Monday 30 July 2012

၃၀.၇.၂၀၁၂ မနက်ပိုင်းသတင်းတိုများစုစည်းမှု

လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ
မြန်မာနိုင်ငံက အားကစားတချို့ လည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ 

မြန်မာနိုင်ငံက အမျိုးသား တဦးချင်း သေနပ်ပစ်ပြိုင်ပွဲမှာ ကိုမောင်ကြူ ၊ တဦးချင်း လှေလှော်ပြိုင်ပွဲမှာ မရွှေစင်လတ်နဲ့ မြှားပစ်ပြိုင်ပွဲမှာ ကိုနေမျိုးအောင်တို့ဟာ ယှဉ်ပြိုင်ပါတယ်။ 

မအေးအေးအောင်က ဂျူဒိုအားကစားနဲ့ သြဂုတ်လ ၂ရက်မှာ ယှဉ်ပြိုင်မှာ ဖြစ်သလို ကိုသက်ဇော်ဝင်းက သြဂုတ်လ ၄ ရက်နေ့မှာ မီတာ ၄၀၀ ပြေးခုန်ပစ် ပြိုင်ပွဲနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လန်ဒန်ရောက် မြန်မာတွေကလည်း မနေ့ညက ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲ အခမ်းအနားကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ကြည့်နေကြသလို face book လို tweeter လို အင်တာနက် ဆက်သွယ်ရေးတွေကနေ မြန်မာနိုင်ငံ
အသင်း အိုလံပစ်အားကစားကွင်းထဲ ဝင်လာတာကို စောင့်ပီး ကြည့်ရှု အားပေး တာတွေလည်း တွေ့ရပါတယ်။

ဒီလို လန်ဒန်မှာ ရောက်ရှိနေတုန်း အိုလံပစ်အားကစားပြိုင်ပွဲ နဲ့ ကြုံရတော့
မြန်မာနိုင်ငံသားတချို့က သွားရောက်ကြည့်ရူမယ်ဆိုပီး အားခဲနေကြ
ပါတယ်။ အဲဒီလူတွေထဲက သြဂုတ်လ ၅ ရက်နေ့က ဘတ်စကက်ဘောပြိုင်ပွဲ သွားကြည့်မယ့် မတူးမာက-

" အမသမီးက သူကျောင်းကနေ အိုလံပစ်အတွက် လက်မှတ်ရတယ်လေ။
ကျောင်းမှာ sport ထူးချွန်တဲ့သူတွေကို လက်မှတ်ပေးတယ်။ သူက ဘတ်စကက်ဘော ကစားတာများတယ်ဆိုတော့ ဘတ်စကတ်ဘော လက်မှတ်ရထားပါတယ်။ ၅ ရက်နေ့ သြဂုတ်ပါ။ အမတို့ ဗမာအဖွဲ့ တက်ရောက်တာကိုလည်း တွေ့ရတယ်။ အဲဒီအတွက် အရမ်းဝမ်းသာတယ် ဂုဏ်ယူပါတယ်။ နောက်ပီး ဗမာလူမျိုးတွေအနေနဲ့ အိုလံပစ်မှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုပီးဝမ်းသာမိမယ်လို့ ထင်ပါတယ်။"

အိုလံပစ် အားကစားကွင်းနားမှာ နေတဲ့ ကိုရာဇာကလည်း အိုလံပစ် အားကစားပြိုင်ပွဲမှာ အနည်းဆုံး ပွဲစဉ်တခုကို ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မယ်။ နောက် ရပ်ကွက်သူရပ်ကွက်သားတွေ အလုပ်အကိုင်
အသစ်တွေ ရရှိစေတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။

"ကျနော်တို့ရပ်ကွက်ထဲက ဗမာတွေ ဒီနားမှာ အလုပ်ရတယ်ခင်ဗျ။ အလုပ်ကတော့ temporary ပေါ့။ ခဏတဖြုတ် အိုလံပစ်ရဲ့ အရှိန်ကြောင့်
ဈေးရောင်းတဲ့ဆိုင်တွေမှာရတယ်။ တချို့ဆိုလည်း ဈေးရောင်းတဲ့ ဆိုင်တွေမှာရတယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့ ဗမာအသိုင်းဝိုင်းကတော့ တော်တော်လေးကို ပျော်ကြတယ်ခင်ဗျ။

ကျနော် ကတော့ ဘောလုံးပွဲကြည့်မယ်လို့ စိတ်ကူးထားတယ်။ ဘရာဇီးနဲ့ ပွဲကို သွားကြည့်ဖို့ရာများတယ်ပေါ့နော်။ ဘရာဇီးနဲ့ ဘယ်အသင်းနဲ့ ဖြစ်ဖြစ်ပါ။ အိုလံပစ်မှာ ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မှာက အဓိကပါ။"

မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားတွေ လာရောက် ယှဉ်ပြိုင်တဲ့
အတွက် ကျေနပ်အားရကြောင်း ကိုရာဇာက -

"ကျနော်ကတော့ ဗမာအားကစား အသင်း ဒီကို လာပီး ယှဉ်ပြိုင်တာကို အတော် သဘောကျတယ်ဗျ။ ကျနော်ကတော့ အနိုင်ရရှိသွားတာက အဓိကမဟုတ်ဘူး။ ဝင်ရောက်ယှဉ်ပြိုင်လိုက်တာက အဓိကဘဲ ။ ကျနော်ကတော့ မြန်မာနိုင်ငံက အားကစားသမားတွေ နိုင်ငံတကာပွဲတွေမှာ များများဝင်ရောက်ယှဉ်ပြိုင်လေ အားကျလေဘဲ။ ဒါပေမယ့် ကျနော် သဘောပေါက်ပါတယ် ငွေရေးကြေးအခက်အခဲတွေလည်း ရင်ဆိုင်ရမယ် ဆိုတာ။ သို့သော်လည်း တိုင်းပြည်အတွက် တော်တော်လေးကို အတွေ့အကြုံတွေ ရနိုင်တယ်ပေါ့ အဲဒီအတွက် ဝမ်းသာတယ်ခင်ဗျ။"

