Sunday 23 September 2012

မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်မည်


နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရန် အကောင်းဆုံး နည်းလမ်းမှာ မိမိကိုယ်ကိုယ် ကာကွယ် စောင့်ရှောက် ခြင်းဖြစ်သည်။

ဖြစ်ရပ် ၁

ရန်ကုန်မြို့ တိုက်ခန်းတစ်ခု၏ အရေးပေါ် လှေကားတွင် မတ်တတ် ရပ်ကာ ဖုန်းပြောသော အမျိုးသမီးငယ် တစ်ဦး အရေးပေါ်လှေကား ပြုတ်ကျသည့် အတွက် သေဆုံးသွားသည့် ဖြစ်ရပ်မှာ ကြားရသူ၊ မြင်ရ သူအပေါင်း သွေးပျက်စရာ။
အရေးပေါ် လှေကားထက်တွင် စကားပြော မိရာ အရေးပေါ်သို့ပင် မရောက်လိုက်ဘဲ သေဆုံးရသည်။ အကယ်၍ မီးလောင်၊ အရေးပေါ်ကာ ထိုလှေကားကို လူအများအပြား သုံးစွဲပါက မီးလောင်ပြီး မသေဘဲ ထိုလှေကားကြောင့် မည်မျှ အသက်ဆုံးကြမည် နည်း။ လှေကားမသုံးဘဲရော ဒီအတိုင်း အသေခံကြမည်လား။ တိုက် ဆောက်ပြီးသည်မှာ ခုနစ်နှစ်သာ ရှိသေးသည်ဟု သတင်းဂျာနယ်များ က ရေးသားကြသည်။ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ထိုသို့သော တိုက်မျိုး၊ လှေကားမျိုးများ မည်မျှလောက် ရှိနေမှန်း မသိ။ ထိုတိုက်မျိုး များတွင်နေထိုင်သောလူဦးရေရော မည်မျှရှိသနည်း။ ထပ်တွေးစရာ များ ရှိသေးသည်။ မြင်သာထင်သာသော အရေးပေါ် လှေကားတို့၏ အခြေအနေပင် ထိုမျှလောက်ဖြစ်နေလျှင် မမြင်သာသော မြေကြီးတွင်းရှိ အုတ်မြစ်၊ သံချောင်း အရေအတွက်၊ ကွန်ကရစ် အချိုးအစားတို့မှာ မတွေးရဲ စရာပင်။ မြေငလျင်သာ ခပ်ပြင်းပြင်း လှုပ်လိုက်လျှင်...။ မြန်မာနိုင်ငံတွင် ငလျင်ပြင်းပြင်း မလှုပ်သည်မှာ လည်း အတန်ငယ် ကြာခဲ့ပြီ။

ဖြစ်ရပ် ၂

တရုတ်နိုင်ငံမှ ဝင်လာသော စားသုံးဆီ အချို့တွင် ဓာတုဗေဒနည်း ဖြင့် ပြုပြင် ထားသော စားသုံးဆီ မဟုတ်သည့် ဆီများ ပါဝင်လာသည်။ တစတစနှင့် အများသူငါ သိရှိကာ စုံစမ်း၊ မေးမြန်း၊ စစ်ဆေးကြနှင့် အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြသည်။ သိချိန်တွင် စားသုံးသူ မည်မျှ ၏ ကိုယ်တွင်းသို့ ထိုအန္တရာယ် ဆီတို့ မည်မျှ ဝင်ရောက် သွားပြီးပြီ မသိ။ ထိုဆီတို့ကြောင့် အော့အန်ခြင်း၊ ဆေးရုံရောက်ခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် သူတို့၏ အတွင်း ကလီစာများကတော့ ထိုဆီများ၏ ဒဏ်ကို ခံလိုက်ကြရပြီး ဖြစ်သည်။

ဖြစ်ရပ် ၃

မြန်မာနိုင်ငံတွင်းသို့ ဝင်လာသော စားသောက်ကုန် ပစ္စည်း အများ အပြားကို ကြည့်လိုက်ပါက အညွှန်း၊ ပါဝင်သည့် ပစ္စည်းများကို ဖော်ပြရာ တွင် တရုတ်စာ၊ ကိုရီးယားစာ၊ ထိုင်းစာတို့ဖြင့် ရေးသားထားသည်ကို တွေ့ရတတ်သည်။ စာမျိုးစုံဖြင့် ရေးသား ဖော်ပြထားသည့် အဆိုပါ ကုန်ပစ္စည်းများတွင် ဆေးဝါးများပင် ပါဝင်နေတတ်သည်။ ဆေးဝါး ဆိုသည်မှာ လိုအပ် သည်ထက် ပိုသောက်မိလျှင် အန္တရာယ်ဖြစ်နိုင် သလို လျော့ပြီး သောက်မိ ပြန်လျှင်လည်း နောင် ဆေးမတိုးတော့ဘဲ ဘာဆေးသောက်သောက် ရောဂါမပျောက်သည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။ မည်သည့် အရာများဖြင့် ပြုလုပ်ထားမှန်းမသိ၊ မည်သို့ သောက်ရမည်ကို မသိသည့် ဆေးဝါးများဖြင့် မြန်မာတို့ လူ့သက်တမ်း မည်မျှ နိမ့်ကျခဲ့ပြီမှန်း မသိ။တကယ်တော့ အင်္ဂလိပ်ဘာသာဖြင့် ဖတ်နိုင်သူမှာ အနည်းအကျဉ်းသာ ရှိသည့်အတွက် စားစရာ သောက်စရာများတွင် မြန်မာလို ဖော်ပြထား လျှင် အသင့်တော်ဆုံး ဖြစ်မည်။

အထက်ပါ ကိစ္စရပ်များသည် စားသုံးသူတို့ နိစ္စဓူဝ ရင်ဆိုင်နေရ သည့် အဖြစ်အပျက် များစွာ ထဲမှ အနည်းငယ်သာ ဖြစ်သည်။ ဝယ်နိုင်မည့် ပုံပန်း မရှိလျှင် မဝယ်နိုင် သောကြောင့် မထေမဲ့မြင်၊ ၀ယ်နိုင်သည့် ပုံဆိုလျှင်လည်း ‘ဒင်းဟာဒင်း ဝယ်နိုင်တော့ ဘာဂရုစိုက်ရမှာလဲ’ မျက်နှာထားများနှင့် အရောင်းသမား များကို ကြုံရပေါင်း များသောကြောင့် ရိုးနေကြပြီ။ အသစ်စက်စက် ပစ္စည်း ဝယ်လာပြီး ခဏနှင့် သုံးမရတော့သည်မျိုး ကြုံရသလို မသန့်သော ရေသန့်ဘူးနှင့် ထည့်ထားသော ရေသန့် အမည်ခံ ရေသန့်များကိုလည်း တွေ့ရတတ်သည်။နိုင်ငံခြားဖြစ် အရက်တွင်ပင် အရက်တုများ ရောပါနေသောကြောင့် ပြည်ထောင်စု ဝန်ကြီးတစ်ပါးကပင် ဟာသဖောက်ပြီး မှတ်ချက်ချခဲ့ ရသည်အထိ။ ကန်တော့ခြင်း များတွင်လည်း မှိုတက် ပစ္စည်းများ၊ အရက်တုများ ပါဝင် နေတတ်သည့် အတွက် မျက်နှာမရ ခြေထောက်ရ မည့်ပုံ။

မြန်မာနိုင်ငံတွင် စားသုံးသူသည် ခံဘက်က ဖြစ်သည်။ ထမင်းရှင် ဖြစ်သော စားသုံးသူကြောင့် လုပ်ငန်းတို့ လည်ပတ် နေသော်လည်း မနည်းလှသော လုပ်ငန်းတို့က စားသုံးသူတို့သည် လိမ်လည် လှည့်ဖြား စရာ၊ ဂရုမထားစရာ သတ္တဝါဟု သဘောထားကြသည်။ အ သူခံစတမ်း၊ လည်သူ စားစတမ်း သဘောတရားကို လက်ကိုင်ထားပြီး ဘယ်သူသေသေ၊ ငတေမာပြီးရော တစ်နပ်စားဥာဏ်ဖြင့် ဝန်ဆောင်မှု၊ ကုန်ပစ္စည်း တို့ကို ထုတ်လုပ် ရောင်းချနေကြသည်။ ‘Consumer is god စားသုံးသူသည် နတ်ဘုရား’ အဖြစ် အချို့နိုင်ငံများတွင် အလေးအနက် ထားကြသော် လည်း မြန်မာနိုင်ငံတွင် Consumer is dog ‘စားသုံးသူသည် ခွေးသာ သာ’ မဖြစ်လျှင်ပင် ကျေးဇူးတင် ရမည့်ပုံ။

