Friday 27 July 2012

အာဇာနည်နေ့က ရွှေတိဂုံဘုရားမြောက်ဘက်မုခ်တွင် လာရောက်စွန့် ပစ်ထားသည်ဟု ယူဆရသော ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့


ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့က ရွှေတိဂုံစေတီတော် မြောက်ဘက်မုဒ်ရှိ ဆံတော်တွင်း တန်ဆောင်းတွင် လာရောက်စွန့်ပစ်ထားသည်ဟု ယူဆရသော ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ ဇူလိုင်လ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းကလေးငယ်မှာ ယောကျာ်းလေးဖြစ်ပြီး လုံခြုံရေးတာဝန်ကျသူများမှ ညနေ ၆ နာရီတွင် တွေ့ရှိခဲ့ကြောင်း ည ၉ နာရီအထိ လာရောက်ခေါ်ယူသူ မရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကလေးငယ်အား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရှိ ၀န်ထမ်းတစ်ဦး၏ နေအိမ်တွင် စောင့်ရှောက်ထားပြီး ကလေးငယ်အား ဒဂုံမြို့နယ် ရဲစခန်းမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
"အာဇာနည်နေ့က ဘုရားပေါ်မှာ လူများတဲ့နေ့လည်းဖြစ်တယ်၊ ကလေးလေးက တစ်ယောက်တည်း ဖြစ်နေပြီး ငိုနေတယ်၊ အခြား ဘယ်လူကြီးတစ်ယောက်ကမှလည်း သူ့အနားမှာ မရှိတဲ့အတွက် ဒီကလေးဟာ လာရောက်စွန့်ပစ်ခြင်း ခံရတယ်လို့ ယူဆခဲ့ပါတယ်။ ကလေးလေးဟာ အသက်တစ်နှစ်ခွဲလောက်ရှိပြီလို့ ခန့်မှန်းရပါတယ်။ အခုလောလောဆယ် ကလေးကို ဝန်ထမ်းတစ်ယောက်အိမ်မှာ စောင့်ရှောက်ထားတယ်၊ ကလေးကို ဒဂုံရဲစခန်း ကနေတစ်ဆင့် လူမှုဝန်ထမ်းကို ပို့ဆောင်ဖို့အတွက် ဆောင်ရွက်နေပါတယ်" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားခဲ့ပါသည်။
ရွှေတိဂုံစေတီတော်တွင် ယခုကဲ့သို့ ကလေးငယ်များ လာရောက်စွန့်ပစ်မှုများမှာ ဖြစ်လေ့ဖြစ်ထရှိကြောင်း၊ ပြီးခဲ့သည့်နှစ်ကလည်း အသက် ၂ နှစ်ခန့်အရွယ် ကလေးတစ်ဦး ရှိခဲ့ဖူးပြီး ကလေးတွေ့ရှိထားကြောင်း ကြေညာခဲ့သဖြင့် ရက်အနည်းငယ်အကြာတွင် အဖိုးဖြစ်သူက လာရောက်ခေါ်ယူသွားခဲ့ကြောင်း ယခုတွေ့ရှိသည့် ကလေးငယ်မှာ ယခုနှစ်အတွက် ပထမဦးဆုံးဖြစ်ကြောင်း သိရှိရသည်။
"ကလေးနဲ့သက်ဆိုင်သူတွေအနေနဲ့ ကလေးကို ပြန်ခေါ်ချင်ရင် ဒဂုံမြို့နယ်ရဲစခန်းကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်" ဟု ဦးဝင်းကြိုင်က ဆက်လက်ပြောကြားခဲ့သည်။

ABSDF ဥက္ကဌဟောင်းများ အဖွဲ့ မြန်မာပြည်သွားလေ့လာမယ်


ဦးထွန်းအောင်ကျော်
တချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ် တပ်ဦး ( (ABSDF) ဥက္ကဌဟောင်းတွေဖြစ်ကြ တဲ့ ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန် အပါအ၀င် နံမည်ကြီး ကျောင်းသား ခေါင်းဆောင်ဟောင်း ၅ ဦးတို့ဟာ မကြာမီ မြန်မာနိုင်ငံကို သွားရောက်လေ့လာရေး ခရီးသွားဖို့ ရှိပါတယ်။
ဦးမိုးသီးဇွန် 

