၁၀ ဘီးယာဉ်များကဲ့သို့ ယာဉ်ကြီးများ အပါအဝင် အကြီးစား စက်ယန္တရားကြီးများ ထုတ်လုပ်တပ်ဆင်မည့် စက်ရုံစီမံကိန်းများ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်တွင် ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ စက်မှုဇုန်ကို တည်ဆောက်သည့် ဝါဝါဝင်းကုမ္ပဏီက သိရသည်။ အဆိုပါ အကြီးစား ယန္တရား လုပ်ငန်းများ ထုတ်လုပ်တပ်ဆင်မည့် ကုမ္ပဏီလုပ်ငန်းသည် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်မည့် လုပ်ငန်းဖြစ်ကြောင်း ယင်းစက်ရုံစီမံကိန်းသည် ဧက ၄၀ ခန့် ကျယ်ကြောင်း ၎င်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းဝင်းက ဇူလိုင် ၂၅ ရက် နံနက်က ပြောကြားခဲ့သည်။ အနော်ရထာ စက်မှုဇုန် တစ်ခုလုံးသည် ဧက ၈၀၀ ကျယ်ဝန်းပြီး အပိုင်း(၁)၊ (၂) ခွဲ၍ အကောင်အထည် ဖော်လျက်ရှိရာ အပိုင်း(၁) မှာ ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းရကြောင်း၊ အပိုင်း(၂) ကို ၂၀၁၃ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းကြောင်း၊ အပိုင်း(၂) တွင် ကွန်ကရစ်လမ်းခင်းခြင်း၊ ရေစီးရေလာ ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “အနော်ရထာ စက်မှုဇုန် အပိုင်း(၁)ကို ၂၀၀၁ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ ဝါဝါဝင်းဆောက်လုပ်ရေးတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ စက်မှုဇုန်ထဲမှာ ဆန်စက်ကြီးတွေ၊ တိရစ္ဆာန်အစာစက်ရုံတွေ၊ ရေခဲစက်ကြီးတွေ၊ အုတ်စက်ရုံကြီးတွေ၊ ကား Show Room ကြီးတွေ၊ အကြီးစား စက်ယန္တရား စက်ရုံကြီးတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ယင်းက ရှင်းပြသည်။ အဆိုပါ အနော်ရထာ စက်မှုဇုန်သည် လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးအပေါ် တွံတေးတံတားအနီးတွင် တည်ရှိပြီး စက်မှုဇုန်အပိုင်း(၂)မှ လုပ်ငန်းဆောင်ရွက်မည့် နေရာများအား ကုမ္ပဏီများကို ရောင်းချပြီး ဖြစ်ကြောင်း သိရှိရပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ပေါ်လာပြီးပါက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် မြေများကို ငှားရမ်းရန်လည်း ရှိကြောင်း၊ စက်မှုဇုန်တစ်ခု ပေါ်ပေါက်လာသည့် အတွက် အဆိုပါ စက်မှုဇုန်အနီး နေထိုင်သည့် တောင်သူလယ်သမားများ၏ မိသားစုဝင်များမှာ စက်မှုဇုန်၏ လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့်အရေးများလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း ဝါဝါဝင်းကုမ္ပဏီမှ တာဝန်ရှိသူက ယင်း၏ သဘောထားကို ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
Saturday, 28 July 2012
အကြီးစားယာဉ်များ ထုတ်လုပ်မည့် စက်ရုံစီမံကိန်း အနော်ရထာ စက်မှုဇုန်တွင် ပါဝင်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment