Saturday 28 July 2012

မြန်မာ့ပညာရေး ပြောင်းလဲသင့်တာတွေ ပညာရှင်တွေ ဆွေးနွေး



မြန်မာပြည်ရဲ့ ပညာရေးဟာလည်း ပြုပြင်ပြောင်းလဲရမယ့် အချိန်ရောက်နေပြီလို့ မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ လူငယ်ပြုစုပျိုးထောင်ရေး ပညာရေး ဆွေးနွေးပွဲမှာ ဘာသာရပ်အလိုက် ပညာရှင်တွေက ဆွေးနွေး ပြောကြားပါတယ်။ သည်ဆွေးနွေးပွဲမှာ မြန်မာပြည် ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံအချက်တွေ ဖြစ်တဲ့ မနက်တစ်ပိုင်းပဲ ကျောင်းတက်ပြီး ညနေပိုင်းအချိန်မှာ ကလေးတွေ ဝါသနာပါရာ အသက်မွေးဝမ်း ကျောင်းပညာတွေကို လွတ်လပ်စွာ သင်ယူခွင့်၊ အလယ်တန်းပညာ ငါးတန်းကစပြီး ကလေးတွေ ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်းပညာ ရွေးချယ်သင်ယူခွင့်၊ အမှတ်စာရင်းနဲ့ခွဲတဲ့ ပညာရေးစနစ်အပြင် အခြားပြုပြင် ပြောင်းလဲသင့်တဲ့ အချက်အလက်တွေကိုပါ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရှင်တွေက အဓိက ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆေးဝါးကျွမ်းကျင် သင်တန်းတစ်ခုရဲ့ သင်တန်းဆရာ ဒေါက်တာဇာနည်ဇင် “မနက်ခင်းမှာ စာသင်မယ်၊ ညနေပိုင်းမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုကို အလယ်တန်းကစပြီး အခြေခံကို တစ်ဆင့်ပြီး တစ်ဆင့် သင်ပေးမယ်ဆိုရင် အထက်တန်းပညာရေး ပြီးဆုံးတာနဲ့ အခြေခံအဆင့် သင်တန်းတွေလဲ ပြီးသွားမယ်၊ ဆယ်တန်း အောင်ပြီးသွားရင် ဝါသနာပါတဲ့ တက္ကသိုလ်တစ်ခုကို တက်ရင်းနဲ့ အလုပ်တွေရအောင် ကူညီစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက် ဖြစ်တယ်” လို့ ဆွေးနွေးပွဲမှာ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်စာတမ်းကို ဖတ်ကြားသွားခဲ့ပါတယ်။ ပညာရေးကဏ္ဍကြီးဟာ ကြီးမားကျယ်ပြန့်တဲ့အတွက် ယခုလက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲဖို့ဆိုရင် သင်ရိုးညွှန်းတမ်းတွေ၊ အဆောက်အအုံတွေနဲ့ သင်ထောက်ကူပစ္စည်းတွေအပြင် အမှတ်စာရင်းနဲ့ခွဲတဲ့ ပညာရေးစနစ်ပါ အဓိက ပြုပြင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒေါက်တာဇာနည်ဇင်က “အခြေခံပညာအထက်တန်း ပြီးသွားရင် ဘယ်လိုပညာရပ်ပဲ ဖြစ်ဖြစ် အမှတ်နဲ့ခွဲခြားတာမျိုး မလုပ်ဘဲ ကိုယ်ဝါသနာပါရာကို ရွေးချယ်ပြီး ဖြေဆိုဖို့အတွက် ဝင်ခွင့်ဆိုတာတွေ ရှိသင့်တယ်” လို့ ပြောတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ပညာအရည်အချင်း မြှင့်တင်ပေးဖို့ လိုအပ်တာအပြင် သင်ရိုးညွှန်းတမ်းတွေကလည်း နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေနဲ့ ယှဉ်နိုင်အောင် ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် နိုင်ငံတကာ အဖွဲအစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ပညာရေးပြုပြင် ပြောင်းလဲဖို့အတွက် ပညာရေးဆွေးနွေးပွဲမှာ ဖတ်ကြားသွားတဲ့ စာတမ်းတွေနဲ့ ဘာသာရပ်အလိုက် ပညာရှင်အစုအဖွဲ့တွေ ဖွဲ့စည်းပြီး အဲသည် ပညာရှင်တွေ ပြုစုရေးသားတဲ့ စာတမ်းတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကနေ တစ်ဆင့် ပြည်သူ့လွှတ်တော်ကို တင်သွင်းကြမှာ ဖြစ်ပါတယ်။ ဒေါက်တာသန်းထိုက်ဦးက “ဒီအကြံပြုချက်တွေကို လွှတ်တော်ကသာ လက်ခံခဲ့မယ်ဆိုရင် ဆရာ၊ ဆရာမတွေလဲ လွတ်လွတ်လပ်လပ် အခွင့်အရေးရသလို ဆရာ၊ ဆရာမတွေရဲ့ အမှန်တကယ် လိုအပ်ချက်ကို အစိုးရက ဖြည့်ဆည်းပြီး ပညာရေးစနစ်ကြီး ကောင်းမွန်အောင် လုပ်သွားမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပညာရေး အနာဂတ် ထွန်းလင်းတောက်ပ လာလိမယ့်မယ်” လို့ ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ 

အငြင်းပွားဖွယ် ပိုက်လိုင်းကြီး နှစ်ခု


http://www.irrawaddy.org/wp-content/gallery/in-pictures-chinas-dream-of-burmese-gas/dsc_0171.jpg
ရှမ်းပြည်နယ်မှာ တွေ့ရတဲ့ ပိုက်လိုင်းညီနောင် (ဓာတ်ပုံများ - ဧရာဝတီ)



ရခိုင်ပြည်နယ်ကနေ ရှမ်းပြည်နယ်အထိ ရှည်လျားတဲ့ ပိုက်လိုင်းကြီး ၂ လိုင်း တောင်ကျော် တောကျော် ဖောက်လုပ်သွယ်တန်းနေတာ အတော် ခရီးရောက်နေပါပြီ။

မိုင် ၅၀၀ ကျော် ရှည်တဲ့ ဒီပိုက်လိုင်းကြောင့်
မြို့ပေါင်း ၂၁ မြို့က
ဒေသခံ ၈၀,၀၀၀ တိုက်ရိုက် ထိခိုက် နစ်နာရတယ်လို့ Sold Out (အကုန်ရောင်းတဲ့မူဝါဒ) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပိုက်လိုင်းနယ်မြေတွေကို လုံခြုံရေးပေးဖို့ အစိုးရက တပ်ရင်းပေါင်း ၃၃ ခု ချထားပါတယ် တဲ့။


ဒီပိုက်တွေက ဘာတွေလဲ

တခုက ရေနံပိုက်၊ တခုက ဓာတ်ငွေ့ပိုက်
~ ရခိုင်ပြည်နယ်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ပို့မယ်
~ ရခိုင်ကမ်းခြေကို ပင်လယ်ဖြတ် ရောက်လာတဲ့ ရေနံကို သိုလှောင် သန့်စင်ပြီး တရုတ်ပြည်ပို့မယ်

ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ ဖော်ပြထားတဲ့ In Pictures—China’s Dream of Burmese Gas က ဓာတ်ပုံတချို့ကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။



http://blog.irrawaddy.org/2012/07/blog-post_2492.html

မြန်မာ့ပထမဦးဆုံး ISO လက်မှတ်ရ အဝေးပြေးယာဉ်လိုင်း ပေါ်ပေါက်လာမည်



မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် နိုင်ငံတကာအရည်အသွေးမြင့် စီမံခန့်ခွဲမှု (ISO) လက်မှတ်ရ အဝေးပြေး ယာဉ်လိုင်းတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းယာဉ်လိုင်းမှာ Elite Express အဝေးပြေး ယာဉ်လိုင်းဖြစ်ပြီး ယခုအခါ Guardian Independent Certification (GIC) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က လာရောက်စစ်ဆေးနေပြီဖြစ်ကြောင်း အဆိုပါယာဉ်လိုင်း၏ မန်နေဂျာ ကိုထွန်းမြင့်စံက ပြောသည်။ “မြန်မာနိုင်ငံမှာရှိတဲ့ GIC ကိုယ်စားလှယ်က ကနဦး လာစစ်နေပါတယ်။ ဒုတိယတစ်ကြိမ်ကိုတော့ နိုင်ငံခြားမှာရှိတဲ့ GIC က ကိုယ်တိုင်လာစစ်မှာ ဖြစ်တယ်” ဟု ယင်းက ဆိုပါသည်။ Elite အဝေးပြေးယာဉ်လိုင်းတွင် အသုံးပြုသော ယာဉ်များသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဥရောပနိုင်ငံထုတ် ကားများ SCANIA အမှတ်တံဆိပ်များဖြစ်ပြီး ဆွီဒင်နိုင်ငံထုတ် ကိုယ်ထည်၊ ဖရိန်၊ အင်ဂျင်များ ဖြစ်ပြီး မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဒီဇိုင်းကို တည်ဆောက်၍ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့နှင့် စနစ်တကျ ရွေးချယ်ထားသည့် ဆားဗစ်ပေးသော ဝန်ထမ်းများကို အဆိုပါ ယာဉ်လိုင်းတွင် ခန့်အပ်ထားပြီး ယာဉ်၏ မောင်းနှင်မှု အစိတ်အပိုင်းကို ကွန်ပျူတာစနစ်ဖြင့် ကန့်သတ်ထိန်းချုပ်ထားကြောင်း လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်မှ နေပြည်တော်သို့ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာမြို့များကို ဆက်လက်ပြေးဆွဲခဲ့ရာ လာမည့် သြဂုတ်လတွင် လားရှိုးသို့ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ဝန်ထမ်းခန့်တဲ့အခါမှာ ဘေးအန္တရာယ် ကင်းရှင်းရေးကိစ္စကို ဦးစားပေးပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကညနက ယာဉ်နောက်လိုက် သင်တန်းဆင်းပြီးသား လူတွေကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။ အဓိကကတော့ တစ်နာရီကို တစ်ရာကီလိုမီတာနှုန်းထက် ပိုမောင်းလို့မရတဲ့ ကွန်ပျူတာစနစ်နဲ့ ယာဉ်မောင်းနှင်မှုကို ကန့်သတ်ထားပါတယ်” ဟု ကိုထွန်းမြင့်စံက ရှင်းပြသည်။ Elite Express အဝေးပြေး ယာဉ်လိုင်းမှ ရယူမည့် ISO အဆင့်အတန်းမှာ အင်္ဂလန်နိုင်ငံက လက်ခံထားသော ကွာလတီဖြစ်ပြီး ISO 9001:2008 ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ဆင်ခရွန်ကကိုလတ်နဲ့ ၂၀၁၂ စင်ကာပူ၊ မြန်မာအခြေအနေ


"ဘာကြောင့် မြန်မာပြည်က အိမ်ဈေးတွေ မတရားဈေးကြီးနေရသလဲ။ စင်ကာပူ ပင်နီစူလာဆိုင်ခန်းငှားခတွေ အရမ်းဈေးကြီးနေရပါသလဲ ။ ဆန်းစစ်ကြည့်တော့ ဘယ်သူမပြု မိမိမှုလို့ပဲ ကောက်နုတ်ပါတယ်"

ဇော်အောင် (မုံရွာ)

ကျွန်တော့်မှာ ခင်မင်လေးစားရဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၉၉၀ခုနှစ်လောက် ကျွန်တော်တို့ အင်ဂျင်နီယာပေါက်စများစွာ မြန်မာပြည်က နည်းအမျိုးမျိုးနဲ့ ထွက်လာပြီး စင်ကာပူမှာ သူများမလုပ်ချင်တဲ့ သင်္ဘောကျင်း၊ ဆောက်လုပ်ရေးအလုပ်တွေကို လာလုပ်ချိန်မှာ ကိုလတ်ဆိုတဲ့ အီလက်ထရွန်းနစ်ပညာ ကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို ခင်မင်ရပါတယ်။ သူ့ရဲ့အလုပ်ကြိုးစား၊ တတ်သိကျွမ်းကျင်မှုကြောင့် သူအလုပ်လုပ်တဲ့ Syncron ဆိုတဲ့ သင်္ဘောအော်တိုမေးရှင်းကုမ္ပဏီလေးမှာ သူဌေးတော်တော်အားကိုးရတဲ့လူ ဖြစ်လာပါတယ်။

သူလည်းပဲ မြန်မာပြည် ဖားအံဘိလပ်မြေစက်ရုံက Government Gazetted Office ဘ၀ကနေ ထွက်လာပြီး စင်ကာပူအလုပ်လာရှာတဲ့အချိန် Syncron မှာလုပ်နေတဲ့ ဗမာတစ်ယောက်က တစ်လစာ ပွဲခပေးရမယ်ပြောပြီး အလုပ် ရခဲ့ပါတယ်။ အဲဒီခေတ်က အခုခေတ်လို အလုပ်မရခင် ဒေါ်လာ ၃ထောင်ကျော် ပွဲစားခပေးရတဲ့ခေတ် မဟုတ်သေးပါဘူး။ ပွဲစားဆိုတာလည်း ရှားပါတယ်။ ခပ်ရှင်းရှင်းပြောရရင် ဗမာနည်းသေးတော့ လပ်ပေးတဲ့အကျင့် (ဆောရီး .. လက်ဆောင်ပေးတဲ့အကျင့်) ရနေတဲ့ ဗမာများကို ကူညီမဲ့ပွဲစားလူတန်းစား နည်းပါးတဲ့အချိန်ပါ။ အဲ .. လကုန် တော့ အတူအလုပ်လုပ်နေတဲ့ စီနီယာ မြန်မာအစ်ကိုကြီးကို ကိုလတ် တစ်လစာပေးလိုက်ရပါတယ်။ ပွဲစားကိုပေးရမယ်ဆိုလို့ တစ်လစာ (အဲ ဒီခေတ်က ဒေါ်လာ၁၅၀၀) ပေးလိုက်ရပေမဲ့ ဘယ်ကျေနပ်နိုင်မလဲ။ ကုမဏ္ဍီမှာ လအနည်းငယ် လုပ်ပြီးတာနဲ့ အဲဒီပွဲစားဟာ သူနဲ့အတူလုပ်နေ တဲ့ ဗမာမိတ်ဆွေ အစ်ကိုကြီးကိုယ်တိုင်ဖြစ်နေတာ မသိချင်ဟန်ဆောင်နေရပါတယ်။

