Tuesday 24 July 2012

ရှမ်းစာပေနဲ့ယဉ်ကျေးမှု အစည်းအဝေးပြီးဆုံး

ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ က ရှမ်းစာပေနဲ့ပတ်သက်လို့ အနယ်အနယ် အရပ်ရပ်က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ ကိုးမိုင်စခန်းမှာ ဒီနေ့ 
နောက်ဆုံးဆွေးနွေးပြီး သူတို့စာပေသင်ကြားခွင့်ရဖို့အတွက် ပညာရေးဌာန
ကို တင်ပြသွားမယ်လို့ သိရပါတယ်။

မနေ့ကနဲ့ ဒီနေ့ ရှမ်းစာပေနဲ့ပတ်သက်လို့ ၂ရက်ကြာဆွေးနွေးကြတာ
ဖြစ်ပါတယ်။ အခုလို ဆွေးနွေးရတဲ့ အဓိကအကြောင်းနဲ့ပတ်သက်လို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဒေါက်တာစိုင်းစံအိုက်က အခုလိုပြောပါတယ်

"တလောက မြန်မာ့အလင်းမှာပါတယ်လေ။ ၀န်ကြီးက တိုင်းရင်းသား ဘာသာစကားကို မူလတန်းမြန်မာစာကနေ တိုင်းရင်းသား ဘာသာသင်ရင် ရမလားလို့ ပါတယ်လေ ။ ပညာရေးဝန်ကြီးရဲ့ တာဝန်ပေးချက်အရ ဘာသာပြန်ကြတာပေါ့ဗျာ။ ဘာသာပြန်လည်း ပြီးသွားပြီ။ ဒါပေမဲ့ လေ့လာကြည့်တဲ့အခါမှာ တိုင်းရင်းသားတွေ နားလည်အောင် လုပ်လို့မရဘူးပေါ့။ ဥပမာ ဗျည်းက မမ၀၀ ဗျည်းနဲ့ပဲ စာလုံးဝါကျ လုပ်သွားတာကိုး။ ဘာသာပြန်တဲ့အခါမှာ အဲလို ဗျည်းနဲ့ဝါကျ လုပ်လို့ မရတော့ဘူးဗျ။ အဲလိုဖြစ်တော့ သင်လို့မရတော့ဘူးဆိုတဲ့အကြောင်း ကျနော်တို့ လာပြီးဆွေးနွေးကြတာပါ။"

ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ် နဲ့ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၀ ကျော်က ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်တွေအပြင် ရှမ်းနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေလည်း တက်ရောက်တယ်လို့ သိရပါတယ်။ ဒီနေ့ နောက်ဆုံးဆွေးနွေးဆုံးဖြတ်ချက်တွေကို ပညာရေးဝန်ကြီးဌာနကို တင်ပြသွားမယ်လို့လည်း သူက ပြောပါတယ်။

"ဒီမြို့နယ်တွေကနေ ကိုယ့်ရဲ့အခက်အခဲ တင်ပြနေတာတွေပဲ ရှိပါတယ်။ များများစားစားကြီးတော့ ဆုံးဖြတ်နိုင်တာတွေ မရှိပါဘူးခင်ဗျ။ အဓိကတော့ ဘာသာပြန်တဲ့ဟာက သူတို့တိုင်းရင်းသား ဘာသာစကားကို မတတ်နိုင်ဘူး ဆိုတဲ့ အချက်တစ်ချက်ရယ်၊ နောက် သင်ခွင့်ရှိရင် တိုင်းရင်းသားဘာသာ ကိုပဲ ခွင့်ပြုဖို့၊ နောက်ပြီးတော့ သင်မယ်ဆိုရင်လည်း ကျောင်းချိန်အတွင်း ဖွံ့ဖြိုးရေးအချိန်လေးမှာ စိတ်ကြိုက်ဘာသာအဖြစ် သင်ဖို့ အဲဒါလေးတွေ
ပြန်အဆိုတင်ဖို့ပါ ပညာရေးဝန်ကြီးဆီကိုပါပဲခင်ဗျ"

ရှမ်းစာပေဟာ များသောအားဖြင့် တူညီတာရှိပေမဲ့ ရှမ်းမျိုးနွယ်ထဲက ရှမ်းတမျိုးဖြစ်တဲ့ ရှမ်းပြည် အရှေ့ခြမ်း ကျိုင်းတုံဘက်မှာ အနေများတဲ့ ဂုံရှမ်းနဲ့တော့ အနည်းငယ် ကွဲပြားမှုရှိတယ်လို့ သိရပါတယ်။ ၁၉၆၄ ခုနှစ် ကတည်းက ရှမ်းစာပေ တရားဝင်သင်ကြားခွင့်မရတာကြောင့် ရှမ်းစာပေ မတတ်တဲ့သူ အများအပြားရှိတယ်လို့ သိရပါတယ်။



By RFA Burmese

No comments:

Post a Comment