Tuesday 24 July 2012

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအရေး အလုပ်ရုံဆွေးနွေးပွဲ



မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများ အရေးနှင့် ပါတ်သက်၍ အလုပ်ရုံဆွေးနွးပွဲတခုကို ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း၊ ရန်ကင်း မြို့နယ်ရှိ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ကျွမ်းကျင်မူ လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၊ စီမံခန်ခွဲရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီတို့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ဒု-ဝန်ကြီး ဦးမြင့်သိန်း အပါအဝင်  အလုပ်သမားညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ ရဲမှူးကြီးဝင်းနိုင်ထွန်း(သတင်းတပ်ဖွဲ့)၊ အလုပ်သမားဝန်ကြီးဋ္ဌာနမှ ညွန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဋ္ဌာန၊ လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနတို့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးဆိုင်ရာ ကွန်ယက်မှ ဦးစိန်ဋ္ဌေး၊ ထိုင်းနိုင်ငံ Mahidol တက္ကသိုလ် မှ နိုင်ငံခြားရေးရာ ကျွမ်းကျင်သူ Mr. Andy Hall, IOM မှ Program Manager, Mr. Maciej Peizkowski, UNIAP Myanmar, World Vision Myanmar မှ တာဝန်ရှိသူများနှင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး  အေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

By Mizzima

ထားဝယ်စီမံကိန်း မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်ရေး ထပ်မံအတည်ပြု


မဇ္ဈိမသတင်းဌာန ။        ။ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စီးပွါးရေးဇုန် တည်ထောင်ရေး၊ အရှေ့အလယ်ပိုင်းဒေသနှင့် အိန္ဒိယမှ အရှေ့တောင်အာရှ ဒေသသို့ ပိုမိုကောင်းမွန်သည့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတခု ဖန်တီးရေးတို့နှင့် ပတ်သတ်သည့် ကတိကဝတ်များကို ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအနေဖြင့် တနလာင်္နေ့က ထပ်မံ အတည်ပြုခဲ့ကြသည်။

ထားဝယ်စီမံကိန်းအား ထိုင်းနိုင်ငံ၏ အကြီးဆုံး ကန်ထရိုက်တာ Italian-Thai ကုမ္ပဏီက ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ဝ ဘီလီယံ နီးပါး ကုန်ကျနိုင်သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ်က သတင်းစာ ရှင်းလင်းပွဲ တခု၌ သတင်းထောက်များကို ပြောကြားခဲ့ရာတွင် စီမံကိန်း ဖွံ့ဖြိုးရေးနှင့် ပတ်သတ်သည့် ကိစ္စရပ်များအပါအဝင် စီမံကိန်း ဆက်လက်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဝန်ကြီးအဆင့် အဆက်အသွယ် ထားရှိမည်ဟုလည်း ဆိုသည်။  

“ကျမတို့ရဲ့ ဆွေးနွေးပွဲမှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အပြည့်အဝ တိုးတက်ရေးနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှေ့ဆက်ဖို့ ထိုင်းအစိုးရရဲ့ ကတိကဝတ်တွေကို ကျမ အနေနဲ့ ထပ်မံအတည်ပြု လိုက်ပါ တယ်” ဟု ထိုင်းဝန်ကြီးချုပ် ယင်လပ်က ဆိုသည်။

ထားဝယ်စီမံကိန်းတွင် သံမဏိ စက်ရုံ၊ ရေနံဓါတုစက်ရုံ၊ ရေနံ သန့်စင်စက်ရုံ တို့ ပါဝင်သည့် ၂၅ဝ စတုရန်း ကီလိုမီတာ ရှိသော စက်မှုဇုန်တခု အပြင် မီးရထားလမ်းတခုနှင့် ထိုင်းနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းများနှင့် စက်မှုဇုန်များ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများသို့ ဆက်သွယ်နိုင်မည့် အဝေးပြေးလမ်းမ ကွန်ယက်သစ်လည်း ပါဝင်မည်
ဖြစ်သည်။

လွန်ခဲ့သော လများက စီမံကိန်း အကောင်အထည်ဖော်ရေးတွင် နှောင့်နှေးခဲ့ရသော်လည်း ထိုင်းနိုင်ငံအနေဖြင့် စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ ကနဦး ဘဏ္ဍာရေး လိုအပ်ချက်များ ဖြည့်တင်းပေးရန် လွန်ခဲ့သည့် အပတ်က ထပ်မံကတိပြုခဲ့ပြီး ထိုင်းနိုင်ငံပိုင် စွမ်းအင် ကုမ္ပဏီဖြစ်သည့် PTT Pcl မှ ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်ရန် ကတိပြုခဲ့ သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်တို့ကလည်း ရှိပြီးသား တရားဝင် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေး ဂိတ် ၃ ခုအပြင် ချင်းမိုင်၊ မယ်ဟောင်ဆောင်နှင့် ကန်ချနပူရီတို့ အနီးတွင် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးဂိတ် ၃ ခု အသစ်ဖွင့်ရန် သဘောတူခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်ကမူ ထားဝယ်စီမံကိန်းသည် အခက်အခဲများနှင့် ဆက်တိုက် ရင်ဆိုင်ခဲ့ရသည်။

ထားဝယ်စီမံကိန်းတွင် ပါရှိသည့် ကျောက်မီးသွေးလျှပ်စစ် စက်ရုံစီမံကိန်းမှာလည်း ဒေသခံများက ဆန့်ကျင် ဆန္ဒပြခဲ့ ပြီးနောက် ရပ်ဆိုင်းခဲ့ရသည်။

စီမံကိန်းအတွက် ငွေကြေးထည့်ဝင်မှုမှာလည်း နှေးကွေးခဲ့ရသည်။ သို့သော် ထပ်မံ ကြိုးစား ဆောင်ရွက်မှုများကြောင့် ဂျပန်နှင့် အခြားနေရာများမှ ရင်းနှီးမြှုပ်နှံလိုသူများအား ဆွဲဆောင်နိုင်လိမ့်မည်ဟု သက်ဆိုင်ရာ အရာရှိများက ဆိုကြသည်။

နှစ်နိုင်ငံ အနေဖြင့် နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ် ရေးထိုးခဲ့ကြပြီး ထိုင်းနိုင်ငံအနေဖြင့် လုံခြုံရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးတို့နှင့် ပတ်သတ်၍ အကူအညီများ ပေးအပ်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။

တနင်္ဂနွေနေ့က သမ္မတ ဦးသိန်းစိန်သည် ထိုင်း ပင်လယ်ကွေ့ရှိ လမ်ချာဗန် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လည်ပတ် ခဲ့ပြီး ထိုရေနက်ဆိပ်ကမ်းမှ ထားဝယ်သို့ အဝေးပြေးလမ်းဖြင့် ဆက်သွယ်မည် ဖြစ်ကာ မလေးရှားကျွန်းဆွယ် အနီးမှ ပိုမိုရှည်လျားသည့် ပင်လယ် လမ်းကြောင်းအား အစားထိုးနိုင်မည် ဖြစ်သည်။