မကြာခင်မှာပဲ ကိုလတ် အလုပ်လုပ်တာ သူဌေးက သဘောကျလာတယ်။ မြန်မာပြည်က ထွက်လာသူ ဗမာများကလည်း ဗမာရှိတဲ့ ကုမ္ပဏီကို လိုက်ရှာပြီး လည်တဲ့လူက တိုက်ရိုက် ကုမဏီကို ဖုန်းဆက်၊ အလုပ်လျှောက်လွှာပို့ လုပ်ကြတယ်။ ဒါပေမဲ့ သူဌေးက ကိုလတ်ကို Recommend လုပ်ခိုင်းတယ်။ ကိုလတ်ကလည်း အဲဒီ အလုပ်လာလျှောက်တဲ့ ဗမာတွေကို တကယ့်ဘွဲ့ရ အင်ဂျင်နီယာဟုတ်တယ် .. သိတာကြောင့် သူဌေးကို အလုပ်ခန့်ဘို့ ထောက်ခံလိုက်ပါတယ်။ အဲဒီလူတွေကိုလည်း သူ့ရှေ့က အစ်ကိုကြီးလုပ်သွားသလို .. အီးပီ(Employment Pass) ကျရင် တစ်လစာပွဲခပေးရမယ်နော် .. သူဌေးကိုပေးရသလို၊ စာရေးမကို ပေးရသလို၊ အပြင်က ပွဲစားတစ်ဦး စာရွက်စာတမ်းလုပ်ပေးသူကို ပေးရသလို ... အလုပ်သိပ်လိုချင်နေတဲ့ လူငယ်အင်ဂျင်နီယာလေးကလည်း အခုချက်ချင်းပေးစရာ မလိုဘူး ..ပထမလခထုတ်မှ ပေးရမယ် ဆိုတော့ ... ပေးမယ်ပေါ့ဗျာ။ ဒါနဲ့ ဗမာလေးတွေ ၃ယောက်လောက် အလုပ်ခန့်လိုက်ပါတယ်။

• ၁၉၉၀ ခေတ် စင်ကာပူ ကနဦးမြန်မာများ
စကားမစပ်ပြောရရင် အဲဒီခေတ်က စင်ကာပူမှာ Work Permit ဆို မလေးရှား၊ အိန္ဒိယား အလုပ်သမားတွေလောက်ပဲ အစိုးရက ချပေးပြီး ဗမာဆိုရင် အီးပီ Employment Pass ပဲ ရှိတယ်။ စင်ကာပူ ပီဒင်ကိုစင်တာက အင်မီဂရေးရှင်းဌာနမှာ ကိုယ်တိုင်သွားတင်ရတယ်။ ကုမဏီ စာရေးမတွေက မအားတော့ အလုပ်သမားကိုပဲ ကိုယ့်ဖာသာ သွားတင်ခိုင်းတယ်။ တစ်လကနေ ၂ လအထိ စောင့်ရတယ်။ အီးပီမကျခင် အ လုပ်လုပ်ခွင့် မရပေမဲ့ Visa ကိုတော့ တစ်လပြီးတလ သက်တမ်းတိုးပေးပါတယ်။ ၂ လကျော်လာရင် Visa Extension ပေးတော့ဘူး။ မလေးရှားက စင်ကာပူနဲ့ကပ်ရပ် ဂျဟိုးမြို့လေးကို ရေလက်ကြားကျော်ပြီး စတေးရှောင်ရတယ်။ အဲဒီခေတ်တုန်းက ဗမာပတ်စပို့ဆိုရင် အရှေ့တောင် အာရှနိုင်ငံအားလုံးကို ဗီဇာမလိုဘူး။ ၀င်ထွက် သွားလာလို့ရတော့ စင်ကာပူမှာ နောက်ဆုံးအချိန်အထိ ကုတ်ကပ်နေပြီး စတေးမရတော့ဘူးဆိုမှ မျက်နှာဇီးရွက်လောက်နဲ့ ဂျဟိုးမြို့လေးကို ထွက်ခွာရပါတယ်။

ဂျဟိုးမှာ အခုခေတ် ၂၀၁၂ မှာဆို ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ ဗမာအလုပ်သမားတွေ အများကြီးဖြစ်နေပီ။ အဲဒီဗမာလေးများနဲ့ တွေ့ဆုံ စကားပြောချိန်မှာ သူတို့ကပြောတယ်။ တဖက်ကမ်းက စင်ကာပူမြို့ကြီးကို လှမ်းလှမ်းကြည့်ပြီး စင်ကာပူမှာ အလုပ်သွားလုပ်ချင်နေကြတာ အခုခေတ် ဂျဟိုးမြို့က ဗမာကလေးများရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ်၂၀က ဂျဟိုးမြို့ရောက် ဗမာကလေးများရဲ့ ရည်မှန်းချက်ကတော့ အလုပ်မရှိ၊ တနေ့ စင်ကာပူ ၅ ဒေါ်လာပေးပြီး အလှည့်ကျ ချက်ပြုတ်စားသောက်ရတဲ့ ဗမာတည်းခိုခန်းလေးမှာ စင်ကာပူ တစ်ခေါက်ပြန်ဝင်ခွင့်ရရေးပါပဲ။ အခု ပင်နီစူလာပလာဇာမှာ မြန်မာဆိုင်ကြီး တွေဖွင့်ပြီး သူဌေးလုပ်နေတဲ့ ဗမာများဟာ တခါက ဂျဟိုးဘာရူးဆိုတဲ့မြို့ကလေးကို မျက်နှာငယ်ငယ်နဲ့ ရောက်ခဲ့ဖူးသူများ ဖြစ်ပါတယ်။ ထားပါတော့။

ကိုလတ် အကြောင်းဆက်ပါမယ်။

အဲဒီ ကိုလတ်ရဲ့ ထောက်ခံစာနဲ့ ခန့်လိုက်တော့ ကုမ္ပဏီမှာ ယာယီအလုပ်လုပ်ခွင့်ရတယ်။ တစ်နာရီကို ၉ဒေါ်လာလောက် သူဌေးကပေးတယ်။ ၀ပ်ရှော့မှာလည်း အလုပ်တွေအများကြီးဆိုတော့ အပြင်က စင်ကာပူလူမျိုးအလုပ်သမားကို ခေါ်ခိုင်းရင် တစ်နာရီ ဒေါ်လာ ၂၀ လောက်ပေး ရပြီး သိပ်ခိုင်းမကောင်းဘူး။ ဗမာကတော့ အိုဗာတိုင်လည်းရတော့ ခိုင်းလို့ တအားကောင်းတယ်။ ညနက်သန်းကောင်လည်း မညီးမငြူလုပ်ပေး တယ်။ အီးပီမကျခင် တစ်လလောက် အလုပ်လုပ်ခွင့်ရတဲ့ ပိုက်ဆံ ဒေါ်လာ ၁၅၀၀ လောက်ဟာ စင်ကာပူ၊မလေးရှားမှာ ၃ လလောက် ကောင်း ကောင်းစားသောက် နေထိုင်လို့ရတယ်။ မြန်မာပြည်က ထွက်လာကတည်းက ချေးငှားထွက်လာသူများပါ။

အီးပီကလည်း ကုမ္ပဏီသိပ်မကောင်းရင် Reject ဖြစ်လေ့ရှိပါတယ်။ ဖောင်ဖြည့်ကတည်းက ကိုယ့်ဘွဲ့၊ အလုပ်အကိုင်စာရင်းတွေမှာ ကို့ရိုကားယားဖြစ်သွားရင်၊ ဥပမာ ဘွဲ့ရတဲ့ခုနှစ်ထက် အလုပ်စလုပ်တဲ့ခုနှစ်ကစောနေရင် Reject ဖြစ်သွားတယ်။ ကုမ္ပဏီမှာ နိုင်ငံခြားသား သိပ်များနေရင်လည်း Reject ဖြစ်သွားတယ်။ ကိုလတ်သူဌေးကတော့ တနာရီ ၉ ဒေါ်လာနဲ့ ဈေးချိုချိုဗမာများကိုအုပ်ချုပ်တတ်တဲ့ ဗမာ အင် ဂျင်နီယာပေါက်စ ကိုလတ်လည်း ရှိပြီးသား ဆိုတော့ ကိုလတ်ထောက်ခံရင် အီးပီတင်ပေးလိုက်တယ်။ အီးပီမကျသူတွေပဲ များပါတယ်။ ဒါပေမဲ့ အလုပ်အသစ်မရှာခင် ဗမာပြည်ကငွေထပ်မှာစရာ မလိုတော့ဘူးပေါ့။ အီးပီကျသွားရင်တော့ ကိုလတ်က တစ်လစာ ပွဲစားခရမယ်လေ။

တကယ်လည်း အီးပီကျလာတဲ့အချိန် ကိုလတ်ရဲ့နှလုံးသားက ပထမအစ်ကိုကြီးလောက် မခက်ထန်ပါဘူး။ လူကသာ မာကြော၊ပြတ်သား၊ အလုပ်လုပ်တတ်၊ ခိုင်းတတ်ပေမဲ့ နှလုံးသားကနူးညံ့တော့ သူတို့ချွေးနဲစာ တစ်လစာကိုယူရမှာ စိတ်မသန့်ဘူး။ အရေးထဲ အီးပီကျသွား သူတွေက ကိုဘိုလတ်ရယ် ခဏဆိုင်းပါဦး။ နောက်လပေးပါမယ် ... ဘာညာနဲ့လုပ်တော့ ကိုလတ်က စိတ်ပျက်လာပြီး ပေးမနေပါနဲ့တော့ကွာ ဆိုပြီး ပွဲခ မယူတော့ဘူး။ အဲဒီနောက်ပိုင်း ကိုလတ် ဘယ်တော့မှ ပွဲခယူတဲ့အလုပ် မလုပ်တော့ပါဘူး။ သူ့ရဲ့ ရိုးသား ဖြောင့်မတ်၊ တည့်တည့် ပြောတတ်တဲ့အကျင့်နဲ့ ပွဲစား လုပ်စားလို့ မရဘူးဆိုတာ ခပ်စောစောပဲ သဘောပေါက်သွားခဲ့ပါတယ်။

ခပ်တိုတိုရေးရင် ကိုလတ်တို့မိသားစု စင်ကာပူကို ရောက်လာကြတယ်။ အမျိုးသမီး မကြည်ကလည်း ခပ်ထက်ထက်၊ စီးပွားရေးတက္ကသိုလ်က ပညာထူးချွန်သူ။ ကိုလတ်ကလည်း အာအိုင်တီ ရန်ကုန်စက်မှုတက္ကသိုလ်က ပညာထူးချွန်တဲ့လူ။ အရင် ရွှေပြည်သာမြို့ငယ်လေးမှာတုန်းကတော့ ပညာတော်တဲ့ ကောင်ကလေးနဲ့ကောင်မလေးတို့ ရန်ကုန်မြို့ကြီးမှာ ကျောင်းလာတက်ကြတယ်။ သူတို့မိဘများကတော့ အသွင် မတူတဲ့အသိုင်းအ၀ိုင်း၊ ကိုလတ်ဇနီးသည်အမျိုးများက ရွှေပြည်သာမှာ ကုန်သည်ပွဲစား၊ ငွေကြေးအသင့်တင့်ရှိသူများ၊ ကိုလတ်အမျိုး များ ကတော့ အေးအေးဆေးဆေးဝန်ထမ်းမျိုး။ နှစ်ဘက်သောမိဘများက ရန်ကုန်တက္ကသိုလ်သွားတက်တဲ့ သားသမီးများအတွက် ဂုဏ်ယူ၊ ပြိုင် ဆိုင်ကြတာပေါ။ နောက်ဆုံး အာအိုင်တီနဲ့အီကိုခေတ် ဆိုတော့ ကိုလတ်နဲ့ မကြည် ၂ ယောက် လူကြုံပစ္စည်းပို့၊ တွေ့ကြရင်းကနေ ဘွဲ့ရပြီး နောက်ပိုင်း ညားလေသတည်း ဖြစ်သွားတယ်။

နှစ်ဖက်သောမိဘများကတော့ ဖြစ်မှဖြစ်ရပလေ.. ငါ့သား၊ ငါ့သမီး .. ငါတို့နဲ့ အဆင်သိပ်ပြေ တဲ့လူနဲ့ ညားစေချင်ပေမဲ့ ကံတရားအတိုင် ကိုလတ်၊ မကြည်တို့ ပညာတတ်မောင်နှံရဲ့ ဘ၀ခရီးအစပေါ့။ မကြည်ကို ရန်ကုန်မှာ ကျောင်း ထားပေးတဲ့ အဒေါ်အရင်းခေါက်ခေါက် (ပါမောက္ခချုပ်ကတော်ကြီး) ဆိုရင် ဖြစ်မှဖြစ်ရပလေ ငါ့တူမရယ်ဆိုပြီး သူပြုစုပျိုးထောင်ထားတဲ့ တူမလေးကို နှမျောရှာတယ်။ ကိုလတ်ကတော့ ခပ်တည်တည်ပေါ့။