By RFA Burmese









ယနေ့ ( ဇူလိုင်၊ ၂၉ ရက် ) နံနက် ၁၀း၀၀ နာရီ အချိန်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၆လမ်း ( ၈၇လမ်းနှင့် ၈၈လမ်းကြား)ရှိ ပင်လယ်တိုက်၊ ရွှေမန်းအုတ်ကျောင်း၊ နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းနှင့် ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါနစာသင်ကျောင်း အတွက် စာအုပ်စာတမ်း၊ စာရေးကိရိယာနှင့် ဆေးခန်းသုံးပစ္စည်းများကို ၈၈မျိုးဆက်ကျောင်းသားများမှ သွားရောက်လှူဒါန်းခဲ့ကြပါသည်။
နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါနစာသင်ကျောင်းအတွက် လှူဒါန်းခဲ့သော ပစ္စည်းများမှာ သူငယ်တန်းမှ အဌမတန်းအတွက် ကျောင်းသုံးပြဌာန်းစာအုပ် အစုံ ၂၀ စီ ၊ လေးကြောင်းမျဉ်းစာအုပ် ဒါဇင် ၂၀၊ ဗလာစာအုပ် ဒါဇင် ၃၀၀၊ ဘောလ်ပင် ဒါဇင် ၁၅၀၊ ခဲတံ ဒါဇင် ၂၀၀၊ ခဲဖျက် ဒါဇင် ၂၀၊ ပေတံ ဒါဇင် ၂၀၊ အလယ်တန်းသုံး ကွန်ပတ်စ် ဘူး ၁၀၀၊ ၀ှိုက်ဘုတ် ၂ ချပ်၊ ၀ှိုက်ဘုတ်မတ်ကာပင် တစ်ဒါဇင်နှင့် မင်အိုးတို့ ဖြစ်ပြီး
နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းအတွက် လှူဒါန်းခဲ့သောပစ္စည်းများမှာ လူနာများထိုင်ရန် ပလပ်စတစ်ထိုင်ခုံ အလုံး ၁၀၀၊ လူနာ စမ်းသပ်ကုတင် ၃ လုံး၊ သွေးပေါင်ချိန် ကိရိယာ ၃ ခု၊ စားပွဲနှင့် ထိုင်ခုံ တစ်စုံတို့ ဖြစ်သည်။











မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ပြေငြိမ်းအောင် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ရဲ့ ဆောင်ရွက်ချက်တွေဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်နေတဲ့ ပုံစံဖြစ်သွားတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ ကပြောဆိုခဲ့ပြီး တဲ့နောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Quintana က - သမ္မတဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အောက်မှာ မြန်မာနိုင်ငံဟာ သိသိသာသာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း၊ ဒါပေမဲ့  မြန်မာပြည်ဟာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း
ပြောဆိုပါတယ်။

မစ္စတာ Quintana ဟာ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်မှာဖြစ်ပြီး လာမယ့်သောကြာနေ့မှာ သမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော်မှာ
တွေ့ဆုံမှာဖြစ်ပါတယ်။

တွေ့ဆုံတဲ့အခါ ဘာတွေဆွေးနွေးပြောဆိုမယ်ဆိုတာ မသိရပေမဲ့ 
ရခိုင်ပြည်နယ်တွင်း ကိစ္စ ဟာ အဓိကဆွေးနွေးစရာဖြစ်ပါလိမ့်မယ်လို့ အမည်မဖေါ်လိုသူ အစိုးရ အရာရှိကြီး တစ်ယောက်က ပြောဆိုကြောင်း
အေအက်ပီ သတင်း က ဖေါ်ပြပါတယ်။

မစ္စတာ Quintana ဟာ သြဂုတ်လ (၄) ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်း တွေနဲ့လည်းတွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီအတွင်း အီရန်နိုင်ငံမှာရှိတဲ့ စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာ
အဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲ က မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့ အတွက် ဆေးဝန်ထမ်းတွေ၊ သူနာပြုတွေ ပါဝင်တဲ့ ကူညီ ကယ်ဆယ်ရေး အဖွဲ့စေလွှတ်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆို
လိုက်ကြောင်း အီရန် FARS သတင်းဌာနက ဖေါ်ပြပါတယ်။

By RFA Burmese













တောင်တွင်းကြီး မြို့နယ်တွင် အိမ်တိုင်ရာရောက် ရောင်းချပေးတဲ့ဈေးဆိုင်ကယ်များ ခေတ်စားလာ

လွန်ခဲ့သော ၃ – ၄ နှစ် ခန့် က စ၍ မြန်မာနိုင်ငံကို ဆိုင်ကယ်နိုင်ငံဟုခေါ်ရမလောက်ပင် ဆိုင်ကယ်စီးနှင်းသူများ ပိုမိုများပြားလာကြောင်းသိရပါသည်။ အများဆုံးသော ဆိုင်ကယ်များမှာ တရုတ်နိုင်ငံလုပ်ဆိုင်ကယ်များသာဖြစ်ကြပါသည်။တရုတ်နိုင်ငံလုပ်ဆိုင်ကယ်များ စတင်ပေါများလာချိန်မှစ၍ ယနေ့တိုင် ဆိုင်ကယ်ကြောင့် ထိခိုက်သေဆုံးမှုများလည်းများပြားလှပါသည်။ထိုသို့ ဆိုင်ကယ်စီးသူများ၏ မဆင်မခြင်မောင်းနှင်ထိခိုက်မှုများသလို သေဆုံးမှုများလည်းများပြားလျှက်ရှိကြောင်းသိရသည်။ယင်းသို့ ထိခိုက်မှုများသည်သေဆုံးမှုအရ အန္တရယ်ရှိမှု မရှိမှုများသည် ယာဉ်သုံးစွဲသူအပေါ်လည်းမှီတည်းလေ့ရှိရာ လူစီးဆိုင်ကယ်ကိုဈေးဆိုင်များကဲ့သို့ ကုန်ပစ္စည်းများတည်ခင်းလိုက်လံရောင်းချနေသူများလည်း ရှိနေကြောင်းသိရှိရသည်။ ပုံမှာတောင်တွင်းကြီးမြို့နယ်မှ ဈေးဆိုင်ကယ်အရောင်းဈေးသည်များ၏ ပုံဖြစ်ပါသည်။၎င်းတို့သည်တောင်တွင်းကြီးမြို့အနီးပတ်ဝန်းကျင်ရှိကျးရွာများသို့ သွားရောက်ခါစားကုန်သောက်ကုန်များလက်လီရောင်းချနေကြသူများဖြစ်ကြလေသည်။ သူတို့၏ တရက်ဝင်ငွေမှာ ပုံမှန်မရှိသော်လည်း ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ် ၊ ၁၀၀၀၀ ကျပ် အထိရရှိကြပြီး တောင်တွင်းကြီးမြို့ သည် မိုးကောင်းသော ဒေသ ဖြစ်၍ မိုးစိုခံသည့် စားသောက်ကုန်များ ကို သာ အဓိက အများအပြားရောင်းချကြကြောင်းသတင်းရရှိသည်။

By Hot News Weekly











ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၇း၃၀ နာရီခန့်တွင် ပုဂံညောင်ဦး မြို့နယ် ပုလင်းကျေးရွာနှင့် သူကောင်းတည်ကျေးရွာကြား တွင် ဘဏ်မှချေးငွေထုတ်ရန်လာသော သူကောင်းတည်ကျေးရွာမှ လေးလုံးထိုး အင်ဂျင်စက်တပ် နောက်တွဲပါ ထော်လာဂျီယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့် ၃၁ ဦး ဒဏ်ရာရရှိပြီး ၄ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများမှာ အောက်ညဥ့်ကျေးရွာမှ အမျိုးသမီး ၃ ဦး၊ သူကောင်းတည် ကျေးရွာမှ အမျိုးသား ၁ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