By Mizzima

ဆီးဂိမ်းတွင် မြန်မာ ရွှေတံဆိပ် ၁၀၀ ကျော် ရရန် အားကစားဝန်ကြီး မျှော်မှန်း


နေပြည်တော်(မဇ္ဈိမ) ။       ။၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံသည် ဘောလုံး အားကစားပြိုင်ပွဲ အပါအဝင် ရွှေဆုတံဆိပ်ပေါင်း ၁၀၀ ကျော် ရရှိနိုင်ရန်
မျှော်မှန်းထားသည်ဟု အားကစားဝန်ကြီး ဦးတင့်ဆန်းက တနင်္လာနေ့က နေပြည်တော် Mount Pleasant ဟိုတယ်တွင်
ပြုလုပ်သည့် ‘၂၇ ကြိမ်မြောက် ဆီးဂိမ်းအောင်နိုင်ရေး စည်းဝေးပွဲ’ အပြီး မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

“စက်ဘီး၊ စစ်တုရင်၊ ဘိလိယက်၊ တာဝေးတို့ အဲဒါတွေကိုတော့ ဆုအများဆုံး ရရမယ်လို့ စဉ်းစားထားတာ ရှိတယ်။ အသက် ၂၂ နှစ်အောက် အာရှ ဘောလုံး ခြေစစ်ပွဲလည်း အောင်ပြီးပြီဆိုတော့ ဘောလုံးလည်း ရွှေရဖို့ မှန်းပါတယ်။
ရွှေတဆိပ် ၃၀၀ ကျော် ရှိတဲ့အနက် ၁၀၀ ကျော်လောက် မျှော်မှန်းပါတယ်” ဟု ဝန်ကြီးက မဇ္ဈိမကို ပြောသည်။

၂ဝ၁၃ ဒီဇင်ဘာလတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေပြည်တော် ဇမ္ဗူသီရိ အားကစားကွင်း အတွင်း ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများ ကျင်းပမည်ဖြစ်ရာ လိုအပ်သည့် နည်းပညာ အကူအညီများကို တရုတ်၊ ထိုင်းနှင့် မလေးရှား ကုမ္ပဏီများကို တင်ဒါ ခေါ်ယူထားသည်ဟုလည်း ဦးတင့်ဆန်းက ပြောသည်။

ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် သေနတ်ပစ်၊ မြှားပစ်၊ အလေးမ၊ ကရာတေးဒို စသည့် ကစားသမားများကို လည်း နေပြည်တော် လယ်ဝေး လေ့ကျင့်ရေးကွင်းတွင် တပတ်လျှင် သုံးရက်နှုန်းဖြင့် လေ့ကျင့်လျက်ရှိသည်ဟုလည်း ဦးတင့်ဆန်းက အစည်းအဝေးပွဲတွင် ပြောသွားသည်။ အားကစားနည်းပေါင်း ၃၁ နည်းရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများကို ဝန်ကြီးများ၏ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ဆောင်ရွက်သွားရန် ရှိသည်ဟုလည်း ဆိုသည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကြိုတင်ပြင်ဆင်မှု ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကလည်း အားကစား ပြိုင်ပွဲတွင် အောင်မြင်သည့် သမိုင်းမှတ်တိုင်များ
ရေးထိုးနိုင်ကြရန် တိုက်တွန်း ပြောဆိုသွားခဲ့သေးသည်။

“ကျနော်တို့ရဲ့ အားကစားသမားတွေဟာ လာမယ့်အားကစားပြိုင်ပွဲမှာ အားကစားသမားတွေကော၊ တာဝန်ရှိတဲ့သူတွေ ကိုရော အားလုံး ကိုယ့်သမိုင်းကိုယ် ရေးကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သမိုင်းက အောင်မြင်တဲ့ သမိုင်း၊ ကောင်းမွန်တဲ့ သမိုင်းနဲ့ ဂုဏ်သိက္ခာရှိတဲ့ သမိုင်း ဖြစ်ဖို့ ကျနော်တို့ ကြိုးစားရမှာဖြစ်ပါတယ်။ အားလုံးလည်း ကျနော်တို့နိုင်ငံကိုယ်စား ဂုဏ်ယူဝမ်းမြောက်နိုင်အောင် တာဝန်ရှိတဲ့သူကော၊ အားကစားသမားများကော အားလုံး ဝိုင်းဝန်းဆောင်ရွက်သွားကြပါ” ဟု ဒု-သမ္မတ က ပြောဆိုသွားခဲ့သည်။

တနင်္လာနေ နေ့နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဒု-သမ္မတ၊ အားကစားဝန်ကြီးနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့သည် နေပြည်တော် လယ်ဝေး လေ့ကျင်းရေး ကွင်းအတွင်း အားကစားသမားများ၏ လေ့ကျင့်နေမှုများ၊ ဇမ္ဗူသီရိ ဘောလုံးကွင်း ဆောက်လုပ်မှု အခြေအနေတို့ကို သွားရောက်စစ်ဆေးခဲ့ကြသည်။

By Nizzima

ရနောင်းစက်ရုံ ဂက်စ်ပိုက်ပေါက် မြန်မာအလုပ်သမား ၂၇ ဦး ဒဏ်ရာရ



စံခလပူရီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံ တောင်ဘက်အစွန်း ကော့သောင်းမြို့ တဖက်ကမ်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ပင်လယ်စာ ထုတ်လုပ်သည့် Andaman Seafood စက်ရုံမှ အအေးခန်း ဂက်စ်ပိုက် တနင်္ဂနွေနေ့က ပေါက်ကွဲမှုကြောင့်
မြန်မာနိုင်ငံသူ ၂၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း စက်ရုံ အလုပ်သမားများက ပြော သည်။

“ပေါက်ပေါက်ချင်းတော့ ထိုင်း အလုပ်သမားခေါင်းတွေက ဘာမှ မဖြစ်ဘူး၊ မပြေးနဲ့ဦး၊ ထွက်ပြေးရင် သူတို့ အလုပ်ရုံမှာ မလုပ်ခိုင်းတော့ဘူးလို့ ပြောတယ်။ လူတွေကလည်း မပြေးရဲဘူး။ နောက်တခေါက် ထပ်ပေါက်မှ ပြေးတာ။ အဲဒီမှာ ဒဏ်ရာတွေ နည်းနည်းထိသွားတယ်” ဟု စက်ရုံ အမျိုးသမီး အလုပ်သမားတဦးက ပြောသည်။

ရနောင်းမြို့ သဲကုန်းရပ်ရှိ အဆိုပါ ပေါက်ကွဲမှုတွင် ထိုင်း အမျိုးသမီးအလုပ်သမား နှစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာ
ပြင်းထန်သည့် မြန်မာအမျိုးသမီး သုံးဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု စက်ရုံလုပ်သား တဦးက ပြောသည်။