• မြန်မာပြည်အိမ်ဈေးကြီးမှု (ပထမအကြိမ်)
စင်ကာပူမှာ ၁၀နှစ်ကျော်လုပ်ပြီးတဲ့နောက် ၁၉၉၇ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ဖြစ်နေချိန်မှာ ကိုလတ် မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ချင် စိတ်ပေါက်လာတယ်။ ဇနီးသည်ကလည်းတားပေမဲ့ နောက်ဆုံး နှစ်ဦးသဘောတူစုဆောင်းထားတဲ့ငွေတွေ ဒေါ်လာသိန်းချီထုတ်ပြီး ဗမာ ပြည်ပြန်၊ အိမ်ငှား၊ ကားဝယ်၊ စီးပွားရေးလုပ်ကြတယ်။ အဲဒီအချိန် စီးပွားရေးသမားတွေက အစိုးရငွေကို တရားမ၀င်ကြေညာမှာ အရမ်း ကြောက်တော့ ငွေကို လက်ထဲကိုင်မထားချင်ဘူး။ ကားစုတ်တွေကိုလည်း သိန်းရာ၊ထောင် ပေးပီး ၀ယ်ရတယ်။ တယ်လီဖုန်းတလုံးကိုလည်း သိန်း ၅၀ လောက် ဈေးပေါက်နေချိန်။ (ငွေလဲနှုံးက US$1=S$1.7, Kyat 200 in 1997) အချိန်မှာဆိုတော့ ဒေါ်လာဈေး သိပ်ကောင်းတဲ့အချိန်ပဲ။

တိုက်ခန်းတစ်ခန်းကို သိန်း ၅၀၊ ၁၀၀ ပတ်ဝန်းကျင် ကန်ထရိုက်တိုက်တွေ ခေတ်စားနေချိန်၊ စီးပွားရေးလုပ်ချင်နေတဲ့ ကိုလတ်၊ မကြည်တို ၀ယ်ရောင်း ချက်ချင်း၊ လက်ငင်း အမြက်ငွေရတဲ့ မြေကွက်၊ လက်ညှိုးထိုးရောင်းဝယ်တဲ့လုပ်ငန်းထဲ ရောက်သွားတယ်။ ဈေးကလည်း တက် လိုက်တာ သိန်း ၂၀ နဲ့မြေကွက်၊ နောက်လူတစ်ယောက်က သိန်း ၂၅ သိန်းပေးတော့ ချက်ချင်းရောင်းပစ်တယ်။ တစ်လအတွင်း စာရင်းချုပ် လိုက်တော့ သိန်း ၅၀ လောက် အမြတ်ထွက်တယ်။ စင်ကာပူမှာ စင်ကာပူဒေါ်လာ ၄ သောင်းကြီးများတောင် တစ်လအတွင်း အမြက်ထွက်သွား တာ၊ ကိုယ်တွေ့ဆိုတော့ ဆက်လုပ်တာပေါ့။ ၀ယ်ထားတာတွေ ရောင်းလိုက်တော့ သိန်း ၂၀၀ လောက်ဖြစ်လာရင် .. အဲဒီခေတ်က ငွေကို ဆာလာအိတ်နဲ့ သယ်တဲ့ခေတ်။ အမြင့်ဆုံးငွေစက္ကူက ကျပ် ၂၀၀ တန်ပဲရှိတော့ သိန်း ၅၀ ဆို ဆန်အိတ် ၅ အိတ်လောက် အထုတ်ကြီးဖြစ် လာတယ်။

ငွေတွေတရားမ၀င်ကြေညာလိုက်ရင် ဒုက္ခပါပဲ .. အိပ်မပျော်ဘူး။ ဒီငွေတွေကို သေချာတဲ့ Property အိမ်မြေအဖြစ်၊ မြန်မြန်ပြောင်း ထားမယ်ဆိုပြီး နောက်နေ့မှာ မြေတွေလိုက်ဝယ်ပစ်လိုက်တယ်။ ၀ယ်ထားတဲ့ မြေကွက်တွေရဲ့ ကာလပေါက်ဈေးတန်ဘိုးတွေကို လင်မယား ၂ ယောက် တွက်ချက်ကြည့်ရင်း စင်ကာပူက ဗမာပြည်ပြန်လာတာမှန်သွားပြီလို့ ထင်ကြတယ်။

သိပ်မကြာပါဘူး။ ငွေတွေလည်း တရားမ၀င်မကြေညာဘဲ၊ အစိုးရက သွင်းကုန်တွေပိတ်လိုက်တယ်။ စီးပွားရေးလုပ်ငန်းတွေ ရပ်သွားတယ်။ မလေးရှားအစိုးရ ၀န်ကြီးချုပ် မဟာသီယာကလည်း စီးပွားရေးကပ်ဟာ အမေရိကန်က ဂျူးသူဌေးကြီး ဂျော့ဆိုးရိုးကြောင့် ဆိုပြီး မလေးရှားရင်း ဂစ်ငွေလဲနှုံးကို မြန်မာအစိုးရ တစ်ဒေါ်လာ ၆ ကျပ်ခွဲ အသေ သတ်မှတ်သလို၊ သူကလည်း အမေရိကန်တစ်ဒေါ်လာ မလေးရှား ၄.၈ ရင်းဂစ် အသေသတ်မှတ်ပစ်တယ်။ ထိုင်းဘုရင်ကလည်း ထိုင်းနိုင်ငံ စီးပွားရေးကပ်က ထွက်ဖို့ ပြည်သူပြည်သားများ ရှိတဲ့ရွှေငွေ၊လက်ဝတ်လက် စားတွေ လာရောက်အပ်နှံရန် အားပေးလို့ ထိုင်းလူမျိုးတွေ မျိုးချစ်စိတ်နဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ ရွှေငွေလက်ဝတ်လက်စားတွေ အစိုးရဆီ လာရောက်အပ်နှံ ကူညီကြတယ်။ (တနှစ်လောက်အတိုးမဲ့ အစိုးရကို ငွေချေးတာပေါ့။ နောက် ..ပြန်ပေးပါတယ်။ မြန်မာအစိုးရက နောက်ပိုင်း မှာ ငွေတရားမ၀င်မကြေညာဘဲ ဘဏ်ထဲအပ်ထားတဲ့ ပြည်သူ့ငွေတွေကို ထုတ်ခွင့်မရအောင် ဘဏ်တွေကိုပဲ တရားမ၀င်ကြေညာပစ် လိုက်ပါ တယ်။ အံ့ဘွယ်လုပ်ရပ်ပါ။

ဘာပဲပြောပြော နောက် ၃ လလောက်အကြာမှာ ရန်ကုန်မှာ ပေါ်ပင်၊ မြေအရောင်းအ၀ယ်အလုပ် ရပ်သွားပါတယ်။ အစိုးရက ငွေတွေ တရား မ၀င် မကြေညာတော့ဘူး။ သေချာတော့ ဌာနေသူဌေးများ၊ စီးပွားရေးသမားများကတော့ ဗိုလ်နေမြဲ၊ ကျားနေမြဲ ချမ်းသာလျက်ပါပဲ။

စီးပွားရေး လောကထဲ အခုမှကောက်ဝင်လာတဲ့ ဒေါ်လာငွေတွေ ပိုက်ပြီးပြန်လာတဲ့ ကိုလတ်တို့တော့ မြေပိုင်ရှင်ကြီးဘ၀နဲ့၊ စင်ကာပူမှ သမီးရှေ့ရေး ချန်ထားတဲ့ ဒေါ်လာငွေတွေလည်း ကုန်သွားတယ်။ စင်ကာပူက ဗမာပြည်အပြီးပြန်လာပြီး ၆ လအတွင်း ဆွေမျိုးတွေကလည်း ယုံလို့ (အတိုး ရမှာသေချာလို့) ချေးထားတဲ့ အကြွေးတွေနဲ့ မြေပိုင်ရှင်ကြီးဘ၀အဖြစ်သို့ ရောက်ရှိသွားပါတယ်။

နောက်ပိုင်းတော့ ကိုလတ် စင်ကာပူ Syncron မှာ ၂ နှစ်ပြန်လာလုပ်ပြီး အကြွေးတွေကျေအောင် ဆပ်ပေးပါတယ်။ ပြီးတော့ အပြီးတကာ အပြီး ဆိုပြီး ဗမာပြည်ကို ပြန်သွားပြီး အကြွေးမဲ့၊ မြေပိုင်ရှင်ဘ၀နဲ့ အေးအေးဆေးဆေး တရားအားထုတ်နေထိုင်လျက်ရှိပါတယ်။ အခုဒီစာရေး ချိန်မှာ သူအသက်က ငယ်ပါသေးတယ်။ ၅၀ ကျော်ကျော်လေးပဲရှိပါသေးတယ်။ ဇနီးသည်ကတော့ အိမ်၊မြေအကျိုးဆောင်ဘ၀နဲ့ မြန်မာပြည် မှာ အေးဆေးစွာနေထိုင်ကြပါတယ်။

ဒါနဲ့ ၂၀၁၁ အရပ်သားအစိုးရတက်ချိန် စီးပွားရေးအပြောင်းအလဲ၊ ဖြစ်ပြန်ပါပြီ။ အခြေအနေ မကောင်းသေးပါဘူး၊ အိမ်မြေဈေးတွေ အရမ်း တက်နေပြန်ပါပြီ။ ကမ္ဘာ့စီးပွားရေးလည်း မကောင်းလှပါဘူး။ စင်ကာပူမှာ လုပ်ကိုင်ရတာလဲ အိမ်ဈေး၊ ခရီးစရိတ်၊ စားစရိတ်တွေ တက်၊ အလုပ်ကလည်း ရှားလာတယ်။ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုကြောင့် ကျပ်ငွေဈေးနှုန်းကောင်းလာတော့ မြန်မာပြည်ပြန်ပို့သူများ မကိုက် တော့ဘူး ဖြစ်လာတယ်။ ဒေါ်လာဈေးကလည်း ၄ နှစ်အတွင်း S$1=Kyat 900 to 600 ကျဆင်းသွားပါတယ်။ မြန်မာပြည်ပြန်၊ စီးပွားရေးလုပ် ဖို့တော့ ခေတ်ပျက်ကြီးမှာ ပိုပြီးခက်ခဲပါတယ်။

မြန်မာအစိုးရကို ယုံကြည်စွာ ၀င်လာ၊ရင်းနှီးမြှုပ်နှံတဲ့ ကုမဏီတွေ အလွန်နည်းလှပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းလဲ အလွန်ရှားနေသေးတယ်။ ပွဲစား၊ လခစားလုပ်နေကျ ပြည်ပရောက်မြန်မာများ အနေနဲ့ အလုပ်ပေးနိုင်တဲ့ ကုမဏ္ဍီကြီးများမြန်မာပြည်ကို ၀င်လာမှ ပြည်တော်ပြန်သင့်ပါတယ်။ စီးပွားရေးလုပ်ချင်သပ ဆိုရင်တော့ ငွေမရင်းနှီးပဲ၊ လူပဲရင်းနှီးတဲ့လုပ်ငန်းပဲ ပြန်လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။
မြန်မာကျပ်ငွေနှင့်စင်ကာပူတစ်ဒေါ်လာ 1991 - 2011 ဇယား

• ၂၀၁၂ မြန်မာပြည်အိမ်ဈေးကြီးမှု (ဒုတိယအကြိမ်)
အခု ဇူလိုင်လမှာ မြန်မာပြည်ကအိမ်ယာဈေးကြီး နေရာများ အရောင်းဝယ် ရပ်တံ့သွားပါပြီ။ မြန်မာတပြည်လုံး သိန်း ၁၀၀ တန်တဲ့အိမ်ကို သိန်း ၅၀၀၊ သိန်း ၁၀၀၀ စသဖြင့် ၂ နှစ်ရှိပြီ၊ အရောင်းဝယ်တွေဖြစ်လိုက်ကြတာ။ ၂၀၁၁ အစိုးရသစ်တက်လာကတည်းက စီးပွားရေး ၀ိသမ သမားတွေရဲ့ ကျားပါးစပ်ထဲကို အာဏာရှိသူများ၊ ငွေရှိသူများ ကားယားပြီးဝင်လာကြပါတယ်။ ကားပါမစ်ဆိုတော့လည်း သူတို့ပဲ လက်ဦး အောင်လုပ်တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း ဆိုလဲ သူတို့ပဲ။ အစိုးရသစ်က လူတော်လူကောင်းများနဲ့ အတိုက်အခံက လူတော်လူကောင်းများ ၀ိသမစီးပွားရေးသမားများနဲ့ ဉာဏ်ပြိုင်ဆိုင်မှုပြောရမဲ့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး အစခရီးပါ။ ပိုက်ဘောမိသူ များစွာရှိသော်လည်း လောက ဓမ္မတာပဲ ဖြစ်ပါတယ်။

ကိုလတ်တို့လည်း ထပ်မံပြီး ၂ ခါရှိ ၂ ခိရှာ မဖြစ်ပါစေနဲ့လို ဆုတောင်းပါတယ်။

ဘာကြောင့် မြန်မာပြည်က အိမ်ဈေးတွေ မတရားဈေးကြီးနေရသလဲ။ စင်ကာပူ ပင်နီစူလာဆိုင်ခန်းငှားခတွေ အရမ်းဈေးကြီးနေရပါသလဲ ။ ဆန်းစစ်ကြည့်တော့ ဘယ်သူမပြု မိမိမှုလို့ပဲ ကောက်နုတ်ပါတယ်။

• ကိုလတ် (သို့မဟုတ်) ကိုလတ်လိုမြန်မာများရေ
ငွေကို ရင်းနှီးပြီးလုပ်တဲ့ စီးပွားရေးတိုင်း၊ CEO ကောင်းကောင်း ငှားခန့်ထားရတဲ့ ၂၁ရာစု၊ စီးပွားရေးခေတ်ကြီးပါ။ မြန်မာပြည်ခေတ်ဆိုးကြီးကို ကျော်လွန်တော့မယ် မျှော်လင့်ပါတယ်။ အခုဆို မြန်မာပတ်စပို့ဆိုရင် အရှေ့တောင်အာရှနိုင်ငံတချို့ ( Indonesia, Philippine, Cambodia , Malaysia စင်ကာပူမပါ) Arrival Visa or Transit Visa ပေးနေပါပြီ။

မြန်မာပြည်ပြန်ချင်တဲ့ မြန်မာလူငယ်တဦးက သူ့ရဲ့ကုမ္ပဏီဘော့စ်ကိုမေးတယ်။ Can our company to go Myanmar? ဆိုတော့ မြန်မာတွေ ကိုနားလည်တဲ့ဘော့စ်ဖြစ်လို့ Boss answered with smile, "of course. When we go Myanmar to extend business - you have to go with me" .. မြန်မာပြည်မှာ ကုမ္ပဏီလုပ်ငန်းတွေချဲ့ရင်၊.... ဘော့စ်က ပြုံးပြီး၊ ခင်ဗျားတို့ကိုပဲ ခေါ်သွားရမှာပဲလို့ပြောတယ်။

ဖတ်ရှုသူမိတ်ဆွေများ ရွှင်လန်းပါစေလို့ ....