By Eleven Media Group











အိုလံပစ် ပထမနေ့ပွဲစဉ် ကြည့်ချင်သူတွေ မကြည့်ရ

လန်ဒန် အိုလံပစ်ပြိုင်ပွဲ ပထမနေ့ အားကစားပွဲ အတော်များများမှာ ပွဲကြည့်စင်တွေပေါ်မှာ နေရာ အလွတ်တွေ အများကြီးကျန်နေတာဟာ ဘယ်လိုကြောင့်လဲ ဆိုတာကို အိုလံပစ်ပြိုင်ပွဲ စီစဉ်ကြီးကြပ်သူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ တီဗွီရုပ်သံတွေမှာတော့ Wimbledon တင်းနစ်ကွင်း၊ ရေကူးကန်တွေ၊ အားကစားရုံတွေ နဲ့ တခြား အားကစားကွင်းတွေမှာ နေရာ အတော်များများ လွတ်နေတာတွေကို ပြသခဲ့ပါတယ်။ အဲဒါကြောင့် လက်မှတ်ဝယ်လို့မရတဲ့ အားကစားဝါသနာရှင်တွေဟာ ဒေါသထွက်ပြီးတော့ လက်မှတ်တွေ ၀ယ်မရတဲ့အပေါ်မှာ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီး Jeremy Hunt ကတော့ အဲဒီလွတ်နေတဲ့ ခုံတွေဟာ ပွဲအတွက် ကမကထ လုပ်သူတွေအတွက် ပေးထားတဲ့နေရာတွေ ဖြစ်ကြောင်း၊ တကယ်လို့ အဲဒီလူတွေအနေနဲ့ ပွဲကိုမကြည့်နိုင်ရင် လက်မှတ်တွေကို ပွဲတကယ်ကြည့်ချင်တဲ့ အားကစားဝါသနာရှင်တွေ ၀ယ်လို့ရအောင် လုပ်ထားပေးသင့်တယ်လို့ ပြောပါတယ်။

ဒီကနေ့မှာတော့ Kobe Bryant နဲ့ Lebron James တို့လို့ နံမည်ကြီးတွေ အများအပြား ပါဝင်တဲ့ အမေရိကန် ဘတ်စကတ်ဘော အသင်းဟာ လန်ဒန်အိုလံပစ်ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ် အဖြစ် ပြင်သစ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

အခုသတင်းကြေညာချိန်အထိ နောက်ဆုံးသိရသလောက် ဆုတံဆိပ်ရတဲ့ အနေအထားကတော့ တရုတ်နိုင်ငံက ရွှေ ၅ ခု၊ ငွေ ၁ ခု ၊ ကြေး ၂ ခု ရထားပြီး ပထမ၊ အမေရိကန်က ရွှေ ၂ ၊ ငွေ ၂ ၊ ကြေး ၂ နဲ့ ဒုတိယ၊ အီတလီက ရွှေ ၂၊ ငွေ ၂၊ ကြေး ၁ နဲ့ တတိယ ၊ အဲဒီနောက်မှာမှ တောင်ကိုရီးယားက စတုတ္ထ၊ ဘရာဇီးက ပဉ္စမ ရထားပါတယ်။ အိမ်ရှင် Great Britain ကတော့ အခုချိန်ထိ ဆုတံဆိပ်တခုမှ ရထားခြင်းမရှိသေးပါဘူး။

By VOA











Android ဖုန်းများအတွက် ပထမဦးဆုံးသော မြန်မာစာ SMS ဆော့ဖ်ဝဲလ်ကိုဖြန့်ချီမည်

သြဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်မည့် နည်းပညာဆိုင်ရာပြပွဲ၌ Android ဖုန်းများအတွက် ပထမဦးဆုံးသော မြန်မာစာ SMS ဆော့ဖ်ဝဲလ်ကိုဖြန့်ချီသွားမည်ဟု အဆိုပါ

ဆော့ဖ်ဝဲလ်ကို ရေးသားခဲ့သူကိုတင်မျိုးဟန်ကပြောသည်။ ““SMS ပို့ချင်သူကတော့ဆော့ဖ်ဝဲလ်ရှိရမယ်။ SMS လက်ခံသူကတော့ ဆော့ဖ်ဝဲလ်မရှိလည်း Zawgyi Font ရှိတာနဲ့လက်ခံပြီးဖက်လို့ရတယ်။

ထူးခြားချက်တစ်ခုအပိုပါတာကတော့ ဆော့ဖ်ဝဲလ်ထည့်ထားရင် ဂျီမေးလ်ကို Offline အနေနဲ့ဖက်လို့ရမယ်။ အဓိကကတော့ ဂျီမေးလ်စနစ်ပူးတွဲပါဝင်လာ ခြင်းမရှိတဲ့ Huawei ဟန်းဆက်

တွေအတွက်ပါ””ဟု ကိုတင်မျိုးဟန် ကဆိုသည်။ အဆိုပါဆော့ဖ်ဝဲလ်ကို SM3 မှ ထုတ်လုပ်ဖြန့်ချိခြင်းဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၇၅၀၀ ကျပ်သက်မှတ်ထားကြောင်းသိရသည်။ မိုဘိုင်းမြန်မာစာ SMS

စနစ်သည် ယခင်က Java ဖုန်းများနှင့် Symbian ဖုန်းများတွင်သာအသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး Android အတွက်ယခုမှ သာထုတ်လုပ်ဖြန့်ချီခြင်းဖြစ်သည်

By Internet Journal











ယနေ့ (ဇူလိုင် ၃၀ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အာဆီယံနိုင်ငံ ကျောင်းများနှင့် မြန်မာနိုင်ငံ ကျောင်းများ ကွန်ယက်ချိတ်ဆက်ထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့် ဒေသဆိုင်ရာ မေးခွန်းများကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းကြမည် ဖြစ်ပြီး အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ယင်းက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်က ၁၉၆၄ ခုနှစ် မြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း၊ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ခံယူခြင်း အစီအစဉ်ကို ပြုလုပ်မည် ဖြစ်ပါသည်။

ထို့အပြင် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ယင်းက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်ကပင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း အစီအစဉ်ကို ပြုလုပ်မည် ဖြစ်သည်။

ထို့နောက် အမျိုးသား လွှတ်တော်၊ အမျိုးသားစီမံကိန်း ရေးရာ ကော်မတီ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ အကြံပေးချက် အစီရင်ခံစာကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် (၂၁) ဦးက ဆွေးနွေးကြမည် ဖြစ်ပါသည်။

By Eleven Media Group











ဦးအောင်သိန်းလင်း ဂယက် ကြံ့ခိုင်ရေး ပါတီ အတွင်း အကြီး အကျယ် သဘောကွဲလွဲမှု ဖြစ်ပေါ်

တရုတ် နိုင်ငံ တွင်း ထုတ် ဝေသည့် သတင်း တစ်စောင် ဖြစ်သော Southern Weekend China
နှင့် မေးမြန်းမှု တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟို အလုပ်
အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြော ဆို မှု ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အတွင်း သဘောထား ကွဲ လွဲ မှု များ ဖြစ် ကာ စနေ နေ့ 
က တက္ကသိုလ် ရိပ်သာ လမ်းသစ် ရှိ ကြံ့ခိုင်ရေး ပါတီ ရုံး တွင် ခေါင်းဆောင် အချို့  အကြီး
အကျယ် အငြင်း ပွား မှု ဖြစ်ကာ ကိုယ် ထိ လက် ရောက်မှု ဖြစ် ခဲ့ သည် ဟု အမည် မဖော်
လို သည့် ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က FNG ကို ပြော
သည်။
“ပြဿနာ ဖြစ်ပြီး မှာ လေ USDA ၀ဘ်ဆိုတ် မှာ ဦးအောင်သိန်းလင်း နဲ့  ပတ်သက် ပြီး အရေးယူ
စုံစမ်း မယ် ဆို တဲ့ သတင်း ကို ဦးဌေးဦး ကိုယ် တိုင် ထည့် ခိုင်း တာ ၊ သူကတော့ ဦးအောင်သိန်းလင်း
ဘက် က် ခပ် ပါပါ ပဲ” ဟု အဆိုပါ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က ပြောသည်။
ဦးအောင်သိန်း လင်း တရုတ် သတင်းစာ မှာ ပြောသွား တဲ့ ကိစ္စ ဟာ ကြံ့ခိုင်ရေး ပါတီ ကို ပါ
ပြည်သူ က မုန်းတီး စက်ဆုတ် သွား စေနိုင် တယ် လို့  ရန်ကုန် မြို့  က ကြံ့ခိုင်ရေး ပါတီ ၀င် ပြည်
ထောင်စု လွှတ်တော် အမတ် အဖြစ် ရွေးကောက် ခံ့ ရသူ တစ်ဦး က ပြောသည်။
ဦးအောင်သိန်းလင်း ကို စစ်ဆေး အရေး ယူ ပြီး ပါတီ စည်းကမ်း နှင့်အညီ နှုတ် ထွက် စာတင်
ရန် ဖိအား ပေး မှု များ ကို ပါတီ ၀င် က ပင် ဦးဆောင် ပြု လုပ် နေသည် ဟု သိရသည်။
ဦးအောင်သိန်းလင်း ရွေးကောက် ခံရသည့် တောင်ဥက္ကလာ မဲဆန္ဒ နယ် ဉ် လည်း ဆန္ဒမဲပေး
ခဲ့ သည့် ပြည်သူ များ က ပြန်လည် ရုပ်သိမ်းသည့် ဆန္ဒမဲ ပေး မှု ကို သြဂုတ် လ အတွင်း ပြု
လုပ် သွား မည် ဟု FNG မှ သိရှိ ရသည်။

By Freedom News Group











သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့်ရရှိရန် EMG တရားဝင် လျှောက်ထားမည်

သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့် ရရှိရန်အတွက် Eleven Media Group (EMG)မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

''ရှိပြီးသား ဥပဒေတွေနဲ့ ထုတ်နိုင်အောင်တင်ပြမှာပါ။ ၁၉၆၂ ဥပဒေနဲ့လည်း သတင်းစာထုတ်လို့ ရတာပဲလေ။ ဒီမိုကရေစီအစိုးရဖြစ်တာ တစ်နှစ်ကျော်ပြီ။ အခုအခြေအနေက ပုဂ္ဂလိကသတင်းစာ မရှိ၊ ပုဂ္ဂလိက သတင်းရုပ်သံလိုင်းမရှိနဲ့ ဒီမိုကရေစီနဲ့ လျော်ညီတဲ့ သတင်းမီဒီယာဖွံ့ဖြိုးမှု မရှိသေးဘူး။ ဒါကြောင့် တရားဝင် လုပ်ခွင့်ရအောင် လျှောက်ထားမှာပါ''ဟု Eleven Media Group (EMG) မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ကြေးမုံ၊ မြန်မာ့အလင်း၊ New Light of Myanmar ၊ မြ၀တီ၊ ရတနာပုံ၊ မန္တလေးနေ့စဉ်နှင့် မြို့တော် အစရှိသည့် သတင်းစာများ ထွက်ရှိနေပြီး အဆိုပါသတင်းစာများမှာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် အစိုးရပိုင် များသာဖြစ်ပြီး ပုဂ္ဂလိကသတင်းစာ ထုတ်ဝေမှုမှာ လုံးဝမရှိသေးသည့် အခြေအနေဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မီဒီယာဥပဒေ ထွက်ရှိပြီးမှ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်များကို ခွင့်ပြုသွားမည်ဟုဆိုသော်လည်း မီဒီယာ ဥပဒေကို အတည်ပြုပြဋ္ဌာန်းရန်မှာ ယခုနှစ်ဝက်ကျော်သည့်အချိန်အထိ မရေရာသည့် အနေအထားတွင် ရှိနေဆဲဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ရုပ်သံထုတ်လွှင့်မှုအပိုင်းကို ၁၉၈၀ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ စတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် မြ၀တီရုပ်မြင်သံကြားနှင့် ၂၀၀၁ ခုနှစ်တွင် MRTV-3 ရုပ်သံလိုင်းတို့ စတင်ထုတ်လွှင်ခဲ့ပါ သည်။ ၂၀၀၄ ခုနှစ်တွင် MRTV-4 ရုပ်သံလိုင်းကို ထုတ်လွှင့်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၌ Myanmar International ရုပ်သံလိုင်းကို ထုတ်လွှင့်ခဲ့ပါသည်။

ပြည်တွင်း ရုပ်သံထုတ်လွှင့်မှုအတွက် ပုဂ္ဂလိကမှ ပထမဆုံးအနေဖြင့် ၂၀၀၅ ခုနှစ်တွင် Forever Group (Family Entertainment) သို့ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး 5 Movies အစရှိသော MRTV-4 နှင့်ဆက်စပ် ရုပ်သံလိုင်းများ ကို ထုတ်လွှင့်ခဲ့ပါသည်။ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလတွင် ရွှေသံလွင်ကုမ္ပဏီမှ Sky Net အခပေး ရုပ်သံလိုင်းသစ် ၃၈ လိုင်းကို စတင် ထုတ်လွှင့်ခဲ့သည်။ လက်ရှိအချိန်တွင် MRTV-4 ရုပ်သံလိုင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် တွဲဖက်လုပ်ကိုင်လျက်ရှိသော ဖျော်ဖြေရေး ဦးစားပေး ရုပ်သံလိုင်းဖြစ်ပါသည်။ ထို့အတူ SkyNet Up To Date ရုပ်သံလိုင်းမှာ သတင်းရုပ်သံလိုင်းဟု ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်သော်လည်း ပုဂ္ဂလိက သီးခြား သတင်းရုပ်သံလိုင်းအဖြစ် ရပ်တည်နေခြင်း မဟုတ်ဘဲ အခြား ဖျော်ဖြေရေးလိုင်းများနှင့် ချိတ်ဆက်ထုတ်လွှင့်နေခြင်း ဖြစ်သည်။

Eleven Media Group သည် ၂၀၀၀ ပြည့်နှစ် ဇွန်လတွင် စတင်ထူထောင်ခဲ့သော ပုဂ္ဂလိက မီဒီယာတစ်ခုဖြစ်ပြီး First Eleven Sports ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် Premier Eleven Sports ဂျာနယ်ကို ထုတ်ဝေခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် Weekly Eleven News ဂျာနယ်ကို ထုတ်ဝေခဲ့ကာ ၂၀၀၈ ခုနှစ်တွင် International Eleven ဂျာနယ်ကို Bi Weekly Eleven News ဂျာနယ်အဖြစ် အမည်ပြောင်းလဲ ထုတ်ဝေခဲ့ပါသည်။ Eleven Media Group အနေဖြင့် ၂၀၁၂ခုနှစ် မေလအတွင်းက ထိုင်းနိုင်ငံမှ ထိပ်တန်းမီဒီယာတစ်ခုဖြစ်သော Nation Multimedia Group နှင့် မီဒီယာကိစ္စရပ်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးထားပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ခု နှစ်တွင် World Economic Forum အပါအ၀င် အခြားသော နိုင်ငံတကာ ဆွေးနွေးပွဲများနှင့် (၂၇)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးကို တာ ၀န်ယူမည်ဖြစ်သည့်အတွက် အဆိုပါ တာဝန်များနှင့် လိုက်လျောညီထွေဖြစ်ရန်နှင့် ဒီမိုကရေစီ အင်္ဂါရပ်များ ပြည့်စုံရန်အတွက် ပုဂ္ဂလိကသတင်းစာများနှင့် ပုဂ္ဂလိက သီးခြား သတင်းရုပ်သံလိုင်းများ ပေါ်ထွက်ရန်မှာ လိုအပ်လာမည် ဖြစ်ပါသည်။

By Eleven Media Group












တောင်ဥက္ကလာ ပြည်သူများ ဦးအောင်သိန်းလင်းကို ကန့်ကွက်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို တောင်ဥက္ကလာပ မဲဆန္ဒရှင် ပြည်သူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲပေးရန် လက်မှတ်ရေးထိုးသော လှုပ်ရှားမှု တရပ် စတင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ – ဧရာဝတီ)
တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ကိုယ်စားလှယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သိန်းလင်းက ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကို မြန်မာ့ပြည်တွင်းရေး ဝင်ရောက်နှောင့်ယှက် သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် အရှိန်အဝါဖြင့် ကျော်ကြား နေသူဖြစ်ပြီး NLD ကို ထောက်ခံသူများ သည်လည်း အရူးများသာ ဖြစ်ကြောင်း ဖြေဆိုထားခဲ့သည့် အတွက် တောင်ဥက္ကလာပ မဲဆန္ဒရှင်များက အထက်ပါ လှုပ်ရှားမှုကို စတင်လိုက်ခြင်း ဖြစ်သည်။

ိုထို့အပြင် ဦးအောင်သိန်းလင်းက အများတောင်းဆို မှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည်
စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန်လိုကြောင်း စသည့် အငြင်းပွားဖွယ် အမြင်များကိုလည်း တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့ သေးသည်။

ဦးအောင်သိန်းလင်း၏ ဖြေဆိုချက်များကို တောင်ဥက္ကလာပ မဲဆန္ဒရှင်များက ပြည်တွင်း ဂျာနယ်များမှ တဆင့် ဖတ်ရကြောင်း၊ ယင်းပြောဆိုချက် များသည် မဲဆန္ဒရှင် ပြည်သူများကို စိတ်ပျက်စေသဖြင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန်
ဝိုင်းဝန်း လှုပ်ရှားခြင်း ဖြစ်ကြောင်း၊ ယင်းလှုပ်ရှားမှုကို ဖွဲ့စည်းပုံ အခြေခံဥပေဒနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လက်မှတ်ရေးထိုး လှုပ်ရှားမှုကိုဦးဆောင်သူ တောင်ဥက္ကလာပ မြို့နယ်မှ ဦးမင်းအောင်က ဧရာဝတီသို့ ပြောသည်။

ဦးမင်းအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ယခုအခါ NDF မှ နုတ်ထွက်၍ လယ်သမားအရေးတွင် တက်ကြွစွာ ဆောင်ရွက်နေသူ တဦးဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၉၊ ပုဒ်မ ၃၉၆ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များ အနက် အနည်းဆုံး “တစ်” ရာခိုင်နှုန်းက ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုလျှင်
လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု
အတိအလင်း ပြဋ္ဌာန်းထားကြောင်း ဦးမင်းအောင်က ထောက်ပြသည်။

“ဦးအောင်သိန်းလင်းက မြစ်ဆုံဆည် စီမံကိန်း ပြန်စမယ်၊ သမ္မတက သူ့ဘာသာသူ ရပ်ဆိုင်းတာလို့ ပြောတယ်။ ပြည်သူတွေကို အရူးတွေလို့လည်း ပြောတယ်။ အဲဒီလို ပြောတာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ အဲဒါကြောင့် မဲဆန္ဒရှင်တွေ စုပေါင်း
လက်မှတ်ထိုးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြမှာပါ” ဟု သူက ရှင်းပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မဲဆန္ဒရှင် အနည်းဆုံး “တစ်” ရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး ရမည်ဖြစ်ပြီး စွပ်စွဲချက် မှန်ကန်လျှင် စွပ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

လက်မှတ်များကို ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင် ကောက်ခံနေပြီး တောင်ဥက္ကလာ မဲဆန္ဒရှင်များ၏ လက်မှတ်ပေါင်း တထောင်ကျော် ရရှိသည်နှင့် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြသွားမည်ဟု
သိရသည်။

“လက်မှတ် တထောင်ကျော်ရရင် နေပြည်တော်ကို တင်မယ်။ အခုတော့ လက်မှတ် ရာချီပြီး စရနေပြီ” ဟု လက်မှတ်ရေးထိုး လှုပ်ရှားမှု ဦးဆောင်သူ တောင်ဥက္ကလာပ မြို့နယ်မှ တက္ကသိုလ်ကျောင်းသား တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကာလက တောင်ဥက္ကလာ ၇ ရပ်ကွက်ရှိ ဗုဒ္ဓဘာသာဝင်များ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားသော တောင်ဥက္ကလာပ ဗလီကြီးကို မွတ်ဆလင် ဘာသာဝင်များထံမှ ကြိုတင် ဆန္ဒမဲများ ရရှိလိုသဖြင့် ဦးအောင်သိန်းလင်းက
ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့ကြောင်း၊ ယင်းနောက် ဆွမ်းလောင်း အသင်းများက ၀ိုင်းဝန်း ကန့်ကွက်သည့်အတွက် ဗလီဆောက်လုပ်မှုကို ရပ်တန့်ပေးခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် တောင်ဥက္ကလာပ ဒေသခံများအကြား ဦးအောင်သိန်းလင်းကို မကျေမနပ်ဖြစ်ခဲ့ကြကြောင်း သိရသည်။

“ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲမှာ နိုင်သာ နိုင်သွားတာ။ တကယ်တော့ ဗလီကိစ္စမှာကတည်းက မကျေနပ်တာ။ အခု လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ၀င်ပြီး လက်မှတ်ထိုးလိုက်ပြီ” ဟု တောင်ဥက္ကလာပ ၇ ရပ်ကွက်သား တဦးက ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဦးအောင်သိန်းလင်းနှင့် ပတ်သက်ပြီး ဇူလိုင် ၂၈ ရက်နေ့က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် တရုတ်သတင်းစာသို့ ဦးအောင်သိန်းလင်းက အထက်ပါအတိုင်း ပြောဆိုခြင်းရှိ၊ မရှိ စိစစ်မည်ဖြစ်ကြောင်း၊ အမှန်တကယ်ပြောဆိုလျှင် ပါတီစည်းမျဉ်းများအရ အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိသည်။

ဦးအောင်သိန်းလင်းကလည်း တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားစွာ ဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

By Irrawaddy











ဦးအောင်သိန်းလင်းကို စုံစမ်းစစ်ဆေးမယ်

ဦးအောင်သိန်းလင်းရဲ့ ပြောရဲဆိုရဲရှိမှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီက စနေနေ့မှာ ထုတ်ပြန်တယ် ဆိုတဲ့ ကြေညာချက်တစောင်ကို တွေ့ရပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်လည်ပတ်ရေး၊ ပြည်သူတွေကရူးလို့ NLD ကို မဲပေးလိုက်မိတယ်၊ ဘန်ကီမွန်းနဲ့ ကုလသမဂ္ဂဟာ ယုံရသူတွေ မဟုတ်ဘူး၊ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အောင်မြင်မယ်မဟုတ်၊ ဟီလာရီကလင်တန် မြန်မာပြည်လာတာ ကျုပ်တို့ရဲ့ အားနည်းချက်ပဲ - သူက မြန်မာပြည်သူတွေဆီလာတာ မဟုတ်ဘူး၊ ဟိုအမျိုးသမီးဆီကို လာတာ စသဖြင့် တရုတ်စာစောင်တခုကို သူက ပြောကြားခဲ့ပါတယ်။

ဒီလို ပြောကြားခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးပြီး "တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်" လို့ ဆိုထားတဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထုတ်ဖော်ကြေငြာချက်
၂၈-၇-၂၀၁၂

၁။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်း နှင့် Southen Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက် များအား Internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ် များတွင် လည်းကောင်း ဖော်ပြလျှက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါ သည်။

၂။ အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက် များသာဖြစ် ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။

၃။ ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ မရှိ ကိုလည်း စီစစ်ဆောင် ရွက်လျှက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

By Irrawaddy











"ဆရာဖြစ်သူ မာမာအေး အကြောင်း အမှတ်တရ ပြန်လည် ပြောပြတဲ့ ရန်အောင်"

တေးသံရှင် မာမာအေး မြန်မာပြည်ကို အလည်ပြန်လာတော့မယ်လို့ အင်တာနက် ပေါ်မှာ သိရတာကြောင့် ဝမ်းသာနေတဲ့ ရန်အောင်က ဒီလို ပုဂ္ဂိုလ်မျိုး ပြန်လာတဲ့ အတွက် အခုခေတ် ကလေးတွေလည်း ပညာရနိုင် တယ်လို့ ဆိုပါတယ်။ ရန်အောင်က အဆို သင်တန်းကို မာမာအေး ဆီမှာ ပထမဆုံး တက်ရောက်ခဲ့တာ ဖြစ်တဲ့အ တွက် လက်ဦးဆရာ လည်းဖြစ်တယ် လို့ဆိုပြီး ဆရာဖြစ်သူ မာမာအေး နဲ့ အမှတ်တရ အကြောင်းတွေကိုလည်း အခုလို ပြောပြပါတယ်။
“အစ်ကိုက ၁၉၈၄ခုနှစ်က အဆိုသင်တန်း သွားတက်တော့ နုတ်(စ်)တွေနဲ့ သင်မယ် လို့ ထင်တာ။ အဲဒီလိုမဟုတ်ဘဲ စည်းဝါးနဲ့ သင်မယ်ဆိုလို့ တစ်စုံ ဝယ်ပြီးမှ စည်းနဲ့ ဝါးနဲ့ အခြေခံကို စသင်ပေးတာ။ ကြိုးသီချင်းက စသင်ပြီး ခေတ်ပေါ်၊ ကာလပေါ်၊ သီချင်း ကြီး၊ သီချင်းခန်းတွေ အကုန်လုံး သင်တာ၊ အဆို သင်တန်းကလည်း တစ်ခါမှ မသင်ဖူးဘူး။ ဒီသီချင်းတွေက တအား ခက်တယ်တဲ့။ ဒါတွေ ဆိုတတ်ရင် အကုန် ဆိုတတ်တယ်တဲ့။ စည်းဝါးကို ကိုယ်တိုင်တီးပြီး ဆိုရတာ၊ စာမေးပွဲကို သင်တန်းမှာ အပတ်တိုင်း စစ်တယ်။ အစ်ကိုက အမြဲတမ်း ပထမရတယ်။ အကုန် သင်ပေးတာ။ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အကုန်သင်ပေးတာ။ သူပြန်လာ မယ် ဆိုတော့ ကောင်းတယ်။ ဒီလို ပညာရှင်ကြီး ကနိုင်ငြံခားမှာ အကြာကြီး သွားနေရတယ် ဆိုတော့ တအားနှမြောဖို့ ကောင်းတယ်။ သူ့ ပညာက တကယ် တော်တာလေ။ အသံ ပါရမီရှင်လေ။ သူဆိုခဲ့တဲ့ သီချင်းတွေကို ဘယ်အပုဒ်ပဲ နားထောင်နားထောင် သီချင်းထဲမှာကိုက သူ့အသံ အိုက်တင်ပါတာ၊၊ မု(ဒ်)တွေပါတယ်။ အဲဒီဖြစ်အောင် ဆိုတတ်တာလေ။ အခု ခေတ် ကလေးတွေလည်း တော်ကြပါတယ်။ ဒါပေမဲ့ သူ့ကို ဘယ်လိုမှ မမှီဘူး” လို့ ပြောပြပါ တယ်။
ဆရာဖြစ်သူ မာမာအေးနဲ့ “တိတ်ဆိတ်သောည” ဆိုတဲ့ သီချင်းကို ၁၉၉၅ ခုနှစ်လောက် က “ရန်အောင်နှင့် ပြည်သူချစ်သော အနုပညာရှင်များ” ပရိုဂရမ်ကို မြန်မာ့ အသံ ကနေ ထုတ်လွှင့်မှုမှာ နောက်ဆုံး အနေနဲ့ အတူ တွဲဆို ခဲ့ဖူးတယ်လို့လည်း ပြောပြပါတယ်။ နောက် ပိုင်းမှာတော့ မလွှင့်ဖြစ်တော့တဲ့ အတွက် မကြားရတော့ဘူး လို့လည်း ရန်အောင်က ဆို ပါတယ်။

မေမွန်မောင်

By AF Ijournal











"ပညာရေးကိစ္စတွေ ပြီးမြောက်မှပဲ အနုပညာအလုပ် ပြန်လုပ်တော့ မယ် လို့ဆိုလာသူ ယွန်းဝတီလွင်မိုး"

ကြော်ငြာဘေဘုတ်တွေမှာ သာမကဘဲ တီဗီကြော်ငြာတွေ အထိ နေရာယူလာ သူကတော့ ပရိသတ် အချစ်တော် မင်းသားကြီး လွင်မိုးရဲ့သမီး ယွန်းဝတီလွင်မိုးပဲဖြစ် ပါတယ်။ ပရိသတ်တွေက သူမကို ကြော်ငြာတွေမှာ ကြည့်ရတာတင် အားမရဘဲ ဇာတ်ကားတွေမှာပါ မြင်ချင် ကြည့်ချင်နေပြီ ဖြစ်ပေ မယ့် ယွန်းဝတီ လွင်မိုးကတော့ ပညာ သင်စဉ် အရွယ်သာဖြစ် တဲ့ အတွက် ကြော်ငြာ လောက်သာ ရိုက်ကူးပြီး ပညာရေးကို အာရုံစိုက်မှာ ဖြစ်ကြောင်းပြောပါတယ်။ အခုလတ်တလော မှာ ယွန်းဝတီလွင်မိုးက ဒါရိုက်တာ ဥာဏရိုက်ကူးတဲ့ သံဓာတ် အားဆေး ကြော်ငြာတစ်ခုကို စိုးမိုးကြည်၊ သက်မွန်မြင့်တို့နဲ့ ရိုက်ကူးထားပါသေးတယ်။ သက်မွန်မြင့်နဲ့အတူ ပထမဆုံး တွဲဖက် သရုပ်ဆောင် ရတာကြောင့် ပျော်နေတယ်ဆိုတဲ့ ယွန်းဝတီလွင်မိုးကို ဖခင်ဖြစ်သူက နောက် ၂နှစ်နေရင်နိုင်ငံခြား ကို ပညာတော်သင်ပို့မှာ ဖြစ်ကြောင်းပြောထားတာရှိတဲ့ အတွက် ယွန်းဝတီလွင်မိုးက “ကြော်ငြာက ရိုက်တော့ ရိုက် ထားတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ လျှော့ပြီး ပညာရေးကို အာရုံစိုက်ဦးမယ်။ လောလော ဆယ်တော့ ကျောင်းစာ ကို ဦးစားပေးမယ်။ ကျောင်းပြီးလို့ အသက် ၁၈၊ ၂ဝ လောက်ကျမှ မိဘတွေနဲ့ တိုင်ပင်ပြီး အနုပညာ အလုပ်ကိုလုပ်မယ်” လို့ပြော ပါတယ်။ ယွန်းဝတီလွင်မိုး ရဲ့ ကြော်ငြာတွေ တီဗီကလွှင့်တဲ့ အခါ အဖေ ဖြစ်သူလွင်မိုးက ဘယ်လိုဝေဖန်မှုတွေပေးတယ် ဆိုတာကိုတော့ “တစ်ခါတလေ လိုတာလေးတွေ ပြောပေး တယ်။ ကောင်း တာလေးတွေ ဆိုလည်း ချီးမွမ်းပါတယ်။ ဖေဖေ က သရုပ်ဆောင်တစ် ယောက်ဖြစ်တဲ့ အတွက် တအား အထောက်အကူ ဖြစ်ပါ တယ်”လို့ ဆိုပါတယ်။

By AF Ijournal













အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ ယနေ့အထိအမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီထုတ်ပြန်
ယနေ့အချိန်အထိ အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ အမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟုပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကထုတ်ပြန်လိုက်သည်။
“မီဒီယာတွေကလည်းထောက်ပြကြတယ်လေ မဏ္ဍိုင်သုံးခုရှိတဲ့နေရာမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးက အပြောင်းအလဲတွေလုပ်နေပေမယ့် အခုအချိန်အထိ တရားစီရင်ရေးနဲ့ အစိုးရဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေ ရှိနေတုန်းပဲလို့ထောက်ပြကြတယ်။ ကျွန်တော်တို့လည်းအဲဒီလိုပဲမြင်ပါတယ် “ဟု တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ပြောသည်။
ယင်းကော်မတီ၏ထုတ်ပြန်ချက်ထဲတွင် အဂတိလိုက်စားမှုများကိုစုံစမ်း၍ ပြည်သူလူထုအကျိုးစီးပွားကိုကာကွယ်နိုင်အောင် ဖော်ထုတ်ရေးသားမှုများပြုလုပ်ရန် သတင်းမီဒီယာများအားတိုက်တွန်းထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄(က) ပါပြဌာန်းချက်များနှင့်အညီ ထုတ်ဖော်ရေးသားသင့်ကြောင်းထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်၌လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကိုဖွဲ့စည်း၍ ၀န်ကြီးဌာနများ ၀န်ထမ်းအဖွဲ့အစည်းများအားလုံး အကျူံးဝင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင် ဥပဒေ(မူကြမ်း) ကိုရေးဆွဲတင်ပြထားကြောင်းသိရသည်

မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီးလေးခုဖြစ်သော အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊
ဥပဒေပြုရေးမဏ္ဍိုင် နှင့် ယင်းမဏ္ဍိုင်ကြီး သုံးခုကိုစောင့်ကြည့်ထိန်းကျောင်းပေးရမည့် စတုတ္ထမဏ္ဍိုင် (သတင်းမီဒီယာ )တို့မှာ အပြန်အလှန်တစ်ခုနှင့်တစ်ခု ထိန်းကျောင်းရမည်ဖြစ်သော်လည်း ယနေ့အချိန်အထိ အဂတိလိုက်စားမှုများ ကိုအမြစ်ပြတ်စေရန် လုပ်ဆောင်နိုင်ခြင်းအရှိသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ပြောကြားချက်အရသိရသည်။
ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီ ကို ၂၀၁၁ခုနှစ်နိုဝင်ဘာလတွင်
ဖွဲ့စည်းခဲ့ပြီးယနေ့အချိန်အထိ တရားမျှတမှုမရှိသော စီရင်စီရင်ချက်များချမှတ်ခံရသည်ဟု ယူဆသူများကကော်မတီသို့တိုင်စာများပေးပို့လျက်ရှိကြောင်းသိရသည်။
ကော်မတီသည်ရောက်ရှိလာသော တိုင်စာအမှုတွဲများအားလေ့လာစိစစ်၍ အချက်အလက်ပြည့်စုံသော အမှုတွဲများကို ပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ သက်ဆိုင်ရာ ဌာနအသီးသီး နှင့် တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်အသီးသီးသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ယနေ့အထိ လွှဲပြောင်းပေးပြီးသော တိုင်စာအမှုတွဲပေါင်း လေးရာကျော်ရှိကြောင်းသိရသည်။ ယင်းတိုင်စာများအနက် တရားလွှတ်တော်အသီးသီးမှ ပြန်လည်စိစစ်ပြီးသောအမှုတွဲ တစ်ရာကျော် ကိုကော်မတီသြို့ပန်လည်ပေးပို့ခဲ့ကြောင်းသိရသည်။