အခုသွားကြမယ့် ကျောင်းသားခေါင်းဆောင်ဟောင်း ၅ ဦးကတော့ ဦးထွန်အောင်ကျော် ( ABSDF- ပထမဆုံး ဥက္ကဌ ဖြစ်သူ)၊ ကိုမိုးသီးဇွန် ( ABSDF ဒုတိယမြောက် ဥက္ကဌ၊ ၈ လေးလုံးကာလ ကျောင်းသားခေါင်းဆောင်၊ လူ့ဘောင်သစ်ပါတီ ဥက္ကဌဟောင်း)၊ 
ကိုကိုလေး၊ ကိုရင်အေး၊ ကိုမူးသာ တိြု့ဖစ် ပါတယ်။

ဦးထွန်းအောင်ကျော်ကတော့ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့သူ တဦးလဲဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့ပါတယ်။


ဦးထွန်းအောင်ကျော်နှင့် အဖွဲ့ဟာ သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြည်ပရောက် မြန်မာများ တိုင်းပြည်ဖွံ့ဖြိုး တိုး တက်ရေး အတွက် လာရောက်ကြရန် နှစ်ကြိမ် တိုင်တိုင်ဖိတ်ခေါ်မှုကြောင့် အခုလို လေ့လာရေးခရီးစဉ် အဖြစ်သွားရောက်ကြမှာ ဖြစ်တယ်လို့ ကာယကံရှင်တွေက ပြောကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို အစိုးရ ကိုယ်စားလှယ်တွေက တိုင်းပြည်ပြင်ပကနေပြီး အပြစ်ပြောနေမယ့်အစား လာကြောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း သူတို့ကို ပြောဆို ဖိတ်ကြားခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။



http://blog.irrawaddy.org/2012/07/absdf.html

အိုလံပစ် ၀င်ပြိုင်ဖို့ လန်ဒန်ရောက်နေတဲ့ မြန်မာ့ အားကစားသမားများ





အင်္ဂလန်နိုင်ငံမှာ လက်ခံကျင်းပမယ့် အိုလံပစ် 2012 မှာပါဝင် ယှဉ်ပြိုင်မယ့် မြန်မာ နိုင်ငံ ကိုယ်စားပြု အားကစားသမား ၆ ဦးဟာ အခုဆိုရင် အင်္ဂလန် ရောက်နေကြပြီလို့ သိရပါတယ်…

ဂျူဒို အားကစားနည်းမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်သူကတော့… 
မအေးအေးအောင်
အမျိုးသမီး - ၇၈ ကီလိုတန်းမှာ ဝင်ပြိုင်မှာပါ


မာရသွန်ပြိုင်ပွဲမှာတော့...


မနီလာစန်း က အမျိုးသမီး မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ပါလိမ့်မယ်..



Sculls လိုခေါ်တဲ့ ခတ်လှေပြိုင်ပွဲမှာတော့ 

မရွှေဇင်လတ် က အမျိုးသမီး တဦးချင်း ပြိုင်ပွဲမှာ ပါဝင်လှော်ခတ် ယှဉ်ပြိုင်မှာပါ


အမျိုးသားမီတာ ၄၀၀ အပြေး ပြိုင်ပွဲမှာတော့ ကိုသက်ဇော်ဝင်း က ယှဉ်ပြိုင်မှာပါ… ကိုသက်ဇော်ဝင်း ဟာ အသက် ၂၂ နှစ်ပဲ ရှိသေးပြီး အိုလံပစ်ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာ အသင်းမှာ အငယ်ဆုံးပါ..
ဦးမောင်ချူး ကတော့ အမျိုးသား Men's 10m Air Pistol မှာ ဝင်ပစ်မှာပါ…
ပစ္စတို ဆိုတော့ သေနတ်ပစ်မှာပါ။