၎င်းစက်ရုံတွင် မြန်မာအလုပ်သမား ၃,ဝဝဝ ကျော် ရှိပြီး တနေ့လျှင် ထိုင်းငွေ ၂ဝဝ ဘတ် ရရှိကာ အချိန်ပိုကြေး တနာရီ ၃ဝ ဘတ် ရရှိသည်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်ပြီး အလုပ်ရှင်ဘက်မှ တစုံတရာ ဖြေရှင်းပေးမှု မရှိသေးသည့်ပြင် အလုပ်သမား အခွင့်အရေးအတွက် အကာအကွယ် ပေးနိုင်မည့် အခြေအနေ မရှိမည်ကိုလည်း စိုးရိမ်ကြောင်း အလုပ်သမားများက
ပြောသည်။

“ဒီရနောင်းမှာ ရှိတဲ့ မြန်မာလူမျိုးတွေက ရှမ်း (ထိုင်း) တွေကို ကြောက်ကြတယ်လေ။ သူတို့ နားမလည်ကြဘူး။ စာမတတ်တာတွေ အရမ်းများတဲ့အခါကျတော့ နည်းနည်းလေး ခြောက်လိုက်တာနဲ့ အရမ်းကြောက်တဲ့ အနေအထားမှာ ရှိနေတယ်” ဟု အထက်ပါ အမျိုးသမီး အလုပ်သမားက ပြောသည်။

အဆိုပါစက်ရုံမှ ပင်လယ်စာများ ဖြစ်သည့် ငါးနှင့် ပုဇွန်များကို ထုပ်ပိုးပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။


By Mizzima

ဦးနေမျိုးဝေကို ဇေကမ္ဘာက အသရေဖျက်မှုဖြင့် ရုံးတော် ဦးတိုက်လျှောက်ထား


စံခလပူရီ (မဇ္ဈိမ) ။       ။ ဇေကမ္ဘာ ကုမ္ပဏီအား အသရေ ဖျက်မှုဖြင့် ကုမ္ပဏီ မန်နေဂျာက မင်္ဂလာဒုံမြို့နယ် တရားရုံး တွင် ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်ပြီး ၎င်းအား ထောက်ကြံ့ရဲစခန်းမှ တနင်္လာနေ့ နံနက်တွင် ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ က ပြောသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ စံပြကျေးရွာမှ လယ်သိမ်းခံ လယ်သမားများအရေး ကူညီဆောင်ရွက်ပေးနေ သည့် ဦးနေမျိုးဝေ က ပြည်တွင်းထုတ် ဂျာနယ်များတွင် ဇေကမ္ဘာ ကုမ္ပဏီနှင့် ပတ်သက်သည့် ပြောဆိုမှုများကြောင့် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်သည် ဆိုပြီး ကုမ္ပဏီဘက်မှ လျှောက်ထားခြင်း ဖြစ်သည်။

“ရဲစခန်းက ကျနော့်ကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ဇေကမ္ဘာ ကုမ္ပဏီက တင်ပြထားတဲ့ တိုင်ကြားထားတဲ့ စာကို ကိုင်ပြီးတော့ သူ့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြော/မပြောပေါ့။ အဲဒါတွေ မေးပါတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

ကျင့်ထုံးဥပဒေ ၂ဝ၂ (၁) အရ အသရေဖျက်မှု မြောက်/မမြောက် စစ်ဆေးရန် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တနင်္ဂနွေနေ့က ရဲစခန်းသို့ လာရောက်ရန် အကြောင်းကြားလာ၍ သွားရောက် စစ်ဆေးမေးမြန်းခံခြင်း ဖြစ်သည်ဟု ဦးနေမျိုးဝေ က ပြောသည်။

“ကျနော်နဲ့ ဇေကမ္ဘာကုမ္ပဏီတို့ အပြန်အလှန် ပြောဆိုထားတာ သက်သေ အထောက်အထား ရှိတယ်။ ၂၃ ရက် မတိုင်ခင် ရေးထားတဲ့ ဂျာနယ်မှန်သမျှကို ကျနော်ကလည်း ဖတ်ထားတော့ ကျနော့်တို့ မငြင်းဘူး။ အဲဒီဂျာနယ်တွေ မှာ ပြောထားတဲ့ဟာတွေကို ကျနော်တို့ လက်ခံနိုင်တယ်။ အဲဒီဂျာနယ်တွေကို သက်သေ တင်ပြီးတော့ သူ့ရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ပါတယ် ဆိုရင်တော့ ကျနော်လည်း မငြင်းဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဇေကမ္ဘာ ကုမ္ပဏီက ၂ဝ၁ဝ ပြည့်နှစ်က လယ်ယာမြေကို အခြား အသုံးပြုခွင့် (လန ၃၉) ဖြင့် စက်မှုဇုန် လုပ်ကိုင်ရန် အတွက် ရွှေနံ့သာ စံပြကျေးရွာမှ လယ်ယာမြေများကို သိမ်းယူခဲ့ပြီး ဦးနေမျိုးဝေကမူ ထိုလယ်ယာမြေများသည် အိုးအိမ်ဦးစီးဌာနမှ (လန ၃၉) မကျသေးကြောင်း ပြည်တွင်းဂျာနယ်များသို့ ပြောကြားခဲ့သည်။

“ဇေကမ္ဘာကုမ္ပဏီဟာ ခုထက်ထိ လန ၃၉ မကျသေးဘူး။ အဲဒီ မရှိတဲ့အပေါ်မှာ ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်လို့ အကြိမ်ကြိမ် အဖန်ဖန် ပြောတယ်။ အိုးအိမ်ဦးစီးမှာ ကျနော်ကလည်း မေးပြီးပြီ။ လန ၃၉ မကျကြောင်း ကျနော်တို့လည်း သိထားပြီးပြီ။ ဒါတွေဟာ ဥပဒေနဲ့ မညီဘူးလို့ ကျနော် ပြောတာဟာ လုပ်ကြံတင်ပြတာ မဟုတ်ဘူး။ တမင် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြောဆိုတာ မဟုတ်ဘူး” ဟု ဦးနေမျိုးဝေက ပြောသည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရွှေနံ့သာ၊ အပေါင်၊ ပေါင်းကူ စသည့်ကျေးရွာများမှ လယ်သမား ၈ဝ ကျော်၏ လယ်မြေဧက ၈၅ဝ ကျော်ကို ၂ဝ၁ဝ ပြည့်နှစ်အတွင်းက သိမ်းယူခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလတွင် လယ်ယာမြေ သီးစား လုပ်ကိုင်ခွင့် ရရန် လယ်သမားများနှင့် အပြိုင်လျှောက်ထားခဲ့ရာ ဇေကမ္ဘာဘက်က အနိုင်ရရှိခဲ့ သည်။

လယ်သမားများဘက်ကလည်း ပုဒ်မ ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှုတို့ဖြင့် ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေကို တရားစွဲထားပြီးနောက် ယခုကဲ့သို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးနေမျိုးဝေကို
ဇေကမ္ဘာဘက်က ပြန်လည် တရားစွဲဆိုရန် စီစဉ်ခြင်း ဖြစ်သည်။

တရားရုံး၏ ညွှန်ကြားချက်ကို ရဲစခန်းက စစ်ဆေးပြီးနောက် ရရှိသည့် အချက်အလက်အပေါ် အခြေခံကာ တရားစွဲဆိုရင် သင့်/မသင့် တရားရုံးဘက်က ဆုံးဖြစ်မည် ဖြစ်သည်။

By MIzzima

ဦးဘရန်ရှောင် အမှု တရားလိုပြသက်သေ စစ်ဆေး


ချင်းမိုင်(မဇ္စျိမ) ။       ။ ဖောက်ခွဲရေးဆိုင်ရာပုဒ်မ ၃ ဖြင့် ကချင်ဒုက္ခသည် စခန်းအတွင်းမှ ဦးလထော် ဘရန်ရှောင်အား ဖမ်းဆီးခဲ့သူ ခရိုင် ဒုစရိုက် နှိမ်နင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်အား တနင်္လာနေ့ တတိယ အကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။

“ထူးထူးခြားခြား သိပ်မပြောဘူး။ ဖမ်းတဲ့အချိန်သူပါတယ်။ ဗုံးခွဲမှုနဲ့ ပတ်သက်လို့ လာဖမ်းတဲ့အကြောင်း၊ အဲဒီည သူဖမ်းသွားတယ်။ အဲဒီနောက်ပိုင်း စစ်ဆေးတဲ့နေရာမှာ သူ မပါဝင်တော့ဘူးလို့ ပြောတယ်” ဟု ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးက ပြောသည်။

ဦးဘရန်ရှောင်အား ဖမ်းဆီးစဉ်က ဒဏ်ရာများ မတွေ့ရဘဲ ယခု ရရှိထားသည့် ဒဏ်ရာများမှာ စရဖ မှ နှိပ်စက်သည်ဟု ဒု-ရဲအုပ် ကျော်မျိုးနိုင်က ဝန်ခံသည့် သဘော သက်ရောက်နေသည်ဟု ဦးမာခါး က မဇ္စျိမကို ပြောသည်။

“သူက ဟုတ်ပါတယ်လို့ ဝန်ခံတဲ့ သဘောပဲ။ ကျနော်က သူ့ကို ဦးဘရန်ရှောင်ရထားတဲ့ ဒဏ်ရာတွေ ပြတယ်။ ဒီဒဏ်ရာတွေက စရဖ တွေက နှိပ်စက်လို့ ရတဲ့ဒဏ်ရာ ဟုတ်လားလို့ မေးတော့ သူက စစ်တဲ့အခါ သူ မပါလို့ မသိဘူးဆိုပြီး ပြောတယ်” ဟု ပြောသည်။

အတင်းအဓမ္မ ဝန်ခံမှု ပြုလုပ်လာစေရန် ဦးဘရန်ရှောင်အား နှိပ်စက်ညှဉ်းပန်းကြရာတွင် သူ၏ ပါးနှစ်ဘက်အား မီးဖုတ်ထားသည့် ဓါးများဖြင့် လောင်ကျွမ်းစေကာ သူ၏ ပေါင်များကိုလည်း ဓားများဖြင့် ထိုးဖောက်ခဲ့ပြီး သူ၏ ခြေသလုံး အရေပြား ဧရိယာ တော်တော်များများ လန်နေ ကွာနေခြင်းကလည်း အနှိပ်စက်ခံရကြောင်းကို သက်သေပြနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က ဆိုထားသည်။

ဦးဘရန်ရှောင်အား ဖောက်ခွဲမှုဖြင့် ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲ၍ မတရားအသင်း ဆက်သွယ်မှုဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။  

တနလာင်္လာနေ့ ပြည်နယ်တရားခွင်သို့ ဦးဘရန်ရှောင်အား လက်ထိပ်ခတ်၍ တရားဝင်သို့ ခေါ်ဆောင်လာကာ ကျန်းမာရေးဆေး ကုသခွင့် မရသေးသလို၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေသေးကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်။

By Mizzima

အထက်တန်းတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် သင်ယူသူမရှိ

၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့်ကျောင်းသားများသည်စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ရွေးချယ်သင်ယူသူလုံးဝမရှိ 
ကြောင်း၊ ပထ၀ီဝင်နှင့် သမိုင်းဘာသာကို ရွေးချယ်သင်ယူသူ အလွန်နည်းပါးနေကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အခြေခံပညာ ကဏ္ဍအစီရင်ခံစာတွင်ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

အထက်တန်းအဆင့် ကျောင်းသားများအား ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ စတင်၍ ဘာသာတွဲ (၈)ခုမှ နှစ်သက်ရာဘာသာတွဲတစ်ခုအား
ရွေးချယ်သင်ယူစေခဲ့ရာ ကျောင်းသားများက သိပ္ပံဘာသာရပ်များ ပါဝင်သည့်ဘာသာတွဲများကိုသာ ရွေးချယ်သင်ယူနေကြခြင်းဖြစ်သည်။
သိပ္ပံဘာသာရပ် နှစ်ခု(သို့မဟုတ်)သုံးခုပါဝင်သည့် ဘာသာတွဲများကို ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၉၅ ဒသမ ၃၇ ရာခိုင်နှုန်း၊

ဒသမတန်းတွင် ၉၄ ဒသမ ၂၄ ရာခိုင်နှုန်းရှိပြီး ၀ိဇ္ဇာဘာသာတွဲသက်သက် ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

“ဟိုးအရင်တုန်းက အထက်တန်းမှာ သမိုင်းယူတဲ့သူတွေကိုပဲ တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ယူခွင့်ပေးတယ်။ သမိုင်းဌာနက
လူတွေကဘာပြောလဲဆိုရင် ဆယ်တန်းမှာ သမိုင်းယူတဲ့သူ အလွန်နည်းတယ်တဲ့။ အဲဒီတော့ သူတို့မှာပညာရှင်မရဘူးလို့ ပြောတယ်။ အဲဒါကြောင့် သုံးနှစ်ရှိပြီ ဆယ်တန်းတုန်းကဘယ်ဘာသာနဲ့မဆို အောင်တဲ့သူတွေ သမိုင်းမေဂျာယူလို့ရတယ်ဆိုပြီး လုပ်ထားပါတယ်။
ပထ၀ီကတော်သေးတယ်။ စိတ်ကြိုက်မြန်မာစာနဲ့ သမိုင်းသင်တဲ့သူက တော်တော်နည်းနေတယ်”ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့် န၀မတန်းနှင့် ဒသမတန်း ကျောင်းသား၊ ကျောင်းသူများ၏ဘာသာတွဲအလိုက် ရွေးချယ်သင်
ယူမှုကို စိစစ်လေ့လာရာတွင် စိတ်ကြိုက်မြန်မာစာပါဝင်သော ဘာသာတွဲအမှတ်(၃)၊ (၄)နှင့် (၆) တို့ကို ရွေးချယ်သင်ယူသူမရှိကြောင်းနှင့် ၀ိဇ္ဇာတွဲ ဖြစ်သောဘာသာတွဲအမှတ်(၅)နှင့် ပထ၀ီဝင်နှင့်သိပ္ပံ ဘာသာရပ်နှစ်ခုပါဝင်သော ဘာသာတွဲအမှတ်(၈) တို့တွင် သင်ယူသူအလွန်နည်းပါးကြောင်း သိရသည်။ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးနောက် တက္ကသိုလ်သင်တန်းများသို့ ဆက်လက်တက်ရောက်သင်ယူရာတွင် သိပ္ပံဘာသာတွဲဖြင့်
အောင်မြင်သူအများစုမှာဝိဇ္ဇာဘာသာရပ်အထူးပြုဖြင့်ပြောင်းလဲသင်ယူလျက်ရှိသဖြင့် ၀ိဇ္ဇာဘာသာရပ်သင်ယူသူအရေအတွက် တိုးတက်လာရေး
အတွက် ကျောင်းအဆင့်ဆွေးနွေးညွှန်ပြရေးအဖွဲ့များက ဆွေးနွေးညွှန်ပြ
ပေးကြရန်လမ်းညွှန်ထားသည်။ ၎င်းပညာသင်နှစ်တွင် န၀မတန်း
ကျောင်းသားသုံးသိန်းခြောက်သောင်းကျော်နှင့် ဒသမတန်းကျောင်းသားသုံးသိန်းကျော်တက်ရောက် ပညာသင်ယူခဲ့ကြပြီး ဆရာနှင့် တပည့်အချိုးမှာ ၁း ၂၅ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။



By 7Day News Journal

ခုနှစ်ရက်သားသမီးများအတွက် (၂၃.၇.၁၂) မှ ( ၂၉.၇.၁၂) ထိတပတ် စာဗေဒင်ဟောစာတမ်း


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းေ ရွ့ရတတ်သည်။ မိမိအိမ်ပြင်ဆင်ခြင်းများ၊ အခန်းပြုပြင်ပြောင်းခြင်းများပြုလုပ်ရတတ်သည်။ အိုးပိုင်အိမ်ပိုင် ရတတ်သည်။
မြေထွက်ခြင်း၊ ကွန်ပြူတာထွက်ခြင်းဖြစ်တတ်သည်။ လုပ်ငန်းသစ်လုပ်ရန်ဖြစ်တတ်သည်။
မလုပ်ပါနှင့်၊ မအောင်မြင်သေးပါ။  စက်ပစ္စည်းများထွက်ပြီး အသစ်များဝင်မည်။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။ သောကနှင့်ယှဉ်သောခရီးသွားရတတ်သည်။
ငွေများ ကုန်နေမည်။ ဘာသာရေးမိမိနိုင်သလောက်လုပ်ပါ။
ကျန်းမာရေး။ ဆေးစားမှားခြင်း၊ ဆေးထိုးမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူနဲ့ အဆင်မပြေဖြစ်နေတတ်သည်။ မိန်းကလေး ဖြစ်လျှင်
ရပ်ဝေး မြေခြား မှ ယောင်္ကျားလေး Facebook တွင် ချစ်သူ အဖြစ် လက်မခံ ပါ နှင့်
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသမှဘုရားသခင်အားအုန်းသီးစိတ် ( ၆)
စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၅ ၃)
တနင်္လာသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ စိန်ပစ္စည်းများဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ နိုင်ငံခြား
ခရီးသွားရခြင်း၊ အသွားအပြန်ကိန်းရှိသည်။ မိတ်ဆွေများ အတွက်စိတ်ကရောက်ရတတ်ခြင်း၊
လမ်းခွဲရခြင်းဖြစ်တတ်သည်။ လူလိမ်ခံရခြင်း၊ မြေထွက်ခြင်း၊ ငွေများစွာကုန်နေခြင်း၊ အလုပ်တွင်
စိတ်တိုင်မကျခြင်း များဖြစ်နေမည်။ စနေနံပစ္စည်များထွက်နေတတ်သည်။ ထီမထိုးပါနှင့်၊
ထီပေါက်ပါကမိမိ မိသားစုတွင်သက်ကြီးသူဆုံးပါးတတ်သည်။
ကျန်းမာရေး။ အရေပြားတွင် အဖုအပိန့်ပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူအသစ်စက်စက်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၃ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စီးပွားအလွန်တက်နေမည်။ အလှူအတန်းလုပ်ရန်မမေ့ပါနှင့်။ အပျော်အပါးသတိထားပါ။
အပျော်အပါးကြောင့်စီးပွားပျက်တတ်သည်။ အလုပ်တွင်လက်အောက် ငယ်သားကြောင့်
စိတ်ညစ်စရာဖြစ်ခြင်း၊ လက်အောက်ငယ်သားထွက်ပြေးခြင်းဖြစ်တတ်သည်။
စက်ပစ္စည်းတွေထွက်ခြင်း၊ ခရီးသွားရတတ်သည်။ အပျော်ခရီးဖြစ် တတ်ခြင်း၊ နိုင်ငံရပ်ခြား
ခရီးဖြစ်တတ်ခြင်းဖြစ်တတ်သည်။ လူမျိုးခြားမျုား၏ကူညီမှုရခြင်းဖြစ်မည်။
ကျန်းမာရေး။ ဗိုက်အောင့်ခြင်း၊ အပူလောင်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းပွင့်နေသည်။ အစစအရာရာစိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်ကထိုင်မုန့်ကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၇ ၇ ၄ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
စိတ်တိုင်းမကျခြင်း၊ စိတ်ပင်ပမ်းလူပင်ပမ်းခြင်းဖြစ်နေမည်။ နိုင်ငံခြားများနှင့်ပတ်သက်သော
လုပ်ငန်းများအဆက်မပြတ်လုပ်ကိုင်နေရမည်။ ခရီးသွားခြင်းများလည်းမကြာခဏဖြစ်နေမည်။
ရွှေပြင်ဆင်ခြင်း၊ ရွှေထွက်ခြင်းဖြစ်နေမည်။ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ဖုန်းအသစ်
ဝင်ခြင်းဖြစ်နေမည်။ စက်ပစ္စည်းများထွက် နေတတ်သည်။ အလုပ်တွင်ထင်သလိုမဖြစ်သေးသော
အချိန်ဖြစ်နေသည်။ သည်းခံပြီးသတိနှင့်နေပါ။ အမှားအယွင်းများဖြစ်တတ်သည်။
ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ လေထိုးလေအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားနှင့်စကားများနေတတ်သည်။ အေးအေးဆေးဆေးဆွေးနွေးပါ။
အဆင်ပြေသွားမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုပ်
ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၀ ၅ ၄ ၀)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အလုပ်အကိုင်များနေသလိုစီးပွားရေးကောင်းနေမည်။ ဆွေမျိုးသားချင်း၊ ညီအကိုမောင်ညီမများ
ကိစ္စများပိုပြီး လုပ်ကိုင်ပေးနေရမည်။ နားရသည်မရှိအောင် အလုပ်အကိုင်များနေမည်။ လက်အောက်ငယ်သားရောက်လာခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊မြေ၀င်ခြင်း၊ ကွန်ပြူတာ
ဝင်ခြင်းဖြစ်တတ်သည်။ ဆိုင်ကယ် ထွက်ခြင်း၊ ဆိုင်ခန်းထွက်ခြင်းဖြစ်နေမည်။ အလုပ်တွင်
အတိုက်အခံတွေရတတ်သည်။ သည်းခံပြီးနေပါ။
ကျန်းမာရေး။ သွေးထွက်သံယိုဖြစ်ခြင်း၊ ဆီးအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်အောင်အလုပ်များနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၇ ၅ ၀)
သောကြာသားသမီးများ၏ကံကြမ္မာ
အလှအပပစ္စည်းများဝင်ခြင်း၊ လက်ဆောင်ရခြင်းများဆက်တိုက်ဖြစ်နေမည်။ ရွှေလက်စွပ်၊
စိန်လက်စွပ်ဝင်ခြင်းဖြစ်မည်။ ကားဝင်ခြင်း၊ ကားအဟောင်း မှအသစ်ပြောင်းရခြင်း၊ ပျော်ရွှင်သော
ခရီးထွက်ဖြစ်အောင်ထွက်ပါ။ ခရီးထွက်ပြီးသော်စီးပွားပိုကောင်းမည်။ အလုပ်တွင်လစာတိုးခြင်း၊
ဝင်ငွေတိုးခြင်းဖြစ် မည်။ အပိုဝင်ငွေရတတ်သည်။ စာချုပ်စာတမ်းသတိထားပါ။ စာရင်း
အင်းမှားပြီးငွေနှင့်ဖြေရှင်းရတတ်သည်။ အလုပ်တွင်သေချာစွာလုပ်ကိုင်ပါ။
ကျန်းမာရေး။ ဆိုင်ကယ်ကြောင့်သွေးထွက်ခြင်း၊ ကွဲပြဲပြီးချုပ်ရခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ မမှားစေရန်စိတ်ကြိုက်ရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၂ ၁)
စနေသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရတတ်သည်။ မိဘများကိုပိုပြီးကျွေးမွေးပြုစုနိုင်သော
အချိန်ဖြစ်နေသည်။ စီးပွားရေးတိုးတက်ကောင်းမွန်နေသည် သို့သော်အလုပ်တွင်သတိထားပါ။
ခိုက်ရန်ဖြစ်ပွားပြီး အလုပ်အကိုင်ပြောင်းရွေ့ရခြင်း၊ နေရာပြောင်းရွေ့ရခြင်းဖြစ်တတ်သည်။
ခင်မင်သောမိတ်ဆွေများနှင့် လမ်းခွဲရတတ်သည်။ ဆိုင်ကယ်ဝင်တတ်သည်။ ၀ယ်ရန်စဉ်းစားနေသူများဝယ်ပါ။ ကောင်းသည်။ အစစအရာရာအောင်မြင်နေမည်။
ကျန်းမာရေး။ အကြောနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။  အချစ်ရေးအဆင်ပြေနေမည်။ အချစ်သစ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စမူဆာကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅  ၃ ၁ ၂)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