By Messenger News Journal











ဦးအောင်သိန်းလင်းကို ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်ရေး တောင်ဥက္ကလာမဲဆန္ဒရှင်များ လက်မှတ်စုဆောင်း

အောင်သူရ
ရန်ကုန်၊ ဇူလိုင်-၃၀
ပြည်ခိုင်ဖြိုးပါတီတောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သော စကားများကိုနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မနှစ်သက်ကြောင်းတင်ပြရန် တောင်ဥက္ကလာပမဲဆန္ဒနယ်မှပြည်သူများ လက်မှတ်စုဆောင်းနေကြကြောင်း ဦးဆောင်ဦးရွက်ပြုသူ ဦးမင်းအောင်က ပြောသည်။
''ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူအသံလွှတ်တော်အသံလို လွှတ်တော်ဆောင်ပုဒ်ရှိတယ်။ Southern Weekend တရုတ်သတင်းစာမှာပြောတဲ့ စကားတွေက ပြည်သူ့ဆန္ဒကို လားလားကြီး ဆန့်ကျင်နေတဲ့အတွက် လက်မှတ်ထိုးတင်ပြဖို့လုပ်နေတာပါ'' ဟု ဦးမင်းအောင်က ရှင်းပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၉) (လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း) အပိုဒ် ၃၉၆ (ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။
''အခုပဲ လက်မှတ် ၈၀၀ ပြည့်တော့မယ်။ ၈၀၀ ပြည့်ရင် တစ်ရာခိုင်နှုန်းရပြီ။ ၂၀၁၀ တုန်းက မဲပေးခဲ့တာ တောင်ဥက္ကလာပမှာ ၈ သောင်းကျော်ပဲ ရှိတယ်''ဟု ဦးမင်းအောင်က ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ၊ မရှိ ကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကြေငြာချက်ထုတ်ပြန်ထားသည်။
အင်တာဗျူးတွင် ဦးအောင်သိန်းလင်းက သမ္မတဦးသိန်းစိန်သည် မိမိ၏သက်တမ်း ကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟူဆိုသော ဧရာဝတီမြစ်ဆုံဆည်ကို မဖြစ်မနေ ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

By 7Day News Journal















“ကုန်းလမ်းသာမက ရေလမ်းကိုလည်း ထပ်မံတိုးချဲ့ဖို့ ပြုလုပ်နေတဲ့ iPay”

အဓိပတိ ယာဉ်လိုင်းအများစုမှာ ဇွန်လ ၁ ရက်နေ့က စတင် သုံးစွဲခဲ့တဲ့ iPay ကတ်စနစ်ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ အဓိပတိ အပြာ၊ အနီ၊ ၁၂၄ နဲ့ ၁၉၇ ယာဉ်လိုင်းတွေမှာ iPay ကတ်ဖြင့် စီးနိုင်ပြီဖြစ်သည့် အတွက် “အဓိပတိ အ၀ါကိုလည်း စီးနိုင်ဖို့ အတွက် ကားစပယ်ယာတွေနဲ့ ယာဉ်အကူတွေကို သင်တန်းပို့ချနေပါပြီ။ ယာဉ်လိုင်း သာမက ရေကြောင်း လမ်းဖြစ်တဲ့ ဒလ နဲ့ ပန်းဆိုးတန်းကို စတင်အသုံးပြုတာ အဆင်ပြေမှု ရှိတဲ့အတွက် ဆိပ်ကြီးခနောင်တိုဘက်ကို ထပ်မံတိုးချဲ့ဖို့ ကို ဆောင်ရွက်နေကြောင်း၊ ကားနဲ့သွားတဲ့ ခရီးသည်တွေကို သင်္ဘောမှာ လည်း စီးစေချင်တယ်။ သင်္ဘောပေါ်မှာ အသုံးပြုတဲ့ ခရီးသည်တွေကိုလည်း ကားပေါ်မှာ အသုံးပြုစေချင်တယ်” လို့ iPay ကုမ္ပဏီမှ တာဝန်ရှိသူ ကိုအောင်ကျော်ကျော် ကပြောပါတယ်။
iPay ကတ်သုံးခြင်းအားဖြင့် “ငွေအကြွေလဲလှယ်မှု ပြဿနာတွေ၊ ငွေပေးချေ မှုပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ကတ်တစ်ကတ်တည်းဖြင့် ဘက်စုံ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေ သုံးနိုင်တယ်၊ ခရီးသည်တွေ အဆင်ပြေပြေနဲ့ သွားလာစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ် တာ ဖြစ်တယ်လို့လည်း” ၄င်းကပြောပြပါတယ်။
“ဒီကတ်တွေဟာ ဆိုရင် တစ်သက်တာ အသုံးပြုလို့ရပါတယ်။ ရေစိုခံပြီး အလွယ်တကူ မကျိုးပဲ့နိုင်ပါဘူး၊ တစ်စုံတစ်ရာကြောင့် (၃)လလောက် အသုံးမပြုခဲ့ရင် lock ကျသွားတတ်ပါတယ်။ စိတ်ပူစရာမလိုပါဘူး။ ရုံးချုပ်ကို ဖုန်းဆက်ပြီး အကူအညီတောင်းနိုင်ပါတယ်လို့” iPay ကတ်နဲ့ပတ်သက်ပြီး ၄င်းကပြောပြခဲ့ပါတယ်။

စုမွန်

By AF Ijournal















ယနေ့ နံနက် ၁၀ နာရီမှ စတင်ကျင်းပခဲ့သော ၁၇ ရက်နေ့မြောက် အမျိုးသားလွှတ်တော်တွင် မေးခွန်း(၄)ခု တင်သွင်းခဲ့ကြောင်း သိရသည်။

-အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည့် ၁၉၆၄ ခုနှစ် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေကို ရုတ်သိမ်းသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။ တင်သွင်းခဲ့သည်မှာ ဥပဒေကြမ်းကော်မတီကတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

-ဥပဒေကြမ်းကော်မတီမှ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း ကို အစီအရင်ခံတင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက ၀င်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

-အမျိုးသားလွှတ်တော် အမျိုးသားစီမံကိန်းရေးရာ ကော်မတီကနေ၍ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ အကြံပြုချက် အစီအရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက ဆွေးနွေးလျက်ရှိသည်။

By Yangon Media Group