ညွှန်း - မိုးမခ - http://moemaka.com/



http://blog.irrawaddy.org/2012/07/blog-post_266.html

နိုင်ငံတကာ လေကြောင်းလိုင်းသစ် ငါးလိုင်း အောက်တိုဘာတွင် စတင်ပျံသန်းမည်

မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရန် တင်ပြထားသည့် နိုင်ငံတကာလေကြောင်း လိုင်းသစ်များကို အောက်တိုဘာလမှ စတင်ကာ ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ အဆိုပါ လေကြောင်းလိုင်းများမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်နှင့် ကာတာနိုင်ငံ လေကြောင်းလိုင်းများဖြစ်ကြောင်း သိရသည်။ “လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို လျှောက်ထားတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို စိစစ်ပြီး ခွင့်ပြုပေးလိုက်ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းမှာ တရုတ်(တိုင်ပေ) အခြေစိုက် EVA Air Line လေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်း (KAL)၊ ဂျပန်လေကြောင်းလိုင်းဖြစ်သည့် All Nippon Air Line လေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်း ဖြစ်သည့် Quatar လေကြောင်းလိုင်း၊ ဟောင်ကောင်အခြေစိုက် Dragon Air Line လေကြောင်းလိုင်းများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းများ အနေဖြင့် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ စတင်ကာ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိမှာ စင်ကာပူအဲလိုင်းက ရန်ကုန်နဲ့ တိုက်ရိုက်ပျံသန်းဖို့အတွက် စုံစမ်းမေးမြန်းနေပါတယ်” ဟု ယင်းက ဆက်ပြောသည်။ ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းမည့် တရုတ်(တိုင်ပေ) လေကြောင်းလိုင်းမှာ တစ်ပတ်လျှင် သုံးရက် ပျံသန်းပေးမည်ဖြစ်ပြီး ကိုရီးယားလေကြောင်းလိုင်းမှာ ရန်ကုန်နှင့် ကိုရီးယား(အင်ချွန်း) တိုက်ရိုက်ပျံသန်းမည်ဖြစ်သည်။ “အရင်တုန်းက ဟောင်ကောင် Express လေကြောင်းလိုင်းက ၂၀၀၈ ခုနှစ်မှာ တိုက်ရိုက်ပျံသန်းခဲ့သေးတယ်။ အခုပျံသန်းမယ့် ဟောင်ကောင်လေကြောင်းလိုင်းကတော့ လောလောဆယ် ညပိုင်းမှာ ပျံသန်းဖို့များတယ်” ဟု ယင်းက ဆိုသည်။ အလားတူ ဂျပန်နိုင်ငံလေကြောင်းလိုင်း ဖြစ်သည့် All Nippon Air Line မှ ရန်ကုန်နှင့် ဂျပန်(နာတာလီ) လေဆိပ်ကို တိုက်ရိုက်ပျံသန်းမည်ဖြစ်ပြီး ကာတာလေကြောင်းလိုင်းမှ ရန်ကုန်-ကာတာ (ဒိုဟာ)ကို တိုက်ရိုက် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဂျာမနီနိုင်ငံမှ လေကြောင်းလိုင်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လေကြောင်းလိုင်းများမှလည်း ရန်ကုန်နှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အဆိုပြုလွှာ တင်သွင်းထားကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်း ၁၄ လိုင်းရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26390

အလုပ်သမားအရေး ဘန်ကောက်မြန်မာသံရုံးမှာဆွေးနွေး


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည် ဘန်ကောက်မြို့ကို ရောက်နေတုန်း ထိုင်းရောက် မြန်မာအလုပ်သမားများအရေးဆိုင်ရာ ဆွေးနွေးပွဲကို မြန်မာသံရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတချို့ရဲ့ ကိုယ်စားလှယ်များနဲ့ ဆွေးနွေးကြတာပါ။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အရင်ကနဲ့ မတူဘဲ ပြည်ပရောက်အလုပ်သမားတွေအရေးကို အလေးထား ဆောင်ရွက်ပေးလာပြီ ဆိုတာကို ပြသတဲ့ လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။



ဧရာဝတီရုပ်သံမှာ ကြည့်နိုင်ပါပြီ။



http://blog.irrawaddy.org/2012/07/blog-post_3759.html

အကြီးစားယာဉ်များ ထုတ်လုပ်မည့် စက်ရုံစီမံကိန်း အနော်ရထာ စက်မှုဇုန်တွင် ပါဝင်မည်



၁၀ ဘီးယာဉ်များကဲ့သို့ ယာဉ်ကြီးများ အပါအဝင် အကြီးစား စက်ယန္တရားကြီးများ ထုတ်လုပ်တပ်ဆင်မည့် စက်ရုံစီမံကိန်းများ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်တွင် ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ စက်မှုဇုန်ကို တည်ဆောက်သည့် ဝါဝါဝင်းကုမ္ပဏီက သိရသည်။ အဆိုပါ အကြီးစား ယန္တရား လုပ်ငန်းများ ထုတ်လုပ်တပ်ဆင်မည့် ကုမ္ပဏီလုပ်ငန်းသည် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်မည့် လုပ်ငန်းဖြစ်ကြောင်း ယင်းစက်ရုံစီမံကိန်းသည် ဧက ၄၀ ခန့် ကျယ်ကြောင်း ၎င်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းဝင်းက ဇူလိုင် ၂၅ ရက် နံနက်က ပြောကြားခဲ့သည်။ အနော်ရထာ စက်မှုဇုန် တစ်ခုလုံးသည် ဧက ၈၀၀ ကျယ်ဝန်းပြီး အပိုင်း(၁)၊ (၂) ခွဲ၍ အကောင်အထည် ဖော်လျက်ရှိရာ အပိုင်း(၁) မှာ ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းရကြောင်း၊ အပိုင်း(၂) ကို ၂၀၁၃ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းကြောင်း၊ အပိုင်း(၂) တွင် ကွန်ကရစ်လမ်းခင်းခြင်း၊ ရေစီးရေလာ ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “အနော်ရထာ စက်မှုဇုန် အပိုင်း(၁)ကို ၂၀၀၁ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ ဝါဝါဝင်းဆောက်လုပ်ရေးတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ စက်မှုဇုန်ထဲမှာ ဆန်စက်ကြီးတွေ၊ တိရစ္ဆာန်အစာစက်ရုံတွေ၊ ရေခဲစက်ကြီးတွေ၊ အုတ်စက်ရုံကြီးတွေ၊ ကား Show Room ကြီးတွေ၊ အကြီးစား စက်ယန္တရား စက်ရုံကြီးတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ယင်းက ရှင်းပြသည်။ အဆိုပါ အနော်ရထာ စက်မှုဇုန်သည် လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးအပေါ် တွံတေးတံတားအနီးတွင် တည်ရှိပြီး စက်မှုဇုန်အပိုင်း(၂)မှ လုပ်ငန်းဆောင်ရွက်မည့် နေရာများအား ကုမ္ပဏီများကို ရောင်းချပြီး ဖြစ်ကြောင်း သိရှိရပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ပေါ်လာပြီးပါက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် မြေများကို ငှားရမ်းရန်လည်း ရှိကြောင်း၊ စက်မှုဇုန်တစ်ခု ပေါ်ပေါက်လာသည့် အတွက် အဆိုပါ စက်မှုဇုန်အနီး နေထိုင်သည့် တောင်သူလယ်သမားများ၏ မိသားစုဝင်များမှာ စက်မှုဇုန်၏ လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့်အရေးများလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း ဝါဝါဝင်းကုမ္ပဏီမှ တာဝန်ရှိသူက ယင်း၏ သဘောထားကို ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ထိုင်းတွင် သေနတ်ပစ် ခံရ၍ မြန်မာ နှစ်ဦး သေဆုံး



ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခလာ ခရိုင်ရှိ ပုစွန် အအေးခန်း စက်ရုံ တခုတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများကို ဗုဒ္ဓဟူးနေ့က အမည်မသိ သေနတ်သမားများ ပစ်ခတ်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို မြန်မာသံရုံးမှက လိုအပ်သည့် အကူ အညီများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၃ ဦးသည် ပုစွန် အအေးခန်း စက်ရုံမှ အပြန်လမ်းခုလပ် တနေရာတွင် မျက်နှာဖုံးများ စွပ်ထားသည့် သေနတ် သမားများက ပစ်ခတ်ခဲ့၍ အသက် ၂၆ နှစ် အရွယ် အမျိုးသမီးတဦးနှင့် အသက် ၃၀ နီးပါးခန့်ရှိ အမျိုးသားတဦး သေဆုံးသွားပြီး ဒဏ်ရာရရှိသူ တဦးကို စွန်ခလာမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောပြသည်။