ကိုနေမျိုးအောင် ကတော့ အမျိုးသား တစ်ဦးချင်း မြှားပစ် ပြိုင်ပွဲမှာ ဝင်နွှဲပါလိမ့်မယ်
အိုလံပစ် နဲ့ အိုလံပစ်ဆက်စပ်ပြိုင်ပွဲတွေမှာ မြန်မာပြည်က ၀င်ရောက် ယှဉ်ပြိုင်တာ ဒါပါနဲ့ ဆိုရင် ၁၆ ကြိမ် ရှိပြီလို့ သိရပါတယ်။

လန်ဒန်မှာပဲ လုပ်ခဲ့တဲ့ ၁၉၄၈ ခုနှစ် အိုလံပစ်ကို မြန်မာက ၄ ဦးပါ အားကစားအဖွဲ့ စေလွှတ်ခဲ့ပါတယ် တဲ့။
 အဲဒါ မြန်မာပြည်က အိုလံပစ်ကို ပထမဆုံးအကြိမ် ပါဝင်ပတ်သက်မှုပါ။

နိုင်ငံတကာပါဝင်တဲ့ ဒီ အားကစားပွဲတော်ကြီးကို ၄ နှစ် တကြိမ် ကျင်းပလေ့ ရှိပါတယ်။

ဒီနှစ် လန်ဒန် အိုလံပစ်ပွဲတော်ကြီးကို ခမ်းခမ်းနားနား ဖွင့်လှစ်ဖို့ ၂၄ နာရီလောက်ပဲ လိုပါတော့တယ်။


ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှု ဖြစ်ပေါ်လျက်ရှိ


ပဲခူးမြို့တွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပဲခူးမြစ်ရေကြီးမှုဖြစ်ပေါ်လျှက်ရှိပြီး ပဲခူးမြို့ပေါ်ရှိ အချို့ရပ်ကွက်များနှင့် ပဲခူးနယ်တ၀ိုက်ရှိ အနိမ့်ပိုင်းကျသော ကျေးလက်ဒေသများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
bagoflood1
ပဲခူးရိုးမဒေသ အပါအ၀င် ပဲခူးနယ်တ၀ိုက်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ ဆက်တိုက်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပဲခူးမြစ်ရေသည် ဇူလိုင်လ(၂၆)ရက်နေ့ နံနက်(၅း၃၀)နာရီအချိန်တွင် ပဲခူးမြို့၌ ပဲခူးမြစ်၏ မြစ်ရေကြီးအမှတ် ဖြစ်သည့် (၈၆၀)စင်တီမီတာကို ကျော်လွန်သွားခဲ့ပြီး မြစ်ရေကြီးမှု စတင်ဖြစ်ပေါ်ခဲ့သည်။ ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျှက်ရှိပြီး နံနက်(၇း၃၀)နာရီ အချိန်တွင် (၈၆၇)စင်တီမီတာသို့ ရောက်ရှိခဲ့ပြီးနောက် နေ့လည်(၁၁း၃၀)နာရီအချိန်တွင် (၈၇၂)စင်တီမီတာသို့ ရောက်ရှိနေသည်။
bagoflood2
ထို့ကြောင့် ပဲခူးမြို့အနောက်တော အရပ်သို့ သွားရာ ရွှေသာလျောင်း လမ်းမကြီးတွင် ရေ(၁)ပေခန့်အထိ ကျော်နေပြီး မြို့ပေါ်အချို့ရပ်ကွက်များတွင် လှေများဖြင့် သွားလာနေကြရသည်။ ပဲခူးနယ်တ၀ိုက်တွင် မိုးရွာသွန်းမှု ဆက်လက်အားကောင်းနေ၍ ပဲခူးမြို့တွင် မြစ်၏စိုးရိမ်ရေအမှတ် ဖြစ်သည့်(၉၁၀) စင်တီမီတာကို ရောက်ရှိသွားနိုင်သည့် အခြေအနေများရှိနေကြောင်း သိရသည်။ အဆိုပါ စိုးရိမ်ရေအမှတ် သို့ရောက်ရှိပါက ပဲခူးမြို့၊ ခေါင်းဆေးကျွန်းအရပ်တွင် ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးအား ရေကျော်မည်ဖြစ်ပါသည်။
bagoflood3
ပဲခူးမြစ်သည် ဇူလိုင်လနှင့် သြဂုတ်လများတွင် မြစ်ရေကြီးမှု နှစ်စဉ်ဖြစ်ပေါ်လေ့ရှိပြီး ယမန်နှစ် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့တွင် စိုးရိမ်ရေအမှတ်အထိ ရောက်ရှိခဲ့ပြီး မြစ်ရေကြီးမှု ဖြစ်ပေါ်ခဲ့သည်။ထို့ပြင် ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း၌လည်း မြစ်ရေကြီးမှု ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လ(၁၀)ရက် နေ့တွင် ပဲခူးမြို့၌ မြစ်ရေအမှတ်(၉၆၀) စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး ပဲခူးမြစ်ရေကြီးမှု သမိုင်းတစ်လျှောက်တွင် အမြင့်မားဆုံး စံချိန်ဖြစ်ခဲ့သည်။ ပဲခူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်(၃၂)ပေသာ မြင့်ကြောင်းသိရသည်။ ယခု ပဲခူးမြစ်ရေကြီးမှုကြောင့် အချို့ကျေးလက်ဒေသများမှ စိုကင်ပျိုးပြီး လယ်ယာမြေ ဧရိယာများ ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ပဲခူးနယ်တ၀ိုက်၌ မိုးရာသီစပါး စိုက်ပျိုးမှုလုပ်ငန်းများ ပြီးစီးလုနီးပါး အခြေအနေတွင်ရှိပြီး မြစ်ရေကြီးမှု ဆက်လက်ဖြစ်ပေါ်ပါက စိုက်ပျိုးပြီး လယ်ယာမြေဧရိယာ အများအပြား ပျက်စီးဆုံးရှုံး သွားနိုင်ကြောင်း သိရသည်။
bagoflood4
bagoflood5

