Saturday 28 July 2012

မြန်မာ့ပညာရေး ပြောင်းလဲသင့်တာတွေ ပညာရှင်တွေ ဆွေးနွေး



မြန်မာပြည်ရဲ့ ပညာရေးဟာလည်း ပြုပြင်ပြောင်းလဲရမယ့် အချိန်ရောက်နေပြီလို့ မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ လူငယ်ပြုစုပျိုးထောင်ရေး ပညာရေး ဆွေးနွေးပွဲမှာ ဘာသာရပ်အလိုက် ပညာရှင်တွေက ဆွေးနွေး ပြောကြားပါတယ်။ သည်ဆွေးနွေးပွဲမှာ မြန်မာပြည် ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံအချက်တွေ ဖြစ်တဲ့ မနက်တစ်ပိုင်းပဲ ကျောင်းတက်ပြီး ညနေပိုင်းအချိန်မှာ ကလေးတွေ ဝါသနာပါရာ အသက်မွေးဝမ်း ကျောင်းပညာတွေကို လွတ်လပ်စွာ သင်ယူခွင့်၊ အလယ်တန်းပညာ ငါးတန်းကစပြီး ကလေးတွေ ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်းပညာ ရွေးချယ်သင်ယူခွင့်၊ အမှတ်စာရင်းနဲ့ခွဲတဲ့ ပညာရေးစနစ်အပြင် အခြားပြုပြင် ပြောင်းလဲသင့်တဲ့ အချက်အလက်တွေကိုပါ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရှင်တွေက အဓိက ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆေးဝါးကျွမ်းကျင် သင်တန်းတစ်ခုရဲ့ သင်တန်းဆရာ ဒေါက်တာဇာနည်ဇင် “မနက်ခင်းမှာ စာသင်မယ်၊ ညနေပိုင်းမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုကို အလယ်တန်းကစပြီး အခြေခံကို တစ်ဆင့်ပြီး တစ်ဆင့် သင်ပေးမယ်ဆိုရင် အထက်တန်းပညာရေး ပြီးဆုံးတာနဲ့ အခြေခံအဆင့် သင်တန်းတွေလဲ ပြီးသွားမယ်၊ ဆယ်တန်း အောင်ပြီးသွားရင် ဝါသနာပါတဲ့ တက္ကသိုလ်တစ်ခုကို တက်ရင်းနဲ့ အလုပ်တွေရအောင် ကူညီစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက် ဖြစ်တယ်” လို့ ဆွေးနွေးပွဲမှာ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်စာတမ်းကို ဖတ်ကြားသွားခဲ့ပါတယ်။ ပညာရေးကဏ္ဍကြီးဟာ ကြီးမားကျယ်ပြန့်တဲ့အတွက် ယခုလက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲဖို့ဆိုရင် သင်ရိုးညွှန်းတမ်းတွေ၊ အဆောက်အအုံတွေနဲ့ သင်ထောက်ကူပစ္စည်းတွေအပြင် အမှတ်စာရင်းနဲ့ခွဲတဲ့ ပညာရေးစနစ်ပါ အဓိက ပြုပြင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒေါက်တာဇာနည်ဇင်က “အခြေခံပညာအထက်တန်း ပြီးသွားရင် ဘယ်လိုပညာရပ်ပဲ ဖြစ်ဖြစ် အမှတ်နဲ့ခွဲခြားတာမျိုး မလုပ်ဘဲ ကိုယ်ဝါသနာပါရာကို ရွေးချယ်ပြီး ဖြေဆိုဖို့အတွက် ဝင်ခွင့်ဆိုတာတွေ ရှိသင့်တယ်” လို့ ပြောတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ပညာအရည်အချင်း မြှင့်တင်ပေးဖို့ လိုအပ်တာအပြင် သင်ရိုးညွှန်းတမ်းတွေကလည်း နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေနဲ့ ယှဉ်နိုင်အောင် ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် နိုင်ငံတကာ အဖွဲအစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ပညာရေးပြုပြင် ပြောင်းလဲဖို့အတွက် ပညာရေးဆွေးနွေးပွဲမှာ ဖတ်ကြားသွားတဲ့ စာတမ်းတွေနဲ့ ဘာသာရပ်အလိုက် ပညာရှင်အစုအဖွဲ့တွေ ဖွဲ့စည်းပြီး အဲသည် ပညာရှင်တွေ ပြုစုရေးသားတဲ့ စာတမ်းတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကနေ တစ်ဆင့် ပြည်သူ့လွှတ်တော်ကို တင်သွင်းကြမှာ ဖြစ်ပါတယ်။ ဒေါက်တာသန်းထိုက်ဦးက “ဒီအကြံပြုချက်တွေကို လွှတ်တော်ကသာ လက်ခံခဲ့မယ်ဆိုရင် ဆရာ၊ ဆရာမတွေလဲ လွတ်လွတ်လပ်လပ် အခွင့်အရေးရသလို ဆရာ၊ ဆရာမတွေရဲ့ အမှန်တကယ် လိုအပ်ချက်ကို အစိုးရက ဖြည့်ဆည်းပြီး ပညာရေးစနစ်ကြီး ကောင်းမွန်အောင် လုပ်သွားမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပညာရေး အနာဂတ် ထွန်းလင်းတောက်ပ လာလိမယ့်မယ်” လို့ ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ 

No comments:

Post a Comment