တပ်မတော်သားလေးဦးကို အဓမ္မမှုဖြင့် အမှုဖွင့်စစ်ဆေး

အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သည်ဆိုသော စွပ်စွဲချက်ဖြင့် တပ်မတော်စစ်သည်လေးဦးကို သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဒလမြို့နယ် တုံးတင်ကန်မြောက် လယ်ကွင်းတွင် အသက် ၂၇နှစ်အရွယ် အိမ်ထောင်သည် မ --- သည် သမီးဖြစ်သူနှင့်အတူ ဇူလိုင် ၁၈ ရက် ည ၇ နာရီတွင် လယ်တဲဈေးဆိုင်သို့ ဈေးဝယ်ပြီး ပြန်လာစဉ် ရခိုင်ချောင်ရေတပ်တိုက်လိုင်းခန်းအနီးအရောက် တပ်မတော်(ရေ)စစ်သည်လေးဦးက သား မယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မ --- (၂၇ နှစ်) နှင့် သမီးဖြစ်သူတို့ သားအမိနှစ်ဦး ဈေးဝယ်ပြန်လာခဲ့ရာ တပ်မတော်ရေမှ စစ်သည်လေးဦးက “ဟေ့ကောင်မ ခဏရပ်ဦး၊ နင့်ကို ငါတို့အရာရှိခေါ်နေတယ် လိုက်ခဲ့”ဟုပြောကာ လက်ဝဲလက်အား လက်ထိပ်ခတ်၍ခေါ်ဆောင်ကာ သမီးဖြစ်သူကို နှင်ထုတ်ပြန်လွှတ်ခဲ့သည်။

တပ်လိုင်းခန်းသို့ ခေါ်ဆောင်လာစဉ် လယ်ကန်သင်းတစ်ခုအရောက် တွန်းလှဲ၍ ၎င်းတို့လေးဦးက သားမယားအဖြစ် တစ်ကြိမ်စီ ပြုကျင့်ခဲ့ပြီးနောက် တပ်လိုင်းထဲရှိ အခန်းထဲထည့်ထားပြီး ည ၉ နာရီအချိန်၌ အထက်ပါလေးဦးက ထပ်မံ တစ်ကြိမ်စီ အဓမ္မပြုကျင့်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ပြုကျင့်ပြီးနောက် စစ်သည်လေးဦးက နောက်ထပ်လာဦးမည်ဟုဆိုကာ အခန်းအတွင်းမှ ထွက်သွားစဉ် မ--- သည် အခန်းထဲရှိ အုတ်ခဲဖြင့် သော့အား ရိုက်ချိုးထွက်ပြေးရာ ၎င်းတို့လေးဦးက လိုက်လံဖမ်းဆီးပြီး ခြေလက်တို့အား ကြိုးဖြင့်ချည်၍ တပ်လိုင်းခန်းသို့ ပြန်လည်ခေါ်ဆောင်ကာ အဆိုပါလေးဦးထဲမှ တစ်ဦးက သားမယားအဖြစ် တတိယအကြိမ်ပြုကျင့်ခဲ့သည်ဟုဆိုသည်။

ဇူလိုင်လ ၁၉ ရက်တွင် ကြိုးဖြေပေးခဲ့ကာ ထိုလေးဦး၏အထက် အရာရှိအား အမျိုးသမီးက ဖြစ်စဉ်ကို တိုင်ကြားခဲ့သည်။ ထိုအရာရှိက သူမအား လိမ်သည်ဟုဆိုကာ အနီးရှိ ၀ါးလုံးတုတ်ဖြင့်ရိုက်နှက်ပြန်သည်။ ၄င်းအပြင် အဓမ္မပြုကျင့်ရာတွင် ပါဝင်သူတစ်ဦးက ဒူးဖြင့် မျက်နှာအားတိုက်ခြင်း၊ ရိုက်နှက်ခြင်းတို့ပြုလုပ်ကာ မ --- အား နေအိမ်တဲသို့ ပြန်ပို့ခဲ့သည်။

ယင်းသို့ ပြန်ပို့စဉ် နေအိမ်တဲအနီးရှိ လူလေးဦးက တွေ့မြင်သိရှိကြောင်း၊ ၎င်းနောက် ဖြစ်စဉ်ကို တုံးတင်ကန်မြောက်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ပြီး ပျော်ဘွယ်ကြီးရဲစခန်းသို့လည်း တိုင်ကြားပြီးနောက် မ --- သည် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပျော်ဘွယ်ကြီးရဲစခန်းက(ပ)၁၆၂/ ၁၂၊ ပုဒ်မ-၃၇၆/၃၄၂/၃၂၅/ ၁၁၄ ဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ်သိန်းမြင့်ဆွေ(စခမ)က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှသတင်းရရှိသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ပျော်ဘွယ်ကြီးရဲစခန်းသို့ ဇူလိုင် ၂၃ ရက်တွင် 7Day News မှ ဖုန်း ဖြင့်ဆက်သွယ်မေးမြန်းရာ ရဲအုပ်သိန်းမြင့်ဆွေက စွပ်စွဲခံရသူများအား စစ်ဆေးဆောင်ရွက်နေသည်ဟု ပြန်လည်ဖြေကြားသည်။



By Freedom News Group

ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ ပြည်ပရောက် ကျောင်းသားတွေ ပြည်တော်ပြန်လာနိုင်ရေးဆွေးနွေး

ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့ပြီး လက်ရှိ ပြည်ပရောက်နေတဲ့
ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ ဂုဏ်သိက္ခာရှိရှိ ပြည်တော်
ပြန်လာနိုင်ရေး သမ္မတ ဦးသိန်းစိန်ရဲ့ ညွန်ကြားချက်အရ ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ညှိုနှိုင်းနေတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က
ပြောပါတယ်။

"အဓိက ကတော့ သမ္မတကြီးနဲ့ ဦးအောင်မင်း ဘက်ကတော့ ကျနော်တို့ ၈၈ တုန်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အဓိက ဦးဆောင်
ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ သိက္ခာရှိရှိ ပြန်လာလို့ ရအောင် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဗီဇာထုတ်ပေးပြီးတော့ မြန်မာနိုင်ငံကို အလည်အပတ် သွားတာမျိုးထက် စာရင် ဒီ ၈၈ လူထုအုံကြွမှုကြီးမှာ ဦးဆောင်ခဲ့ကြတဲ့၊ နောက်ပြီးတော့ ဒီထိုင်း-မြန်မာ နယ်စပ်၊ အိန္ဒိယ - မြန်မာနယ်စပ် တွေမှာ ဒီလို ကျောင်းသား
တပ်မတော်၊ ကျောင်းသား အဖွဲ့အစည်းတွေကို ဦးဆောင်ခဲ့ကြတဲ့
ဒီ ခေါင်းဆောင်တွေကို သိက္ခာရှိအောင်၊ သူတို့ရဲ့ အခန်း ကဏ္ဍကိုလည်း အသိအမှတ် ပြုစေချင်တဲ့ အပိုင်းမှာ ညှိနှိုင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။ "

မြန်မာပြည်ကို ပြန်ဖို့ ဆွေးနွေးနေသူတွေထဲမှာ ကျောင်းသားတပ်မတော် ABSDF ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန် အပါအ၀င် စုစုပေါင်း (၁၁) ဦးပါဝင်ပါတယ်။



By RFA Burmese

ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ ပြည်ပရောက် ကျောင်းသားတွေ ပြည်တော်ပြန်လာနိုင်ရေးဆွေးနွေး

ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့ပြီး လက်ရှိ ပြည်ပရောက်နေတဲ့
ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ ဂုဏ်သိက္ခာရှိရှိ ပြည်တော်
ပြန်လာနိုင်ရေး သမ္မတ ဦးသိန်းစိန်ရဲ့ ညွန်ကြားချက်အရ ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ညှိုနှိုင်းနေတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က
ပြောပါတယ်။

"အဓိက ကတော့ သမ္မတကြီးနဲ့ ဦးအောင်မင်း ဘက်ကတော့ ကျနော်တို့ ၈၈ တုန်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အဓိက ဦးဆောင်
ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ သိက္ခာရှိရှိ ပြန်လာလို့ ရအောင် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဗီဇာထုတ်ပေးပြီးတော့ မြန်မာနိုင်ငံကို အလည်အပတ် သွားတာမျိုးထက် စာရင် ဒီ ၈၈ လူထုအုံကြွမှုကြီးမှာ ဦးဆောင်ခဲ့ကြတဲ့၊ နောက်ပြီးတော့ ဒီထိုင်း-မြန်မာ နယ်စပ်၊ အိန္ဒိယ - မြန်မာနယ်စပ် တွေမှာ ဒီလို ကျောင်းသား
တပ်မတော်၊ ကျောင်းသား အဖွဲ့အစည်းတွေကို ဦးဆောင်ခဲ့ကြတဲ့
ဒီ ခေါင်းဆောင်တွေကို သိက္ခာရှိအောင်၊ သူတို့ရဲ့ အခန်း ကဏ္ဍကိုလည်း အသိအမှတ် ပြုစေချင်တဲ့ အပိုင်းမှာ ညှိနှိုင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။ "

မြန်မာပြည်ကို ပြန်ဖို့ ဆွေးနွေးနေသူတွေထဲမှာ ကျောင်းသားတပ်မတော် ABSDF ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန် အပါအ၀င် စုစုပေါင်း (၁၁) ဦးပါဝင်ပါတယ်။



By RFA Burmese

ရှမ်းစာပေနဲ့ယဉ်ကျေးမှု အစည်းအဝေးပြီးဆုံး

ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ က ရှမ်းစာပေနဲ့ပတ်သက်လို့ အနယ်အနယ် အရပ်ရပ်က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ ကိုးမိုင်စခန်းမှာ ဒီနေ့ 
နောက်ဆုံးဆွေးနွေးပြီး သူတို့စာပေသင်ကြားခွင့်ရဖို့အတွက် ပညာရေးဌာန
ကို တင်ပြသွားမယ်လို့ သိရပါတယ်။

