမည်ဖြစ်ကြောင်း၊ ပြည့်စုံပါက တိုင်းဒေသကြီးအစိုးရမှ ဖွင့်လှစ်မည့်နေရာသည် မီးဘေးအန္တရာယ် ကင်းရှင်းပြီးကန့်ကွက်ရန်မရှိ ထောက်ခံပေးကြောင်း သိရသည်။
ပုဂ္ဂလိကစက်သုံးဆီဆိုင်များ ၏ ဘေးကင်းလုံခြုံမှုအကွာအဝေးမှာ အရေးကြီးသော ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းနှင့် အဆောက်အဦများ နှင့် အနည်းဆုံး ၅၀ မီတာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံစသည့် အများပြည်သူနေရာများနှင့် အနည်း ဆုံး ၃၀မီတာ၊ ဖိအားများသည့်နေရာ များနှင့်၂၀မီတာ၊ လူနေအိမ်၊ အဆောက် အအုံများနှင့် အနည်းဆုံး၂၀မီတာ၊ဗို့ အားပြင်း လျှပ်စစ်ဓာတ်အားကြိုး လိုင်းများနှင့် မြေပြင်ညီ အကွာအဝေး အနည်းဆုံး ငါးမီတာရှိရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနဦးစီးမှူး ဦးကြည်တိုးက ပြောသည်။


အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က



လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြရတာပါ။ အဓိပ္ပါယ် ရှိတဲ့ မျှော်လင့်ချက်တွေနဲ့ပဲ နေပျော်တဲ့ဘ၀ကို ဖန်တီးကြရတာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ မျှော်လင့်ချက်တွေ အမျိုးမျိုးရှိနိုင်ပါတယ်။ အဲဒီလိုအမျိုးမျိုးသော မျှော်လင့်ချက်တွေထဲကမှ အချစ်ကိုမျှော် လင့်နေတဲ့ လူတစ်ယောက်ရဲ့အကြောင်း ကို ရေးစပ်သီကုံးထားတဲ့ တေးတစ်ပုဒ်ရှိပါတယ်။ အဲဒီသီချင်းကတော ‘ချစ်သူလမ်းကြား’ တဲ့။
‘ချစ်သူလမ်းကြား’ ဆိုတဲ့ သီချင်းလေးကို တေးရေးစိုင်းခမ်းလိတ် က ၁၉၆၉၊၁၉၇၀ ၀န်းကျင်မှာ ရေးစပ်ခဲ့တာဖြစ်ပြီး တောင်ကြီးမြို့မှာ တကယ်ရှိခဲ့တဲ့ ချစ်သူလမ်းကြားဆိုတဲ့ လမ်းကလေးကို အခြေတည်ပြီး ဒီသီချင်းလေး ဖြစ်ပေါ်လာခဲ့တာလို့ သိရပါတယ်။
‘ချစ်သူလမ်းကြား’ သီချင်း ဖြစ်ပေါ်လာပုံကို တေးရေးဆရာ စိုင်းခမ်းလိတ်ကို မေးမြန်းကြည့်တဲ့ အခါမှာ  “ ဒီသီချင်းစတင်ဖြစ်ပေါ်ပုံ ကတော့ ကျွန်တော်တို့တောင်ကြီး မှာ ချစ်သူလမ်းကြားဆိုတာရှိတယ်။ ကျွန်တော်အဲဒီလမ်းကိုရောက်တော့ စိတ်ကူးပြီး ရေးထားတာပါ။ ကျွန်တော်ရောက်တဲ့ အချိန်တုန်းက မိုးရာသီပေါ့။ လမ်းလည်းလျှောက်လို့ မကောင်းဘူးပေါ့။ ဒါပေမယ့် လျှောက်လို့ကောင်းမယ့် နွေရာသီ၊ ဆောင်းရာသီကို စိတ်ကူးလိုက်ပြီး ရေးထားတာပါ။ ဒီလမ်းလေးမှာ ချစ်သူကို လိုက်ရှာနေတဲ့ လူတစ်ယောက်အကြောင်းပေါ့လေ။ တကယ့်တကယ် တွေ့တော့လည်း ကိုယ့်မျက်စိရှေ့က လူဖြစ်နေတယ်ပေါ့။  အဲဒီလိုလေး ရေးဖွဲ့ခဲ့တာပါ” လို့ပြောပြခဲ့ပါတယ်။
ဒီသီချင်းရဲ့မူရင်းတေးသံရှင် ကတော့ စိုင်းထီးဆိုင်ဖြစ်ပြီး ပရိသတ် ကြိုက်နှစ်သက်တဲ့ တေးတစ်ပုဒ် ဖြစ်ခဲ့သလို ဆရာစိုင်းခမ်းလိတ်ရဲ့ ‘သီချင်းတွေပွင့်တဲ့ ချယ်ရီမြေဖောင်ဒေးရှင်း’ အတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ ‘သီချင်းတွေပွင့်တဲ့ချယ်ရီမြေ’ တေးစီးရီးမှာ တေးဆိုအိမ့်ချစ်က ပြန်လည် သီဆိုထားပါတယ်။
“ သီချင်းတွေ ပွင့်တဲ့ချယ်ရီမြေ အတွက် သီချင်းဆိုရမယ်လို့ သိတော့ ဦးလိတ်ရဲ့ သီချင်းတွေထဲမှာ ဆိုချင်တဲ့ သီချင်းတွေကတော့ အများကြီးပါပဲ။ ရွေးရတဲ့အခါမှာတော့ ‘ချစ်သူ လမ်းကြား’ သီချင်းနဲ့ ‘လေညာအရပ် က အချစ်’ နှစ်ပုဒ်ကို ရွေးခဲ့ပါတယ်။  ‘ချစ်သူ လမ်းကြား’ ကိုကြိုက်တာက အဲဒီသီချင်းရဲ့ပုံစံက ချစ်ဖို့ကောင်းတယ်။ မျှော်လင့်တကြီးနဲ့ဆိုတဲ့ အကြောင်းအရာ ပိုင်းလေးကိုလည်း ကြိုက် တယ်။ ဒါကြောင့်ဆိုဖြစ်ခဲ့တာပါ” လို့ အိမ့်ချစ်က ပြောပြခဲ့ပါတယ်။
“သီချင်းဆိုတဲ့အခါ အခက်အခဲတွေကတော့ ရှိခဲ့ပါတယ်။ ဒီသီချင်း ကို မူရင်းဆိုခဲ့တဲ့ ဦးထီးရဲ့အသံက နဂိုကတည်းက ကရုဏာသံပေါက်တယ်။ အဲဒီအခါကျတော့ ဦးထီးရဲ့ပုံစံ လည်း မပျောက်စေချင်ဘူး။ အရမ်းကြီးပြောင်းဆိုဖို့ ကျတော့လည်း ဒီသီချင်းကိုပရိသတ်က အရမ်းရင်းနှီး ထားတဲ့အခါကျတော့ လက်ခံဖို့ခက်မှာကြောက်တယ်။ သီချင်းကို ခဏ ခဏနားထောင်တယ်။ အဲဒီအတွက် အရမ်းချိန်ပြီး၊ ကြိုးစားပြီး ဆိုခဲ့ရပါတယ်။ အမှတ်တရအနေနဲ့ကတော့ အဲဒီသီချင်းကို ရှိုးဆိုမယ့်နေ့မတိုင် ခင်တစ်ရက်မှာ ဗီစီဒီတစ်ခုရိုက်တော့ တစ်နေကုန် ပန်ကာလေမှုတ်ပြီး အသံဝင်သွားတာ။ ကံကောင်းတော့ ရှိုးဆိုမယ့် ညနေရောက်မှ အသံပြန်ထွက်လာတယ်။ အဲဒါတော့ အမှတ်တရ ပါပဲ”လို့ အိမ့်ချစ်က ပြောပြခဲ့ပါတယ်။
ဒီ’ချစ်သူလမ်းကြား’ သီချင်းထဲကတဆင့် တေးရေးဆရာက ပရိသတ်ကိုပေးချင်တဲ့ message တစ်ခု ရှိပါတယ်။ အချစ်ဆိုတာ တချို့လူတွေအတွက်ကျတော့ ရှာရတာ အရမ်းလွယ်ပေမယ့် အချစ်ဟာ အချစ် ငတ်နေတဲ့လူတချို့အတွက် သိပ်ခက်တဲ့အဖြစ်တွေ ရှိပါတယ်။ ဒါပေမယ့် အချစ်ဆိုတာ ရှာလို့တွေ့နိုင်ပါတယ်။ ကံကောင်းလာတဲ့အခါ ရွှေထုပ် ကောက်ရသလိုမျိုး တစ်နေ့မှာတော့ အချစ်ကို ကောက်ရနိုင်ကောင်းပါ တယ်ဆိုတဲ့ အချက်ကို ဆရာစိုင်းခမ်းလိတ်က ‘ချစ်သူလမ်းကြား’ သီချင်း ထဲမှာ ထည့်သွင်းရေးဖွဲ့ခဲ့တယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ အောင်မြင်တဲ့ တေးသီချင်းနောက်ကွယ် ကဏ္ဍကို အဆုံးသတ်လိုက်ပါတယ်။