ထိုင်းနိုင်ငံရှိ  ငါး ပုစွန် လုပ်ငန်းခွင်တခုမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ – ဧရာဝတီ)
“သံရုံးက သူတို့စက်ရုံကို အကြောင်း ကြားတယ်၊ အလုပ်သမား ဥပဒေအတိုင်း ကူညီဆောင်ရွက်ဖို့”ဟု သေနတ်ပစ်ခံရသူများ အတွက် ကူညီဆောင်ရွက်ပေးနေသော ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ နစ်နာကြေး ရရှိရေးအတွက် ပုစွန် အအေးခန်း စက်ရုံ မန်နေဂျာ အပါအ၀င် အလုပ်သမားများကို ယခုရက်ပိုင်းအတွင်း သွားရောက် တွေ့ဆုံခဲ့ပြီး အချက်အလက်မှတ်တမ်းများ ရယူခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“သူတို့ အလုပ်သမားတွေနဲ့ ပြောဆိုထားတဲ့ စကားတွေကို ဗီဒီယို မှတ်တမ်း လုပ်ထားတယ်၊ နောက်အဲဒီ စက်ရုံမန်နေဂျာနဲ့ ပြော ဆိုခဲ့တဲ့ ဗီဒီယို ခွေတွေကို တည်းဖြတ်ဖို့ အခုပြင်ဆင်နေတယ်၊ ပြီးရင် သံရုံးကို သွားပို့မယ်”ဟု ဦးထူးချစ်က ဆက်ပြောသည်။
ထို ပုစွန်စက်ရုံတွင် မြန်မာ အလုပ်သမား ၃၀၀ ခန့် ရှိကြောင်း သိရသည်။
ဦးထူးချစ်က ဆက်လက်ပြီး ယခု ပစ်ခတ်ခံရသည့် အကြောင်းရင်း မသိရှိရသေးသော်လည်း လွန်ခဲ့သည့် ၂ ပတ်ခန့်က ယင်း ပုစွန် စက်ရုံ အနီးဝန်းကျင်တွင် ထိုင်း လူမျိုးတဦး အသတ်ခံရသည့် အမှု တခုဖြစ်ပွားခဲ့ပြီး ထိုင်းအာဏာပိုင်များက စုံစမ်းမှုများ ပြုလုပ်နေ ကြောင်း ပြောဆိုသည်။
အလားတူ ထိုနေ့ တရက်တည်းပင် ဖန်းင ခရိုင် အတွင်းရှိ ရော်ဘာခြံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား တဦးကိုလည်း အမည်မသိ သေနတ်သမားတဦးက လာရောက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။ အဆိုပါ သေဆုံးသူသည် အသက် ၂၇ နှစ် အရွယ်ရှိပြီး ၎င်း၏ အမျိုးသမီးနှင့် ကလေးငယ် တဦး ကျန်ရစ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ထိုင်းနိုင်ငံ တောင်ပိုင်း ဟတ်ရိုင်မြို့နယ်တွင်လည်း မြန်မာနိုင်ငံသားတဦး အသတ်ခံရပြီး ဆာလာအိတ် ထဲ၌ ထည့်၍ လမ်းဘေးတနေရာတွင် ပစ်ချထားခဲ့မှု ဖြစ်ပွားခဲ့သည်။
ထိုင်း တောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ထိုကဲ့သို့ အကြောင်းမဲ့သတ်ဖြတ်ခံရမှုများ မကြာခဏရှိခဲ့သော် လည်း ဥပဒေ၏ အကာအကွယ်ကို မရရှိကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖန်င ခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာနိုင်ငံသား အလုပ်သမား တသန်းခန့် အလုပ်လုပ်ကိုင် လျက်ရှိသည်ဟု သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ညီမ ခြိမ်းခြောက်ခံရ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ်ငြိမ်းချမ်းမှုရရှိရေး ဆန္ဒပြတောင်းဆိုရန် ဦးဆောင်ပါဝင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဖုန်းမှတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ခံနေရကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ၏ ညီမ က ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ်၏ ဆွေမျိုးများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ခေါင်းဆောင်များ၏ ဇနီးများက ဦးဆောင်၍ ယခုလ ၂၈ ရက်နေ့ မြစ်ကြီးနားတွင် ဆန္ဒပြမည်ဟု သတင်းမီဒီယာများတွင် ၎င်း၏ အမည်ပါဝင်လာပြီးနောက် ယင်းသို့ ခြိမ်းခြောက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း ၏ ညီမဖြစ်သူ ဒေါ်လဂျွန်ဆိုင်းတောင် က ရှင်းပြသည်။
“ကျမကို ဖုန်းသရဲတွေက အများကြီး ဆက်လာပါတယ်၊ မင်းတို့ လမ်းလျှောက်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးမှ ရှည်ရှည် ဝေးဝေး မပြောချင်ဘူး၊ ချက်ချင်း ရပ်လိုက်ပါတဲ့၊ မင်းနဲ့အတူ ခေါင်းဆောင်အားလုံးကို ပြောပါတဲ့၊ မရပ်ဘူးဆိုရင်တော့ မင်းတို့ကို ဟိုလို လုပ် မယ်၊ ဒီလိုလုပ်မယ်နဲ့ ခြိမ်းခြောက်ပါတယ်”ဟု ဒေါ်လဂျွန်ဆိုင်းတောင် က ဧရာဝတီသို့ပြောသည်။
ထိုကဲ့သို့ ခြိမ်းခြောက်မှုများကြောင့် ကြောက်ရွံ့တုန်လှုပ်မိကြောင်း၊ ရဲစခန်းသို့တိုင်ကြားခြင်း မပြုသေးသော်လည်း မြစ်ကြီးနား မြို့နယ် တရားရုံးနှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များကို အသိပေး အကူအညီတောင်းခံ ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။
ခြိမ်းခြောက်သူများသည် ကချင်ဘာသာစကားများဖြင့် ပြောဆိုခြင်းဖြစ်ပြီး ဆက်သွယ်လာသော ဖုန်းနံပါတ်များမှာလည်း ပြည်တွင်း သုံး လက်ကိုင် ဖုန်းနံပါတ်များဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ဟိုတနေ့က ဖုန်းဆက်လာတဲ့ လူကတော့ အသက်ခပ်ကြီးကြီးအသံနဲ့ပဲ ကချင်စကားနဲ့ ပြောလာတာရှင့်၊ ကျမလည်း ကြောက်လန့် ပြီးတော့မှ ညမအိပ်နိုင်အောင်ဖြစ်ရပါတယ်၊ အဲဒီအတွက် ဘုန်းတော်ကြီးတွေကို အကူအညီတောင်း၊ ဆုတွေ ဘာတွေ တောင်းပြီး မှ အိပ်ပျော်ရပါတယ်”ဟု ဒေါ်လဂျွန်ဆိုင်းတောင် က ပြောသည်။
မြစ်ကြီးနားမြို့ပေါ်တွင် အမျိုးသမီးများက ဦးဆောင်ဆန္ဒပြကြရန် လုပ်ဆောင်နေမှု၌ ရန်ကုန်မြို့တွင် နေထိုင်သော ၎င်းအနေဖြင့် ပါဝင်ခြင်းမရှိကြောင်း၊ ၎င်းအမည် ပါဝင်လာခြင်းနှင့်ပတ်သက်၍လည်း ဆန္ဒပြရန် ဦးဆောင်လှုံ့ဆော်နေသူ ကြံ့ခိုင်ရေးပါတီ ဆွမ် ပရာဘွမ် ပြည်သူ့လွှတ်တော် အမတ် ဦးခမိုင်တန် ၏ ဇနီး ဒေါ်ဂျာခေါန် ကိုလည်း သတိပေးပြောဆိုခဲ့ကြောင်း ရှင်းပြသည်။
တချိန်တည်းမှာပင် မြစ်ကြီးနားတွင် ပြုလုပ်ရန်ပြင်ဆင်နေသောဆန္ဒပြပွဲကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထိုပွဲဖြစ် မြောက်ရေး ဦးဆောင်လှုံ့ဆော်သူ ဒေါ်ဂျာခေါန်က ဧရာဝတီသို့ ပြောသည်။
“အန်တီတို့ကတော့ ဆန္ဒပြပွဲမလုပ်ဖြစ်တော့ဘူး။ ဘာလို့လည်းဆိုတော့ လုံးဝ မထင်မှတ်ထားတဲ့ ခေါင်းစဉ်ကြီး ထိုးဝင်လာလို့ပေါ့၊ ဘယ်သူ့ကိုမှ ရှုတ်ချဖို့ မဟုတ်ဘူး၊ ဘယ်သူမှလည်း ခိုင်းစေတာ မဟုတ်ဘူး၊ မိမိသ ဘောဆန္ဒအရ ငြိမ်းချမ်းရေး ရဖို့အတွက် မိခင် တွေ ဆန္ဒထုတ်ဖော်ဖို့စီစဉ်ကြတာပါ”ဟု ဒေါ်ဂျာခေါန် က ဆိုသည်။
ယင်းသို့သတင်း ပျံ့နှံ့ မှုများကြောင့် ဆန္ဒထုတ်ဖော်ရန် မြို့ပေါ်ရှိရဲစခန်းသို့ ခွင့်မတင်မီ တရက်အလိုတွင် အစီအစဉ် ဖျက်သိမ်း လိုက် ရသည်သာမက မြို့ခံများ၏ အထင်လွဲမှားခြင်းကိုလည်း ခံခဲ့ရသည်ဟု ပြောသည်။ သို့သော် ပွဲစီစဉ်မှုနှင့် ပတ်သက်၍ ဒေါ်လဂျွန် ဆိုင်းတောင် ကဲ့သို့ ခြိမ်းခြောက်ခံရမှုမျိုး ကြုံတွေ့ရခြင်းမရှိဟု  ဒေါ်ဂျာခေါန် က ပြောဆိုသည်။
“အန်တီတို့က KIA ကိုဆန္ဒပြမယ့် ပုံမျိုးပေါ့၊ ကြံ့ခိုင်ရေးက ခိုင်းစေတာတို့ ဘာတို့ အဲလိုမျိုး ပြောခံရတာပေါ့၊ အဲလိုမျိုး သတင်း ထွက် တော့ လူတွေကလည်း ဟာ ဒီလိုမျိုးလား ဆိုတဲ့ အတွေးနဲ့ အန်တီတို့ကို တမျိုးထင်သွားတာပေါ့၊ အန်တီတို့ကတော့ မိခင် စိတ် ဓာတ် အရင်းအမှန်နဲ့ လုပ်ဖို့ကြိုးပမ်းခဲ့တာပါ”ဟု ၎င်းက ဆက်ပြောသည်။
ဒုက္ခသည်များကို စာနာသောအားဖြင့် ပြည်နယ်ငြိမ်းချမ်းစေလိုသော စိတ်ဖြင့် ဆန္ဒပြရန် ရည်ရွယ်ခဲ့သော်လည်း ထိုပွဲသည် ကချင် ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ရှုတ်ချခြင်း၊ ပွဲဖြစ်မြောက်ရေးကို ကြံ့ခိုင်ရေးပါတီ က ကြိုးကိုင်ခြင်း စသည့် သတင်းမှာ မြစ်ကြီးနားမြို့ခံ များနှင့် သတင်းမီဒီယာများပေါ်တွင် လွဲမှားစွာပျံ့နှံ့ခဲ့သဖြင့် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟုလည်း ဒေါ်ဂျာခေါန် က ဆိုသည်။
ယခုလ ၆ ရက်နေ့က မြစ်ကြီးနားမြို့ပေါ်တွင် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) က ဖမ်းဆီးပြီး တရားစွဲဆိုထားသော ဦးဘရန်ရှောင် လွတ်မြောက်ရေးအတွက် ၎င်းနေထိုင်ခဲ့သော ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၅၀၀ ကျော် အပါအဝင် ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့ များနှင့် မြို့ခံလူထု ၁၅၀၀ ကျော်က မြို့တွင်းလမ်းမကြီးများပေါ်နှင့် စရဖ ရုံး၊ ရဲစခန်းနှင့် တရားရုံး ရှေ့များတွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သေးသည်။

မြစ်ဆုံဆည် ဆက်ဆောက်နိုင်ရန် ကချင်အစိုးရအဖွဲ့ကို CPI ချဉ်းကပ်


ဧရာဝတီ မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ခွင့် ရနိုင်ရန်အတွက် တရုတ်ကုမ္မဏီ CPI (China Power Investment) က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံး ပြောဆိုမူများရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
မြစ်ဆုံဆည် စီမံကိန်းသည် ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း လူထုအား ပြောပေးရန် တရုတ်ကုမ္ပဏီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံးကြောင်း ၎င်းက ဆိုသည်။
“CPI အနေနဲ့ လူထုဆက်ဆံရေး (PR) အားနည်းခဲ့လို့ စီမံကိန်းရပ်လိုက်ရတယ် ထင်ပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ နောက်ပိုင်း PR ဆက်တိုက် လုပ်လာတာ တွေ့ရတယ်” ဟု Eco Dov. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။
စီမံကိန်း ရပ်ပြီးသည့်နောက်ပိုင်းတွင် CPI ကုမ္ပဏီသည် ဒုတိယ သမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် အရေးပါ သူများနှင့် ဆက်တိုက်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည့် အပြင် ယခုလ အစောပိုင်းတွင်လည်း မြစ်ကြီးနားရှိ စစ်ပြေးဒုက္ခသည် စခန်းများသို့ ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခြင်း ပြည်တွင်း ဂျာနယ်များနှင့် အဆက်အဆံ ပြုလုပ်ခဲ့ခြင်းများ ရှိကြောင်း သိရသည်။
စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်သော်လည်း စီမံကိန်းတွင် အသုံးပြုမည့် စက်ပစ္စည်းများ ပြန်လည် သယ်ဆောင် သွားရန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ဗဟိုအစိုးရ အမိန့် မရသေးသောကြောင့် သယ်ဆောင်သွားခြင်း မပြုနိုင်သေးကြောင်း ဒေါ်ဒွဲဘူ ကပြောသည်။
“စက်ပစ္စည်း တွေပြန်သယ်သွားဖို့ အခွင့်ကတော့ ကချင်ပြည်နယ် အစိုးရအနေနဲ့ ပေးလို့မရဘူး။ ဗဟိုအစိုးရ တာဝန် ဖြစ်တာကြောင့် ဗဟိုနဲ့ပဲ ဆက်သွယ်ပါလို့ ပြောထားတယ်။ ဗဟိုကလည်း ဘာမှမပြောသေးဘူး ဆိုတော့ ပစ္စည်းတွေ ဒီအတိုင်း ရှိနေသေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ဆုံ အပါအ၀င် မေခမြစ်တွင် ၁ ခု၊ မလိခ မြစ်တွင် ၅ ခု တည်ဆောက်သွားမည့် ဆည်စီမံကိန်းများအနက် မြစ်ဆုံ၌ တည်ဆောက်မည့် ရေကာတာသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်နိုင်ပါမှ စီမံကိန်း အမြတ်ထွက်နိုင် မည်ဖြစ်သောကြောင့် CPI အနေနှင့် လက်လွတ်မခံနိုင်ဘဲ ကြိုးစားနေခြင်း ဖြစ်ကြောင်း မြစ်ဆုံအရေး လှုပ်ရှားသူ ကိုမော်ထွန်းအောင်က ပြောသည်။
“မြစ်ဆုံမှာ လုပ်မယ့် ရေကာတာကပဲ Peak load (လျှပ်စစ်ဓာတ်အား တရှိန်ထိုးလိုအပ်မှု) ကို ဖြည့်ဆည်းပေး နိုင်ပါတယ်။ လျှပ်စစ်ဓာတ်အား အတင်အချကို မြစ်ဆုံမှာ ဆောက်မယ့် ရေကာတာကပဲ လုပ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် တခြားဟာတွေ မဆောက်ခင် မြစ်ဆုံကို အရင်ကိုင်တာပါ။ ချီဖွေငယ် ကတော့ စီမံကိန်းအတွင်းမှာ သုံးစွဲမယ့် လျှပ်စစ်ထုတ်ဖို့ပါ” ဟု သူက ရှင်းပြသည်။
မြစ်ဆုံအထက်ဘက် လာဆာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည့် မလိခ မြစ်ဝှမ်းဒေသသည် သစ်တော ဖုံးအုပ်မှု ၈၃ ရာခိုင်နှုန်း ရှိနေပြီး အဆိုပါ သစ်တောများသည် အစိုးရက ထိန်းသမ်းပါမည်ဟု ကတိပြုထားသော နေရာများဖြစ်သည် ဟု ဦးဝင်းမျိုးသူက ပြောသည်။
“မြစ်ဆုံရဲ့ အထက်ဘက်မှာတော့ ပူတာအို၊ ချီဖွေ၊ ဆော့လောဆိုတာ လျှပ်စစ် စီမံကိန်းလုပ်မှ ဖွံဖြိုးတိုးတက်မယ့် နေရာတွေ ရှိတယ်။ မလုပ်သင့်တဲ့အရာမှာ ခွင့်မပြုဖို့ တာဝန်ရှိသလို၊ လူထုကို မထိခိုက်စေဘဲ အကျိုးဖြစ်နိုင်မယ့် နေရာတွေမှာ မြစ်ဆုံလောက်မကြီးတဲ့ ခပ်သေးသေး ဆည်တွေ လုပ်သွားရင် လူထုအတွက်လည်း သင့်တော်မယ့် အရာတွေ ဖြစ်တယ်လို့ ထင်တယ်၊ ဒါက လွှတ်တော်အမတ် တယောက်အနေနဲ့ ပြောတာပါ” ဟု ဒေါ်ဒွဲဘူက ဆိုသည်။
ဧရာဝတီမြစ် ရှင်သန်ရေးအတွက် ထိန်းသိမ်းရမည့် မြစ်ဝှမ်းဒေသများတွင် မေခ၊ မလိခ မြစ်နှစ်သွယ်သည် အရေးအကြီးဆုံး နေရာမှ ပါဝင်နေသည်။
ရေကာတာ ၅ ခု တည်ဆောက်မည့် မေခ မြစ်ဝှမ်းတလျှောက် သည်လည်း ဧရာဝတီ ရေဝေရေလဲ ဒေသ၏ အထူးအရေး ပါသော ဒေသဖြစ်ပြီး ဗဟိုအစိုးရ အာဏာစက် သက်ရောက်ရန် ခက်ခဲသော နေရာဖြစ်သည်။ ၁၉၉၀ မှ ၂၀၀၅ ခုနှစ် အတွင်း ယင်းဒေသမှ သစ်တော ဧက ၇ သိန်း လျော့သွားခဲ့ပြီး ယခင် သမပိုင်းသစ်တောများမှ တောမီးလောင်သည် အထိ ခြောက်သွေ့ သွားခဲ့သဖြင့် အထူး ထိန်းသိမ်းရမည့်နေရာဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များ၏ အဆိုအရ သိရသည်။
“ဧရာဝတီကို ထိပါးခြင်းဟာ ပြည်ထောင်စုကို ထိပါးခြင်းလို့ သတ်မှတ်ပါတယ်။ နောင် ရွေးကောက်ပွဲကြီး ကျင်းပမယ့် ဆိုရင်တောင်မှ ဧရာဝတီမြစ်နဲ့ ပတ်သတ်လို့ ကတိပေးနိုင်တဲ့ သူမျိုးကိုသာ ရွေးကောက်ပွဲတင်မှာ တင်မြှောက်ဖို့ တိုက်တွန်း ပါမယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ပြောသည်။