အောင်မြင်သော နိုင်ငံတိုင်းတွင် တူညီသည့်အချက်မှာ စားသုံးသူ ကို ထိထိရောက်ရောက် ကာကွယ် ထားခြင်းဖြစ်သည်။ အရည်အသွေး မမီသော၊ အန္တရာယ် ဖြစ်စေသော ဝန်ဆောင်မှု၊ ကုန်ပစ္စည်းများနှင့် စားသုံး သူများ မတွေ့ကြုံ ရလေအောင်၊ ပေးသည့်ငွေနှင့် တန်သည့် ဝန်ဆောင်မှု ရအောင် ဆောင်ရွက်ပေးခြင်းသည် စားသုံးသူ ကာကွယ်ရေး ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် Consumer ဟုခေါ်သော စားသုံးသူသည် ဈေးကွက် စီးပွားရေး၏ အုတ်မြစ် ပဓာန အကျဆုံးသူများ ဖြစ်သည့်အတွက် စားသုံးသူ၏ အကျိုးစီးပွားကို မြှင့်တင် ကာကွယ်ခြင်းသည် ဈေးကွက် စီးပွားရေး အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကုန်ပစ္စည်းတို့၏ အရည်အသွေး တိုးတက်လာအောင် ဆောင်ရွက်ခြင်းဖြစ်သည်။
စားသုံးသူကို ကာကွယ်နိုင်ရန် စားသုံးသူ အခွင့်အရေး (Consumer Rights) ကို စားသုံးသူတို့ သိနားလည်ဖို့ လိုသည်။ သို့မှသာ မိမိ အခွင့်အရေးကို တောင်းဆိုရ ကောင်းမှန်း သိမည်။ မိမိ အခွင့်အရေး ထိပါး စော်ကားခံ ရလျှင် တိုင်တန်းကြမည်၊ အရေးဆိုကြမည်။ စားသုံးသူများ ကိုယ်စား လိုက်ပါ ဆောင်ရွက်ပေးမည့် အဖွဲ့တို့ လိုသည်။ စားသုံးသူ တို့ကို ကာကွယ်ပေးမည့် အမျိုးသား အဆင့်အဖွဲ့(Consumer Protection Office) ဖွဲ့ရန်လိုသည်။ ကုန်ပစ္စည်း ထုတ်လုပ်သူ၊ ဝန်ဆောင်မှု ပေးသူတို့ကြောင့် နစ်နာလျှင် တရားစွဲနိုင်ရန် စားသုံးသူ ဆိုင်ရာ တရားရုံး (Consumer Protection Court) ဖွဲ့ရမည်။ စားသုံးသူ တို့ကို ကာကွယ်ရင်းဖြင့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတို့ အရည်အသွေး တိုးတက် လာမည်။ ထိုသို့ အရည်အသွေး တိုးတက်လာလျှင် စားသုံးသူတို့ အကျိုး ခံစားရသလို ထုတ်လုပ်သူ တို့၏ ကုန်ပစ္စည်းများလည်း ပိုရောင်း အားတက်လာပြီး ပြည်တွင်းတွင် သာမက ပြည်ပ ဈေးကွက်သို့ပါ ထိုးဖောက် နိုင်လာမည်။ ထိုနည်းဖြင့် လူနေမှု အဆင့်အတန်း တိုးတက် လာသလို တိုင်းပြည် စီးပွားရေးလည်း တက်လာမည်။ မြန်မာ့ထုတ်ကုန် Made in Myanmar တို့ကို ယုံကြည်မှု (Consumer Confidence) လည်း ပြည်တွင်း ပြည်ပ စားသုံးသူများ အကြားတွင် တိုးတက် လာမည်။