မြေသိမ်းခံလယ်သမားများ ထွန်စက်ရှေ့ လှဲပြီး တားဆီးဆန္ဒပြ


မန္တလေးတိုင်း မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ် အိုးပြွန်ရွာမှ ထွန်တုံးတိုက်ပွဲဝင်နေသော လယ်သိမ်းခံ လယ်သမားများ၏ မြေများတွင် ကောင်းကင် ကုမ္ပဏီက ယမန်နေ့တွင် ခြံစည်းရိုးခတ်ခြင်း၊ ထွန်စက်များဖြင့် လယ်ထွန်ခြင်းများကို ဆန့်ကျင်သည့်အနေဖြင့် ထွန်စက်များရှေ့တွင် တားဆီးဆန္ဒပြမှု လယ်ပိုင်ရှင်များက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“ကိုကျော်ဝင်းရဲ့  အကွက်ကို ထွန်စက်တွေက စ လာထွန်တာ။ ကိုကျော်ဝင်း၊ ကိုသိန်းအောင်နဲ့ ဦးတုတ်ကြီးတို့က ထွန်စက်ရှေ့ လှဲအိပ်လိုက်တယ်။ ထွန်ချင်ရင် ကျနော်တို့ပေါ် နင်းသွား၊ ဖြတ်သွားပြီးမှ ထွန်ဆိုပြီးတော့။ အဲ့ဒီအခါမှာ ကောင်းကင်ကုမ္ပဏီ အစောင့်တဲက ကလေးက သူတို့ရုံးကို ဖုန်းလှမ်းဆက်တော့ သူတို့ရဲ့ တာဝန်ခံက ကိုဌေးလွင်က မောင်းသာဆက်မောင်းလို့ ပြောတာ။ ကားမောင်းတဲ့ ကလေးကတော့ စက်ကို ရပ်လိုက်ပြီးတော့ ကားကနေ သော့ဖြုတ်ပြီး ပြန်သွားတယ်” ဟု လယ်ပိုင်ရှင်တဦးက ပြောသည်။
သိမ်းဆည်းခံ လယ်မြေများအရေး လယ်သမားများနှင့် ကောင်းကင်ကုမ္ပဏီအကြား သက်ဆိုင်ရာခရိုင်ရုံး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေစဉ် အတောအတွင်း ကုမ္ပဏီဘက်မှ ယခုကဲ့သို့ လုပ်ဆောင်သည့်အပေါ် မကျေနပ်ကြောင်း၊ မိမိပိုင်လယ်မြေများကို ပြန်ရရေးအတွက် ယခုကဲ့သို့ လုပ်ရခြင်းဖြစ်ကြောင်း လယ်ပိုင်ရှင်များက ဆိုသည်။
လယ်မြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေစဉ်က ကောင်းကင်ကုမ္ပဏီမှ အဆိုပါ လယ်မြေအားလုံးနီးပါးကို စွန့်လွှတ်ကြောင်း ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ပြောဆိုချက်အတိုင်း ကတိမတည်ဘဲ သက်ဆိုင်ရာမှ ညှိနှိုင်းဖြေရှင်းပေးမှုကိုလည်း စောင့်ဆိုင်းခြင်းမပြုကြောင်း လယ်ပိုင်ရှင်များက ပြောသည်။