ကုန်ပစ္စည်းများအား အမေရိကန်သို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား သက်တမ်း တိုးလိုက်ပါက မြန်မာနိုင်ငံအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း International Crisis Group ပြောကြား


မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား သက်တမ်းတိုးလိုက်ပါက မြန်မာနိုင်ငံအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း သုတေသန အဖွဲ့အစည်းကြီးဖြစ်သည့် International Crisis Group က ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ပိတ်ပင်ထားမှုကို သက်တမ်းတိုးလိုက်ခြင်းသည် အလုပ်အကိုင် ဖန်တီးပေးသည့် ကုန်ထုတ်လုပ်ရေး လုပ်ငန်း ဖွံ့ဖြိုးမှုကို ဟန့်တားနှောင့်ယှက်ရာ ရောက်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး အပေါ် သက်ရောက်မှု အကြီးအကျယ် ရှိနိုင်ကြောင်း၊ အမေရိကန်၏မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား ဆက်လက်ထားရှိခြင်းသည် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် မည်ကဲ့သို့ ကောင်းကျိုးရှိမည်ကို နားလည်ရန် ခက်ခဲကြောင်း International Crisis Group က ပြောကြားခဲ့သည်ဟု bloomberg သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် ဖိအားပေးရန် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ တင်ပို့မှုပိတ်ပင်ထားမှုကို နောက်ထပ်သုံးနှစ် သက်တမ်းတိုးရန် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဇူလိုင်လ ၁၈ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် The Burmese Freedom and Democracy Act of 2003 သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီဖြစ်သည်။

အဆိုပါဥပဒေအား အမေရိကန် ကွန်ဂရက်တွင် နှစ်စဉ်သက်တမ်း တိုးရသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက အဆိုပါဥပဒေအား သက်တမ်းတိုးမှုမှာ လုပ်ရိုးလုပ်စဉ်အဖြစ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ထူးခြားလျက်ရှိနေသည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်နိုင်ရန် အမေရိကန် ကုမ္ပဏီများအား ခွင့်ပြုကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် အမေရိကန် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏လုပ်ဆောင်မှုများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အစီရင်ခံ တင်ပြရမည်ဖြစ်ပြီး အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံခြားရေးဌာနသို့ ရက်ပေါင်း ခြောက်ဆယ်အတွင်း အကြောင်းကြား ရမည်ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများသည် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်အစီရင်ခံအကြောင်းကြားရမည် ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရသည်။
ထိုသို့ ကြေညာပြီးနောက် ဇူ လိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်းများ လေ့လာရန်  Boeing, Chevron, Google, General Motors, IBM, Dell, Time Warner, Visa, MasterCard ,World wide, ExxonMobil, Coca-Cola, Federal Express,GE အစရှိသည့် နာမည်ကျော် အမေရိကန်ကုမ္ပဏီများ ပါဝင်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။
အမေရိကန် ကုမ္ပဏီများသည် အာရှနှင့် ဥရောပမှ ပြိုင်ဘက်များ မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက် အား လက်ဦးရယူသွားမည်ကို စိုးရိမ်ကြောင့်ကြသည့် အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စိတ်ထက်သန်လျက် ရှိနေသည်။
အလားတူ အမေရိကန် အခြေစိုက် GE ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ဗဟိုရ်စည်ဆေးရုံ၊ ပန်းလှိုင်ဆေးရုံတို့သည် အမေရိကန်ဒေါ်လာ နှစ်သန်းဝန်းကျင် တန်ဖိုးရှိ ခေတ်မီရောဂါ ရှာဖွေရေးနှင့် ကုသရေးစက်ပစ္စည်းများ ၀ယ်ယူခြင်းအတွက် ရန်ကုန်မြို့၌ ဇူလိုင်လ ၁၄ ရက်နေ့က အရောင်းအ၀ယ် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြသည်။
ယခု အမေရိကန်မှ စီးပွားရေးပိတ်ဆို့ ဖြေလျှော့မှုများသည် အမေရိကန်ကုမ္ပဏီ လုပ်ငန်းရှင်များအတွက် သာဖြစ်ပြီး မြန်မာနိုင်ငံသားများ၊ ပို့ကုန်နှင့်ငွေကြေးလဲလှယ်မှုများ အတွက် မပါရှိသေးပါ၍ တစ်လမ်းသွား၊ တစ်ဖက်သတ်ဆန် နေပါကြောင်း၊ ၎င်းကိစ္စအား ပြန်လည်သုံးသပ်၍ မြန်မာပြည်သူများအကျိုး၊ မြန်မာတိုင်းရင်းသားများ၏ အကျိုးကိုသာ စဉ်းစားဆောင်ရွက်ပေးရန် လိုပါကြောင်း ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။

ရွေးကောက်ပွဲစနစ် ပြောင်းလဲပြုပြင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ဒီမိုကရေစီ မိတ်ဆွေပါတီ ၁၀ ပါတီ ယနေ့ တွေ့ဆုံ


ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဇူလိုင်လ ၁၃ ရက်နေ့က တင်သွင်းခဲ့သော ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင်းပရေး စာတမ်းနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီတို့သည် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံဆွေးနွေးလျက်ရှိနေကြောင်း သိရသည်။
လွှတ်တော်တွင်း ပြည်သူလူထု၏ ဆန္ဒကို အပြည့်အ၀ ကိုယ်စားမပြုနိုင်ခြင်း၊ အချိုးညီသည့် ကိုယ်စားပြုမှု မဖြစ်ခြင်း၊ ပါတီစုံစနစ် ပပျောက်သွားနိုင်ခြင်းနှင့် ရွေးကောက်ခံ အာဏာရှင်စနစ်အဖြစ်သို့ ရောက်ရှိသွားနိုင်ခြင်း တို့ကြောင့် လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲ ကျင်းပပုံစနစ်ကို ပြောင်းလဲရန်အတွက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက အဆိုပါစာတမ်းကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့ တွေ့ဆုံခဲ့စဉ်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးလျှင် သင့်တော်မည်ဟု အကြံပြုတင်ပြခဲ့သည်။
ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ပါဝင်သည်။

လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းပေးရန် အဆိုကို ပြည်ထောင်စုလွှတ်တော် အတည်ပြုခဲ့ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်


လယ်မြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ဇူလိုင်လ ၂၆ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။      
ထို့ကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်၊ ဇလွန်မဲဆန္ဒနယ်၏ 'လယ်မြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်း လေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်'အဆိုကို ပြည်ထောင်စုလွှတ် တော် ကိုယ်စားလှယ် ၄၅ ဦးပါဝင် ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ပါဝင်ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်များ စတင်ပေါ်ပေါက်ခဲ့သည့်အချိန်မှ ယခုအထိ လွှတ်တော်ကိုယ်စားလှယ် အများဆုံး ဆွေးနွေးခဲ့သည့် အဆိုတစ်ခုဖြစ်ခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်က ''ဒီကိစ္စဟာ ဘယ်လောက်အတိုင်းအတာအထိ တောင်သူလယ်သမားတွေ၊ ပြည်သူတွေ စိတ်ဝင်စားတယ်ဆိုတာကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ဟာ မိမိတို့ရဲ့ ဒေသအသီးသီးမှာ ဖြစ်ပေါ်ခံစားနေရတာတွေနဲ့ ပတ် သက်ပြီး တစ်ချို့လည်း မျက်ရည်လည်ရွဲနဲ့၊တစ်ချို့လည်း ဆို့နင့်ပြီး အသည်းနှလုံးထဲက ခံစားပြီးတင်ပြသွားပါတယ်။ ဒီကိစ္စကို လွယ်လွယ်ကူကူ မဆုံးဖြတ်ဘဲ(လွှတ်တော်တွင် မှတ်တမ်းတင်ရုံ မဆုံးဖြတ်ဘဲ) ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူလိုပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် ထောက်ခံမဲ ၃၉၅၊ ကြားနေ ၂၄ မဲ နှင့် ကန့်ကွက် ၁၇၆ မဲရှိခဲ့ခြင်းကြောင့် လယ်ယာမြေ သိမ်းဆည်းခံရမှုများကြောင့် တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပါသည်။
ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က''လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာရေး၊ တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှသာ ထိရောက်မည်ဖြစ် ကြောင်း နာယကအနေနဲ့ ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များထံမှ အကြံပြုစာများ ရရှိခဲ့ပါတယ်။ ဦးသိန်းထွန်း၊ ဦးရဲထွန်း၊ ဦးဦးရရ်၊ ဒေါက်တာမြတ်ဥာဏစိုး၊ ဒေါ်နန်းနီနီအေးတို့ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့အမည်ကို ဦးသိန်းထွန်းဦးက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်လို့ သတ်မှတ်ဖွဲ့စည်း တာဝန်ပေးဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။ ဒီအကြံပြုချက်ဟာလည်း လယ်ယာမြေအပြင် အခြား မြေများပါ အကြုံးဝင်တဲ့အတွက် သင့်လျော် ကောင်းမွန်ပါတယ်။ နာယက၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို အဆိုရှင်အပါအ၀င် ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် သင့်လျော်သော အခြားပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

၁၉၈၈ နောက်ပိုင်း သိမ်းဆည်းခံရသော လယ်ယာမြေများမှာ ယခင်အစိုးရများ အဆက်ဆက်ဥပဒေနှင့် အညီဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများဖြစ်သဖြင့် နောက်ကြောင်းပြန်ဖြေရှင်းပေးနိုင်မည့် အခြေအနေမရှိကြောင်း လယ်/ဆယ် ဒုဝန်ကြီးပြောကြား


၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ သိမ်းဆည်းခံရသော လယ်မြေများမှာ ယခင်အစိုးရများ အဆက်ဆက်ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည့် စီမံကိန်း လုပ်ငန်းများဖြစ်သဖြင့် နောက်ကြောင်းပြန်ဖြေရှင်းပေးနိုင်မည့် အခြေအနေ မရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ဇူလိုင်လ ၂၆ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးအုန်းသန်းက ''၁၉၈၈ ခုနှစ်မတိုင်မီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်ကာလက မြေယာများ သိမ်းဆည်းခဲ့မှုများနှင့် ပတ်သက်၍ သက်သေ အထောက်အထားများ ခိုင်ခိုင် မာမာ ရယူနိုင်ခြင်း မရှိတော့သည့်အပြင် ထိုစဉ်ကာလ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြီးပြတ်အောင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကိစ္စရပ်များဖြစ်ပါသဖြင့် အသစ်ပြန်လည်၍ ဖော်ထုတ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ မရှိကြောင်း တင်ပြအပ်ပါတယ်။ ၁၉၈၈ခုနှစ်နောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အစိုးရကာလ နိုင်ငံတော်ဖွံ့ဖြိုးတိုးစီမံကိန်းများ၊ မြို့ပြနှင့်စက်မှုဇုန်များအတွက် သိမ်းဆည်းခဲ့သည့် မြေယာများကို ခွဲခြမ်းစိတ်ဖြာ စိစစ်လျှင် ယခင်အစိုးရများကာလ ထိုစဉ်က ဥပဒေကြောင်းနှင့် ညီညွတ်စွာ စီမံကိန်းပါ စီမံချက်အတိုင်း ပြီးစီးသွားသည့် သိမ်းဆည်းခံမြေယာများနှင့်ပတ်သက်၍ လုပ်ငန်းများ ပြီးစီးခဲ့ပြီးဖြစ်ပါသဖြင့် ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေ မရှိပါ ကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြာခဲ့သည်။
ဆက်လက်၍ ၀န်ကြီးက''ယခင်အစိုးရများ အဆက်ဆက်ကာလက ထိုစဉ်ကာလ ဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများဖြစ်သဖြင့် နောက်ကြောင်းပြန် ဖြေရှင်းနိုင်မည့် အခြေအနေမရှိသည့် အပြင်၊ ထိုစဉ်ကာလ နိုင်ငံ့တာဝန် ဦးစီးခေါင်းဆောင်ခဲ့ကြသူ အများစုမှာ လည်း ယခုအခါတွင် သက်ရှိထင်ရှား မရှိကြတော့ပါ။ လက်အောက်တွင် နိုင်ငံတာဝန်များ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ကြသူများမှာလည်း အသက်အရွယ်ကြီးရင့်ခဲ့ကြပြီး အငြိမ်းစားယူသွားကြပြီးသူများ ကွယ်လွန်သွားခဲ့ကြပြီးသူများ အစရှိသဖြင့် မရှိကြတော့သဖြင့် မည်သို့မျှ ခိုင်လုံသော သက်သေအထောက်အထားများဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေမရှိကြောင်း ထပ်လောင်းပြောကြားလိုပါတယ်''ဟု ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် လယ်ယာမြေဥပဒေနှင့် ပတ်သက်သည့် နည်းဥပဒေများကို မကြာမီ ထုတ်ပြန်တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြဌာန်းပြီးဖြစ်သည့် လယ်ယာမြေ ဥပဒေနှင့် ပေါ်ပေါက်လာမည့် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက မြေပြင်ပကတိ အခြေအနေအမှန်များနှင့်ကိုက်ညီစွာ ထိရောက်လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရမည့် အခြေအနေရှိပါကလည်း ဥပဒေနှင့် ညီညွတ်စွာ အလေးထားဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်၊ ဇလွန်မဲဆန္ဒနယ်၏ 'လယ်မြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်'အဆိုကို ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင် တစ်ဦးအနေဖြင့် ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး


ရန်ကုန် (မဇ္ဈိမ) ။       ။ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရခြင်းမှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရ ဝန်ထမ်းများက ယနေ့အထိ သမဂ္ဂများဖွဲ့စည်းခြင်း မရှိသေးဟု အလုပ်သမား အစည်းအရုံး မှတ်ပုံတင် အရာရှိချုပ်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် တပ်မတော် လက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဝန်ထမ်းများမှအပ ကျန်အလုပ်သမားများသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။

လက်ရှိတွင် အစိုးရဝန်ထမ်း မဟုတ်သော အလုပ်သမားများ၏ သမဂ္ဂပေါင်း ၁၃၀ နီးပါး မှတ်ပုံတင် ဖွဲ့စည်းပြီး
ဖြစ်သော်လည်း အစိုးရဝန်ထမ်းများက ယခုအချိန်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။

ထိုသို့ အစိုးရ ဝန်ထမ်းများ သမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတခုမှ အကြီးတန်း စာရေးတဦးက “ခေါင်းဆောင်မယ့်သူလည်း မရှိဘူး၊ လမ်းပြမယ့်သူလည်း မရှိဘူး” ဟု ဆိုသည်။

ထို့ပြင် အစိုးရဝန်ထမ်းများအတွက် အလုပ်သမားသမဂ္ဂကို ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါက အထက်လူကြီး ဖိအားပေးမှု ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ခေါင်းဆောင်မည့်သူ မရှိခြင်းဖြစ်မည်ဟု ထင်မြင်ချက် ပေးသည်။

ရွှေပြည်သာမြို့နယ်ရှိ “အောင်” ကြွေပြားစက်ရုံ အလုပ်သမားသမဂ္ဂမှ ဥပဒေအကြံပေး ဦးစောကျော်ကျော်မင်း က အစိုးရဝန်ထမ်းများ သမဂ္ဂ မဖွဲ့စည်းကြခြင်းအပေါ် “ကြောက်နေတဲ့ စိတ်ထားတွေကို ဖျောက်သင့်ပါပြီ” ဟု ဆိုသည်။

မိမိတို့၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ကိုကာကွယ်နိုင်ရန် အစိုးရ ၀န်ထမ်းများ အနေဖြင့်လည်း ကြိုးစားပြီး ဖွဲ့စည်းသင့်ကြောင်း ၎င်းက ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)မှ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု အစီအစဉ်၏ အကြံပေးအရာရှိ
ရော့စ်ဝီလ်စန် ကလည်း ၎င်းတို့အနေဖြင့် မှတ်ပုံတင်ထားသည့် အလုပ်သမားအဖွဲ့များကို အသိပညာပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး အစိုးရ ဝန်ထမ်းများသည်လည်း အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့် ရှိသလို ထိုသို့ ဖွဲ့စည်းပြီးမှသာ ILO အနေဖြင့် အလုပ်သမားရေးရာ သင်တန်းများ ပေးနိုင်မည်ဟု ဆိုသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန် က အလုပ်သမား သမဂ္ဂများ “များများဖွဲ့လေ ကောင်းလေပါပဲ” ဟု ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီတွင် အသက်ဝင်လာခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ လုပ်ငန်းတူ အလုပ်သမား ဦးရေ ၃၀ ရှိလျှင် အခြေခံ အလုပ်သမား အဖွဲ့တခု ဖွဲ့စည်းနိုင်သည်။

By Mizzima

အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ မြန်မာ ၂၀၀ ဝင်ပြိုင်မည်


လင်းကို | သောကြာနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် သတ္တမ အကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် မြန်မာ အားကစားသမား ၂ဝဝ ဦးက အားကစားနည်း ၁၂ မျိုးတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်နေလင်း က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားသွားသည်။

အဆိုပါ အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ၂၇ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် အတူ မြန်မာနိုင်ငံတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့များတွင် ကျင်းပသွားမည် ဖြစ်သည်။

“ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေက ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ ထိုင်လျက် ဘော်လီဘော၊ မျက်မမြင် စစ်တုရင်၊ သေနတ်ပစ်၊ မျက်မမြင် ဘောလုံး၊ အလေးမ၊ ဘိုးလင်း၊ ဂေါက်သီးရိုက်၊ မြှားပစ်နဲ့ သုံးယောက် တဖွဲ့ ဘက်စကက်ဘော ပြိုင်ပွဲတွေ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်နေလင်း က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ဆဋ္ဌမ အကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲကို
မြန်မာနိုင်ငံမှ အားကစားသမား ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်ပေါင်း ၃၄ ခု ရရှိခဲ့သည်ဟု ဆိုသည်။

“မသန်စွမ်း အားကစား ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစား သမားတွေကို စခန်းသွင်း လေ့ကျင့်ဖို့ ငွေကျပ် သိန်းပေါင်း ၄,၄၂ဝ ခန့် ကုန်ကျဖွယ် ရှိပါတယ်” ဟု ဗိုလ်ချုပ်နေလင်း က ဆိုသည်။

ထို့အပြင် နိုင်ငံတကာမှ ပြိုင်ပွဲဝင် အားကစားသမားများအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်များ၊ တည်းခိုဆောင်များ၊ ပြိုင်ပွဲကျင်းပရေး အားကစားရွာများ ကြိုတင် ဆောင်ရွက်ထားရန်နှင့် စေတနာ့ဝန်ထမ်း အထောက်အပံ့များလည်း လိုအပ်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိရေးအတွက် စင်္ကာပူ
နိုင်ငံနှင့် အပြိုင်ကြိုးပမ်းခဲ့ရပြီး ကစားကွင်း တည်ဆောက်မှု မပြီးပြတ်ခြင်းကြောင့် စင်္ကာပူအနေဖြင့် အိမ်ရှင်ကျင်းပခွင့်
လျှောက်ထားမှုအား ရုတ်သိမ်းခဲ့သည်။




By Mizzima

ကဏ္ဍ ငါးခုတွင် အပစ်ရပ်များအား နော်ဝေ တိုက်ရိုက်ကူညီမည်ဆို


စံခလပူရီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကဏ္ဍငါးခုတွင် အပစ်ရပ်အဖွဲ့များ အား တိုက်ရိုက် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း နော်ဝေနှင့်မြန်မာအစိုးရတို့ သဘောတူညီ ဖွဲ့စည်းထားသည့် Myanmar Peace Support Initiative (MPSI) မှ အကြံပေး ကိုယ်စားလှယ် တဦးဖြစ်သူ Ashley South က ပြော သည်။

“ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ကဏ္ဍ ငါးခုကို ကျနော်တို့ ကူညီ သွားပါမယ်။ ဒီအကူအညီတွေကိုလည်း အစိုးရကနေ မဟုတ်ဘဲနဲ့ အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ပေးအပ်သွားမှာ ပါ” ဟု သောကြာနေ့က မဇ္ဈိမကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့များကိုလည်း နော်ဝေး အစိုးရမှ ဘဏ္ဍာရေးအရ အကူအညီ
ပေးသွားမည်ဟု ဆိုသည်။

မေလ ၂၈ ရက်နေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့တွင် ပြုလုပ်သော အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ဆွေးနွေးပွဲတွင် နော်ဝေ ဒုနိုင်ငံခြားရေးဝန်ကြီး Torgeir Larsen ကိုတွေ့ရစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

MPSI မှ အကူအညီ ပေးမည့် ကဏ္ဍ ငါးခုမှာ (၁) အပစ်ရပ် အဖွဲ့အစည်းများ ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရေး၊ (၂) အပစ်ရပ် အဖွဲ့အစည်းများနှင့် ဒေသခံလူထု တွေ့ဆုံ ရှင်းလင်းပွဲများ ပြုလုပ်နိုင်ရေး၊ (၃) အပစ်ရပ် အခြေအနေများ အပေါ် လွတ်လပ်သည့် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းသွားရန်၊ (၄) ရှမ်းပြည်နယ်ရှိ ဘိန်းစစ်ဆင်ရေး၊ ပညာရေး ကဏ္ဍကဲ့သို့ ပရောဂျက်ကြီး အချို့နှင့် (၅) အပစ်ရပ် ဒေသများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၌ အချက်အလက် စုဆောင်းရေးနှင့် စစ်တမ်း ကောက်ယူရေးကဏ္ဍတို့အား အဓိကထား အထောက်အပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ကြီး (ပဲခူးတိုင်း)နှင့် ထားဝယ် (တနင်္သာရီတိုင်း) ဒေသတို့ရှိ ကရင် ဒုက္ခသည်များအား နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးရေးနှင့် ပြန်လည် နေရာချထားရေး အစီအစဉ်များအား MPSI ကိုယ်စားလှယ်များ ကိုယ်တိုင် ကွင်းဆင်း
လေ့လာခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် Mr. Ashley South တို့သည် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့၌ တကြိမ်
တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

MPSI အဖွဲ့အား နော်ဝေနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ခြင်း
ဖြစ်သည်။

“ဒီ MPSI ကိုလည်း နှစ်နိုင်ငံ အစိုးရတွေရဲ့ တရားဝင် သဘောတူညီမှုနဲ့ ဖွဲ့စည်းထားတယ် ဆိုတော့ မြန်မာအစိုးရ ဘက်က ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေအပေါ် ဘယ်လောက် ခွင့်ပြုမလဲ၊ နှစ်ဘက် အကြား ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိလဲ ဆိုတာကိုလည်း အစိုးရကို ကျနော်တို့ သုံးသပ်နေဆဲ အနေအထားမှာ ရှိပါတယ်” ဟု Mr. Ashley South က မဇ္ဈိမကို ပြောသည်။

MPSI အဖွဲ့တွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကူညီ လုပ်ဆောင်နိုင်ရန်အတွက် Ashley South နှင့် Charles Petrie တို့ နှစ်ဦးအား တာဝန် ပေးထားသည်။

Charles Petrie မှာ ၂၀၀၇ ခုနှစ်၌ မြန်မာပြည်ဆိုင်ရာ UN အကြီးအကဲဟောင်း တဦးအဖြစ် ရန်ကုန်၌ တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ရွှေဝါရောင် တော်လှန်ရေး၌ သံဃာတော်များအား ထောက်ခံသည့် သဘောထားပြသည့် ထုတ်ပြန်ချက်ကို မြန်မာ အစိုးရသို့ ပေးပို့ခဲ့ပြီးနောက် မြန်မာအစိုးရမှ Charles Petrie အား မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့ သည်။

Ashley South သည် ၁၉၉၄ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေး ကော်မီတီ (TBBC) ၌ ကွင်းဆင်း အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်ပေါင်း ၂ဝ ခန့် မြန်မာ့တိုင်းရင်းသားအရေးတို့တွင် ကိုယ်တိုင် ပါဝင်ဆောင်ရွက် ခဲ့သူ တဦး ဖြစ်သည်။ Mon Nationalism and Civil War in Burma: The Golden Sheldrake စာအုပ်အား ရေးသား ခဲ့သူလည်း ဖြစ်သည်။

MPSI အနေနှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ဒေသများအား ပိုမို ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အခြေခံ အုတ်မြစ်များ ချမှတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဖော်ပြပါ အထောက်အပံ့များအား ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

MPSI ၏ အကူအညီ ပေးရေး လျာထားချက်မှာ မည်မျှ ကြာမြင့်မည်၊ မည်သည့် ငွေကြေး ပမာဏဖြင့် ကူညီမည်ကိုမူ Ashley South u ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ပေ။

By Mizzima

“မုန်တိုင်း အန္တရာယ်ကို ဘယ်လိုနည်းနဲ့မှ လျှော့တွက်လို့ မရဘူး”


ဒေါက်တာဦးထွန်းလွင်
(မိုးလေဝသပညာရှင်) နှင့် တွေ့ဆုံခြင်း

ရန်ကုန် (မဇ္ဈိမ) ။         ။ ၂ဝ၁၂ခုနှစ်၊ မိုးလေဝသ ဖြစ်ပေါ်ပြောင်းလဲမှုများသည် အခြားနှစ်များနှင့်မတူ ထူးခြား
ပြောင်းလဲမှုများ ရှိနေသည်။ မိုးကြိုကာလမှ စတင်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ ဖြစ်သည့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းများ၌ မိုးရွာသွန်းမှုမှာ ယနေ့ အချိန်ထိ အားကောင်းလျက် ရှိနေသည်။ ရေကြီးရေလျှံမှုများ လည်း စဉ်ဆက်မပြတ် ကြုံတွေ့နေရသည်။