 Asian Film Commission Network မှ နိုင်ငံတကာ ရုပ်ရှင်အကြံပေးတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာအနုပညာရှင် အတတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး



e7432
Asian Film Commission Network (AFCNet)  တွင် နိုင်ငံတကာ ရုပ်ရှင်အကြံပေး ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်နေသူ Mr. William (Bill) Bowling သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇူလိုင် လ ၂၅ ရက်နေ့နှင့် ဇူလိုင်လ၂၇ရက် နေ့များတွင် မြန်မာအနုပညာရှင်၊ အတတ်ပညာရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။
Mr. William (Bill) Bowling သည် ၀ါနာဘရားသားစ်ရုပ်ရှင် ကုမ္ပဏီ၌လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်ကာ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ သြစ တြေးလျ၊ ဆွီဒင်၊ ကော်စတာရီကာ၊ မက္ကဆီကို၊ ချီလီ၊ စပိန်၊ ဂျော်ဒန်၊ အဘူဒါဘီ စသည့်နိုင်ငံများတွင် ရုပ်ရှင်နည်းပညာဆိုင်ရာ အကြံပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရပါသည်။ ၎င်းသည် ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ မြန်မာအနုပညာ အတတ်ပညာရှင်များနှင့် တွေ့ဆုံခဲ့ကာ ရုပ်ရှင်ဆိုင်ရာ အမြင်များ ကို ဖလှယ်ခဲ့ကာ အနာဂတ်မြန်မာ့ ရုပ်ရှင်အခြေအနေများနှင့် ပတ်သက် ၍လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် အနုပညာပညာ အများအပြား တက်ရောက်ခဲ့သည်။
ထို့နောက် ဇူလိုင်လ ၂၇ ရက် နေ့တွင် ဗိုလ်အောင်ကျော်လမ်းရှိ Home ၌ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု ပြုလုပ်ပြီး မြန်မာအနုပညာရှင်များ နှင့်တွေ့ဆုံခဲ့ပါသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲသို့ ကဗျာဆရာ မောင်စိမ်းနီ၊ ချစ်ဦးညို၊ ဦးဇာဂနာ၊ ဦးဇော်သက်ထွေး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာ ကြည်ဖြူသျှင် အစရှိသူတို့ တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ Mr. William (Bill) Bowling က ဗိုလ်ချုပ်အောင်ဆန်းအထ္တုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားအတွက် အကူအညီများ ပေးလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
Mr. William (Bill) Bowling သည် Association of Film Commission International တွင် အကြံပေးအဖွဲ့ဝင်အဖြစ် အဖြစ်ဆောင်ရွက်လျက်ရှိသူ တစ်ဦးဖြစ်ပါသည်။


http://www.weeklyeleven.com/index.php?option=com_content&view=article&id=14790:asian-film-commission-network--------&catid=61:local&Itemid=133

ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်းခန့် ဖူးမြော်


ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ သက္ကရဇ် ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့တွင်
ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်း ဝန်းကျင် တက်ရောက် ဖူးမျှော်ကြည်ညိုခဲ့ကြရာ ပုံမှန်ထက် ၁ဝ ဆ နီးပါး တက်ရောက်မှု ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

“ပုံမှန်ဆိုရင်တော့ ရွှေတိဂုံစေတီတော်ကို တရက်ကို ဘုရားဖူး နှစ်သောင်းခွဲကနေ သုံးသောင်းကျော်အထိ လာဖူးတာ ရှိပါတယ်၊ အခု ဒီနေ့ ဝါဆိုလပြည့်နေ့မှာ ဘုရားဖူး သုံးသိန်း ဝန်းကျင်လာဖူးပါတယ်။ ပုံမှန်ထက် ၁ဝ များတယ်လို့
ပြောရမှာပေါ့” ဟု ဂေါပက ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များလည်း ယခုနှစ် ပိုမိုလာရောက်ကြသည်ဟု ဆိုသည်။

ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်း ၀န်းကျင် တက်ရောက် ဖူးမျှော်ကြည်ညို (ဓါတ်ပုံ မဇ္ဈိမ)

ဓမ္မစကြာ အခါတော်နေ့ နံနက် ၅ နာရီ၌ ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ နံနက် ၆ နာရီ ၃ဝ မိနစ်တွင် ဘာသာရေး အသင်းအဖွဲ့များက ရွှေကြာသင်္ကန်း ကပ်လှူပွဲ၊ အခမ်းအနား အဆောင်အယောင်များဖြင့် ဘုရားတပတ် လှည့်လည် ပူဇော်ခဲ့ကြသည်။

ထို့နောက် အရှေ့ဘက်မုခ်ရှိ ကကုဿန် မြတ်စွာဘုရား၊ တောင်ဘက်မုခ်ရှိ ကောဏဂုံ မြတ်စွာဘုရား၊ အနောက်ဘက် မုခ်ရှိ ကဿပ မြတ်စွာဘုရား၊ မြောက်ဘက်မုခ်ရှိ ဂေါတမ မြတ်စွာဘုရား၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ဘုရား တို့အား ရွှေသင်္ကန်း ကပ်လှူ ပူဇော်မှု ပြုလုပ်ကြသည်။

“ဘာသာရေး အသင်းအဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း စတုဒီသာ လှူဒါန်းတာတို့၊ သောက်ရေသန့် ဗူးတွေ လှူဒါန်းတာတို့၊ အဖွဲ့လိုက် ဓမ္မစကြာ ရွတ်ဆိုတာတို့တွေ လာလုပ်ကြတယ်” ဟု ဦးဝင်းကြိုင် က ပြောသည်။

ထို့အပြင် နေ့လည် ၁ နာရီတွင် ရွှေတိဂုံစေတီတော် သြဝါဒ ဆရာတော်မှ ဘုရားဖူးများအား ဓမ္မစကြာတရား ဟောကြား
ပေးသည့်အပြင် ရှေးဟောင်း ရုပ်ပွားတော် တန်ဆောင်း၌ ဂေါပကအဖွဲ့မှ ကြီးမှူးကာ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားနှင့် ဟောပြောပွဲတရပ် ကျင်းပပေးသည်။

By Mizzima