မနေ့ကနဲ့ ဒီနေ့ ရှမ်းစာပေနဲ့ပတ်သက်လို့ ၂ရက်ကြာဆွေးနွေးကြတာ
ဖြစ်ပါတယ်။ အခုလို ဆွေးနွေးရတဲ့ အဓိကအကြောင်းနဲ့ပတ်သက်လို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဒေါက်တာစိုင်းစံအိုက်က အခုလိုပြောပါတယ်

"တလောက မြန်မာ့အလင်းမှာပါတယ်လေ။ ၀န်ကြီးက တိုင်းရင်းသား ဘာသာစကားကို မူလတန်းမြန်မာစာကနေ တိုင်းရင်းသား ဘာသာသင်ရင် ရမလားလို့ ပါတယ်လေ ။ ပညာရေးဝန်ကြီးရဲ့ တာဝန်ပေးချက်အရ ဘာသာပြန်ကြတာပေါ့ဗျာ။ ဘာသာပြန်လည်း ပြီးသွားပြီ။ ဒါပေမဲ့ လေ့လာကြည့်တဲ့အခါမှာ တိုင်းရင်းသားတွေ နားလည်အောင် လုပ်လို့မရဘူးပေါ့။ ဥပမာ ဗျည်းက မမ၀၀ ဗျည်းနဲ့ပဲ စာလုံးဝါကျ လုပ်သွားတာကိုး။ ဘာသာပြန်တဲ့အခါမှာ အဲလို ဗျည်းနဲ့ဝါကျ လုပ်လို့ မရတော့ဘူးဗျ။ အဲလိုဖြစ်တော့ သင်လို့မရတော့ဘူးဆိုတဲ့အကြောင်း ကျနော်တို့ လာပြီးဆွေးနွေးကြတာပါ။"

ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ် နဲ့ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၀ ကျော်က ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်တွေအပြင် ရှမ်းနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေလည်း တက်ရောက်တယ်လို့ သိရပါတယ်။ ဒီနေ့ နောက်ဆုံးဆွေးနွေးဆုံးဖြတ်ချက်တွေကို ပညာရေးဝန်ကြီးဌာနကို တင်ပြသွားမယ်လို့လည်း သူက ပြောပါတယ်။

"ဒီမြို့နယ်တွေကနေ ကိုယ့်ရဲ့အခက်အခဲ တင်ပြနေတာတွေပဲ ရှိပါတယ်။ များများစားစားကြီးတော့ ဆုံးဖြတ်နိုင်တာတွေ မရှိပါဘူးခင်ဗျ။ အဓိကတော့ ဘာသာပြန်တဲ့ဟာက သူတို့တိုင်းရင်းသား ဘာသာစကားကို မတတ်နိုင်ဘူး ဆိုတဲ့ အချက်တစ်ချက်ရယ်၊ နောက် သင်ခွင့်ရှိရင် တိုင်းရင်းသားဘာသာ ကိုပဲ ခွင့်ပြုဖို့၊ နောက်ပြီးတော့ သင်မယ်ဆိုရင်လည်း ကျောင်းချိန်အတွင်း ဖွံ့ဖြိုးရေးအချိန်လေးမှာ စိတ်ကြိုက်ဘာသာအဖြစ် သင်ဖို့ အဲဒါလေးတွေ
ပြန်အဆိုတင်ဖို့ပါ ပညာရေးဝန်ကြီးဆီကိုပါပဲခင်ဗျ"

ရှမ်းစာပေဟာ များသောအားဖြင့် တူညီတာရှိပေမဲ့ ရှမ်းမျိုးနွယ်ထဲက ရှမ်းတမျိုးဖြစ်တဲ့ ရှမ်းပြည် အရှေ့ခြမ်း ကျိုင်းတုံဘက်မှာ အနေများတဲ့ ဂုံရှမ်းနဲ့တော့ အနည်းငယ် ကွဲပြားမှုရှိတယ်လို့ သိရပါတယ်။ ၁၉၆၄ ခုနှစ် ကတည်းက ရှမ်းစာပေ တရားဝင်သင်ကြားခွင့်မရတာကြောင့် ရှမ်းစာပေ မတတ်တဲ့သူ အများအပြားရှိတယ်လို့ သိရပါတယ်။



By RFA Burmese

ဦးနေမျိုးဝေကို ရဲကစစ်ဆေး


ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသရေဖျက်မှု နဲ့ တရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး မင်္ဂလာဒုံရဲစခန်းက ဦးနေမျိုးဝေကို ဒီကနေ့  ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ 

ဇေကမ္ဘာ ကုမ္ပဏီက စက်မှုဇုံအဖြစ်ချထားပေးခြင်းမရှိ ၊ လန ၃၉ မကျ ၊ လယ်ယာမြေအသုံးပြုခွင့်မရှိဘဲ နဲ့  အဆောက်အဦးတွေဆောက်တာ ၊ လမ်းတွေဖေါက်တာ ၊ အုတ်မြောင်းတွေဆောက်တာ ၊ မီးတိုင်တွေစိုက် တာတွေ ဟာ ဥပဒေနဲ့ မညီကြောင်း ၊ဒါ့အပြင် လယ်ယာမြေတွေကို
နိုင်ငံတော်က သိမ်းတယ်လို့ တောင်သူလယ်သမားတွေကို ကုမ္ပဏီက ပြောဆိုနေတာတွေဟာ မမှန်ကန်ကြောင်း ဂျာနယ်တွေကို ဦးနေမျိုးဝေက ပြောခဲ့ တယ်လို့  ဆိုပါတယ်။

စက်မှုဇုံ ၁ ၊ ၂ ၊ ၃ အဖြစ် လယ်မြေဧက ၃ ထောင်ကျော်မှာ လန ၃၉ ကျသွားပြီဖြစ်ပါတယ်။ စက်မှုဇုံ ၄ ကတော့ လန ၃၉ မကျဘဲ သီးစားပြန်ချထားတာဖြစ်ပါတယ်။

ဦးနေမျိုးဝေဟာ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမား (၈၀) ကျော်ပိုင်တဲ့ လယ်မြေ (၈၁၅) ဧက ကို ဇေကမ္ဘာကုမ္ပဏီလက်ထဲကနေ လယ်သမားတွေလက်ထဲ ပြန်လည်ရောက်ရှိရေး၊ ဒါမှမဟုတ် ကာလ
ပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်းကို နစ်နာကြေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

အဲဒိလယ်မြေ တွေကို စက်မှုဇုန်တည်ဆောက်ဖို့ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။

ဦးနေမျိုးဝေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရွှေနံ့သာကျေးရွာက လယ်မြေတွေသိမ်းယူခံထားရတဲ့ လယ်သမားတွေအပါအ၀င်၊ တောင်သူ ၂၀၀ လောက်ကို ဦးဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။



By RFA Burmese