လူတိုင်းသည် စားသုံးသူပင် ဖြစ်သည်။ ဝန်ဆောင်မှု၊ ကုန်ပစ္စည်း စသည်တို့ကို တစ်ဆင့် ပြန်လည် ရောင်းချခြင်း မရှိသူ၊ ထိုဝန်ဆောင်မှု၊ ကုန်ပစ္စည်းတို့ကို သုံးပြီး ကုန်ချော မထုတ်လုပ်သူ မှန်သမျှသည် စားသုံး သူပင်ဖြစ်သည်။ ကုန်ပစ္စည်း ထုတ်လုပ်သူ၊ ဝန်ဆောင်မှုပေးသူ တို့သည် လည်း သူတို့ မထုတ်လုပ်သည့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတို့ကို ဝယ်ယူ သုံးစွဲရသည်ဖြစ်သောကြောင့် သူတို့သည်လည်း စားသုံးသူသာ။ ဖရဲသီး ရောင်းသူသည် ဆန်ကိုတော့ ဝယ်စားရမည်၊ ဆံပင်ကို ပိုက်ဆံ ပေးညှပ်ရမည်။ အလှကုန် ထုတ်လုပ် သူသည် ကားကိုတော့ ဝယ်စီးရမည်။

စားသုံးသူသည် ဝန်ဆောင်မှု၊ ကုန်ပစ္စည်းအားလုံးနှင့် ဆိုင်သောကြောင့် စားသုံးသူ ကာကွယ်ရေးသည် နိုင်ငံတွင်းရှိ ဝန်ကြီးဌာန အများစု နှင့်သက်ဆိုင်သည်။ အကြမ်းဖျင်းပြောရလျှင် ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လွဲလျှင် ကျန်ဝန်ကြီးဌာန အားလုံး အကျုံးဝင်သည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ယူကာ စားသုံးသူ ကာကွယ် ရေးဥပဒေကို ရေးဆွဲ နေကြပြီ။ စားသုံးသူ ကာကွယ်ရေး အဖွဲ့ကိုလည်း မကြာသေးမီက ဖွဲ့စည်း လိုက်ပြီ။ တိုင်တန်း အရေးဆို တရားစွဲနိုင်ရန် တစ်ဆင့်ပြီး တစ်ဆင့်ပြီး ဆောင်ရွက်သွားကြတော့မည်။ စာရွက်ပေါ် တွင် သာမက လက်တွေ့ ပြင်ပတွင်ပါ ထိရောက်ရန် လိုအပ်သည်။
စားသုံးသူကို အကာအကွယ် ပေးနိုင်လျှင် ဝန်ဆောင်မှုတို့ သာလွန် ကောင်းမွန်လာမည်။ ကုန်ပစ္စည်းတို့ အရည်အသွေး ပိုကောင်း လာမည်။ ထို့ကြောင့် စားသုံးသူတို့ကို ကာကွယ်ခြင်းသည် စီးပွားရေး လုပ်ငန်းတို့ကို မြေတောင် မြှောက်ပေးရာလည်း ရောက်သည်။ မိမိကိုယ်တိုင်ဖြစ်သော စားသုံးသူကို ကာကွယ် စောင့်ရှောက် ခြင်းသည် မြန်မာနိုင်ငံ သားတို့ကို ကာကွယ် စောင့်ရှောက်ခြင်း ဖြစ်သည်၊ မြန်မာ့ စီးပွားရေးကို တည်ဆောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် စားသုံးသူကို ကာကွယ်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေ ခြင်းလည်းဖြစ်သည်။

By The Voice Weekly

1 comment:

  1. “ကာကွယ်ခြင်း က ကုသခြင်းထက် ထိရောက်၏။“

    ညာဏ်ပညာကြီးသူတို့သည် ကြိုတင်ကြံဆ ကာကွယ်ကြ၏
    ဆန့်ကျင်ဘက် တို့သည် ဖြစ်မှကြုံမှထလုပ်ကြ၏

    “ထိုအချိန်သည် နောင်တရမည့်အချိန် ဖြစ်သည်“

    ReplyDelete