ထို့ပြင် နှစ်စဉ် ဘင်္ဂလားပင်လယ်အော်မှ ဝင်နေကျ မုန်တိုင်းများတည်း ယခုနှစ်တွင် တလုံးမျှ ဝင်ရောက်လာခြင်း မရှိသေးပေ။ ဝင်ရောက်လာနိုင်ဖွယ်ရှိသည့် မုန်တိုင်း အန္တရာယ်များကလည်း ခြိမ်းခြောက်လျက် ရှိနေသည်။

ထို့ကြောင့် လက်ကျန် မိုးရာသီ ကာလတွင် ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်း အခြေအနေနှင့် ရေကြီးမှု အခြေအနေများနှင့် ပတ်သက်ပြီး မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် နှင့် မဇ္ဈိမ တွေ့ဆုံမေးမြန်းထားသည့်အထဲမှ အချို့ကို ကောက်နှုတ် တင်ပြလိုက်သည်။

မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင် (ဓါတ်ပုံ www.tunlwin.com)

ဒီနှစ်မိုးရာသီမှာ ထူးခြားဖြစ်စဉ်တွေ ရှိနေတယ်လို့သိရပါတယ်။ ဆရာ လေ့လာ တွေ့ရှိထားတာတွေကို ပြောပြပေး ပါဦး။

ဦးထွန်းလွင်။   ။ ၂ဝ၁၂ ခုနှစ်ရဲ့ မိုးရာသီက ထူးခြားမှုတွေ အများကြီးရှိတယ်။ မုတ်သုံ ဝင်တဲ့အခါမှာ မုတ်သုံ လေဦး ဆိုတာ ရှိတယ်။ အဲဒီ့ မုတ်သုံလေဦး က မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသကို မေလကုန်၊ ဇွန်လဆန်းမှာ ရောက်တယ်။ အဲဒီကတည်းက ဘင်္ဂလား ပင်လယ်အော်ထဲကို ပြန်မဆင်းတော့ဘူး။ အဲဒီမှာ နောက်ဆက်တွဲ ထူးခြားဖြစ်စဉ်တွေ အများကြီး ဖြစ်လာတယ်။ မြောက်ဘက်မှာရှိတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ ဒီကနေ့အထိ
နေ့စဉ်ရက်ဆက် မိုးကောင်းနေတယ်။

အဲဒီလိုအထက်ပိုင်းဒေသတွေမှာ မိုးကောင်းတာကြောင့်ဖြစ်ပေါ်လာမယ့် နောက် ဆက်တွဲ သက်ရောက်မှုတွေကို လည်း ရှင်းပြပေးပါဦးဆရာ။

ဦးထွန်းလွင်။   ။ ဂြိုဟ်တုကနေ ကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်မှာ ရေကြီးဖို့ အလားအလာ မြင့်မားတဲ့ဧရိယာတွေ ရှိနေတယ်။ ဆိုလိုတာက အချိန်မရွေး ရေကြီးမှုတွေ ကြုံတွေ့နိုင်တယ်။ ဘယ်ဒေသတွေကို တွေ့နိုင်သလဲဆိုတော့ ကချင်၊ စစ်ကိုင်း အထက်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဖြစ်တဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး ဒေသတွေမှာ ရေကြီးမှု အလားအလာ
တွေ မြင့်မားနေတယ်။ အဲဒါက နာဆာက ပြောထားတာ ဖြစ်တယ်။ ဒီစကားလည်း မှန်ပါလိမ့်မယ်။ မိုး ခုထက် ပိုကောင်း လာရင်တော့ ရေကြီးတယ်ဆိုတဲ့ အဆင့် ရောက်တော့မှာပေါ့။ အခုတော့ ရေလွှမ်းတယ်ဆိုတဲ့အဆင့်ကို ရောက်နေပြီ။

မြန်မာနိုင်ငံမှာ ရေကြီးကာလ သုံးကြိမ်ရှိတယ်လို့ သိရပါတယ်။ အခုလက်ကျန် မိုးကာလမှာ ကြုံတွေ့ရနိုင်တဲ့
ရေကြီးမှု အခြေအနေကို သုံးသပ်ပေးပါဦး။

ဦးထွန်းလွင်။   ။ မြန်မာနိုင်ငံ ရေကြီးကာလ သုံးခု ရှိတဲ့အနက်က ဇူလိုင်၊ သြဂုတ်က ဒုတိယအကြိမ်မြောက် ရေကြီး ကာလဖြစ်တယ်။ နောက်ဆုံးအကြိမ်ကတော့ စက်တင်္ဘာ၊ အောက်တိုဘာမှာ လာမယ်။ ကြောက်စရာကောင်းတာက စက်တင်္ဘာ၊ အောက်တိုဘာပဲ။ အဲဒီအချိန်မှာ ရေကြီးတာက အစဉ်အလာအရ အကြီးဆုံးပဲ။ အဲဒီတချိန်ကိုတော့ တထိတ်ထိတ်နဲ့ စောင့်ရတော့မယ်။

ဒီနှစ်မှာ မုန်တိုင်းက တလုံးမှ မဖြစ်သေးဘူးဆိုတော့ အဲဒီ့အပေါ်မှာရော ဆရာ ဘယ်လို သုံးသပ်ထားပါသလဲ။

ဦးထွန်းလွင်။    ။ ဒီနှစ်မှာ စိတ်ဝင်စားစရာကောင်းတာက မုန်တိုင်းပဲ။ မုန်တိုင်းက တလုံးမှ မဖြစ်သေးဘူး။ နည်းနည်း စိတ်ပူစရာလေးတွေလည်း ရှိလာတယ်။ နှစ်ပေါင်း ၁၃၅ နှစ်မှာ မုန်တိုင်း မဖြစ်တဲ့နှစ်ရယ်လို့ တနှစ်မှ မရှိဘူး။ တနှစ်ကို ဒီဇင်ဘာ ၃၁ ရက် နှစ်ချုပ်ပြီဆိုရင် မုန်တိုင်း အနည်းဆုံး လေးလုံးတော့ ဖြစ်တယ်။ ဒါကြောင့် ဒီနှစ်လည်း မုန်တိုင်း
လေးလုံးတော့ ဖြစ်ရမယ်။ ဒါပေမယ့် အခုအချိန်ထိတော့ တလုံးမှ မဖြစ်သေးဘူး။ တလုံးမှ မဖြစ်သေးတော့ ကျန်တဲ့ ကာလကို တွက်လိုက်ရင် မိုးတွင်းရှိမယ်။ မိုးလွန်ရှိမယ်။ နှစ်ပိုင်း ရှိတယ်။ မုန်တိုင်း ဖြစ်မယ်ဆိုရင် ဖြစ်လို့ရတယ်။

အဲဒီ မိုးတွင်းနဲ့ မိုးလွန် နှစ်ပိုင်းမှာ ဘယ်အပိုင်းက မုန်တိုင်းဖြစ်ဖို့ ပိုပြီးအလားအလာ ရှိပါသလဲ။

ဦးထွန်းလွင်။   ။ မုန်တိုင်းတွေက အခုနောက်ပိုင်း ဘယ်မှာသွားဖြစ်သလဲဆိုတော့ မိုးတွင်းရဲ့ ပြင်ပမှာပဲ ဖြစ်တယ်။
ပြင်ပဆိုတာ ရှေ့ဆိုရင် မိုးကြို၊ နောက်ဆိုရင် မိုးလွန်။ မိုးကြိုနဲ့ မိုးလွန်မှာပဲ ဖြစ်တယ်။ ဒီနှစ်ကတော့ မိုးကြိုမှာ မုန်တိုင်း လုံးဝ မဖြစ်ခဲ့ဘူး။ အခု မုန်တိုင်းဖြစ်ဖို့ ကျန်တာ မိုးတွင်း ကျန်တယ်။ မိုးလွန် ကျန်တယ်။ ဒီနှစ်ခုမှာ ရာသီဥတု ပြောင်းလဲ မှုကြောင့် မိုးတွင်းမှာ မဖြစ်ဖို့က များတယ်။ ဒီတော့ ဖြစ်မယ်ဆိုရင် မိုးလွန်မှာပဲ ဖြစ်တော့မယ်။ ဒါကြောင့် ဒီနှစ်ဖြစ်မယ် ဆိုတဲ့ မုန်တိုင်း အနည်းဆုံး သုံးလုံး၊ လေးလုံး ဆိုတာဟာ မိုးလွန်မှာပဲ ဖြစ်ဖို့များတယ်။ လနဲ့ပြောရင်တော့
အောက်တိုဘာ၊ နိုဝင်ဘာမှာ ဖြစ်ဖို့ များတယ်။

အဲဒီ လတွေမှာ မုန်တိုင်း ဖြစ်ခဲ့မယ်ဆိုရင် စိုးရိမ်စရာအခြေအနေတွေများ ရှိပါသလား။

ဦးထွန်းလွင်။   ။ အောက်တိုဘာ၊ နိုဝင်ဘာမှာ မုန်တိုင်းဖြစ်မယ်ဆိုရင် စိုးရိမ်စရာ နှစ်ချက်ရှိတယ်။ ပထမ တချက်က
မြန်မာနိုင်ငံရဲ့ တနှစ်မှာ ရေကြီးချိန် သုံးချိန် ရှိတဲ့ထဲမှာ အောက်တိုဘာ၊ နိုဝင်ဘာဟာ တတိယနဲ့ နောက်ဆုံး ရေကြီး ကာလ။ အဲဒီ ကာလမှာ ရေ အမြဲ ကြီးတတ်တယ်။ သုံးကြိမ်မှာ အဲဒီ တတိယ နောက်ဆုံးအကြိမ်က အဆိုးဆုံး ဖြစ်တတ် တယ်။ အဲဒီ အဆိုးဆုံးဖြစ်မယ့် ကာလမှာ မုန်တိုင်းတွေကလည်း ဖြစ်ဖို့ ရှိနေတယ်။ ဒါကြောင့် ရေကြီးဖို့ အလားအလာ ဟာ ပိုပြီးတော့ အန္တရာယ်ရှိလာတယ်။ နှစ်အချက်က အဲဒီ အောက်တိုဘာ၊ နိုဝင်ဘာမှာ ဖြစ်တဲ့ မုန်တိုင်းတွေက
မြန်မာပြည်ကို ဝင်တတ်တယ်။ အခု မုန်တိုင်းတွေကလည်း အောက်တိုဘာ၊ နိုဝင်ဘာမှာ သုံးလေးလုံး ဖြစ်ဖို့ ရှိနေတယ် ဆိုရင် မြန်မာပြည်ကို ဝင်ဖို့ အန္တရာယ်ကလည်း ရှိလာတယ်။

အဲဒီ နှစ်လထဲက ဖြစ်နိုင်ခြေရာခိုင်နှုန်းအနေနဲ့ ဘယ်လကပိုဖြစ်နိုင်ပါသလဲ။

ဦးထွန်းလွင်။   ။ ပြီးခဲ့တဲ့ နှစ်နှစ်ကို ပြန်ကြည့်လိုက်ရင် နှစ်နှစ် ဆက်တိုက် မြန်မာပြည် မုန်တိုင်း ဝင်တယ်။ ၂ဝ၁ဝ မှာတုန်းက ဂီရိမုန်တိုင်း ဝင်တယ်။ ၂ဝ၁၁ မှာက အိုတူးဘီ ဆိုတဲ့ မုန်တိုင်း ဝင်တယ်။ အဲဒီ နှစ်လုံးလုံးဟာ
အောက်တိုဘာမှာ ဝင်တယ်။ ဒီတော့ အောက်တိုဘာဝင် တာလေးက လောလောဆယ်မှာ ခေတ်စားနေတယ်။ ဒါဆိုရင် ဒီနှစ် အောက်တိုဘာ မုန်တိုင်းအန္တရာယ်ကို ဘယ်လိုနည်းနဲ့မှ လျှော့တွက်လို့ မရဘူး။

မုန်တိုင်း ဖြစ်လာမယ့် အခြေအနေကို ကြိုတင်သုံးသပ်ချက်အနေနဲ့ ပြုလုပ်ထားပါသလား။ ဘယ်လောက်အတိုင်း အတာထိ တွက်ချက်လေ့လာနိုင်ပါပြီလဲခင်ဗျ။

ဦးထွန်းလွင်။    ။ မုန်တိုင်းတွေအကြောင်း ပြောရင်တော့ အဆင့်သုံးဆင့်ထား ပြောရတယ်။ ပထမဦးဆုံး အဆင့်က
တော့ သံသယရှိလို့ ဒီလို သတိထားဖို့ လိုပြီလို့ ပြောလိုက်ရင် အဲဒါက စောင့်ကြည့်ခေါ်တယ်။ Close Watch ပေါ့။ ဒါကို နေ့တိုင်း အမြဲသတိနဲ့ စောင့်ကြည့်နေမယ်။ ကြည့်လာပြီး အခြေအနေလေးက ထင်ထားတဲ့အတိုင်း ဖြစ်ဖို့ နီးစပ်လာပြီ ဆိုရင်တော့ နောက်တဆင့် တိုးလိုက်တာပေါ့။ အင်္ဂလိပ်လိုကတော့ Alert ခေါ်တာပေါ့။ မြန်မာလိုတော့
နိုးဆ်ာလိုက်တာပေါ့။ နောက်ဆုံးတဆင့်ကျတော့ ဖြစ်နေပြီဆိုရင်တော့ warning ပေါ့။  သတိပေးတာပေါ့။ ဒီသုံးဆင့် ရှိတယ်။ အခုအချိန် ကတော့ Close Watch အဆင့်ပဲ ရှိပါသေးတယ်။ အနီးကပ်ကို ဖြစ်ပေါ်တိုးတက်မှုကို စောင့်ကြည့်
နေပါတယ်။

By Mizzima