“ညှိနှိုင်းပေးမယ်၊ ဒီလို လယ်တွေ ၀င်ထွန်တာတွေ မလုပ်ပါနဲ့ပြောလို့ လယ်သမားတွေဘက်က ဘာမှ မလုပ်ဘဲ ညှိနှိုင်းပေးတာကို စောင့်နေတာ။ ကုမ္ပဏီက ဒီလိုလုပ်တော့ မခံနိုင်လို့ သူတို့ထွက်သွားတော့ လယ်တွေဝင်ထွန်ပြီးတော့ ၀ါတို့၊ နှမ်းတို့၊ နေကြာတို့ ကြဲခဲ့တယ်” ဟု လယ်ပိုင်ရှင်တဦးဖြစ်သူ ဒေါ်ဌေးဌေးမြင့်က ပြောသည်။
သူကဆက်၍ “ကျမတို့မှာ ဒီမြေတွေပေါ် ဓားမဦးချလုပ်လာတာ။ လယ်သမားအလုပ်ပဲ လုပ်တတ်တာ။ လယ်သမား လယ်ပိုင်မရှိတော့ ဘယ်လိုလုပ်ရမလဲ။ လယ်သမား လယ်မရှိတော့ စားဝတ်နေရေး ကြပ်တည်းနေရတယ်။ လယ်သမား လယ်ပိုင်ရှိမှ ဖြစ်မှာမို့ လယ်သမားတွေကို ကူညီပါလို့ သမ္မတကြီးကို ပြောချင်ပါတယ်” ဟု ဆိုသည်။
လယ်သိမ်းခံ လယ်သမားများအရေး ဖြေရှင်းမှုများတွင် လယ်သမားများ၏ နစ်နာမှုများအတွက် အာဏာပိုင်များနှင့် ကုမ္ပဏီများဘက်မှ ဥပဒေအရ ညှိနှိုင်းဆောင်ရွက်မှုများ မရှိသည့်အတွက် ယခုကဲ့သို့ အဖြစ်အပျက်များ ကြုံတွေ့ရခြင်းဖြစ်ကြောင်း လယ်သမားများအရေး ကူညီပေးနေသူများကဆိုသည်။
“အာဏာပိုင်တွေရော ကုမ္ပဏီ ပိုင်ရှင်တွေကပါ လယ်သိမ်းခံ လယ်သမားတွေရဲ့ နစ်နာမှုအတွက် မလုပ်ခဲ့ကြဘူး။ ဥပဒေကြောင်းအရရော လူမှုရေးအရရော ညှိနှိုင်းဆောင်ရွက်တာ မရှိဘူး။ ဒီလိုဖြစ်တာက မြန်မာနိုင်ငံ တနံတလျားက လယ်သမားတွေ အားလုံးကြုံတွေ့နေရတဲ့ ပြဿနာပဲ။ လယ်သမားအရေးဆိုတာ အရေးကြီးပါတယ်။ ဒီလို ဖြေရှင်းနည်းတွေနဲ့ကတော့ အကျိုးမရှိပါဘူး။ တိုင်းပြည်နစ်နာတာပဲ ရှိပါတယ်” ဟု မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးက ပြောသည်။
သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေး ထွန်တုံးတိုက်ပွဲဖြင့် ကြိုးပမ်းနေသော လယ်သမားများအနက်မှ မိတ္ထီလာခရိုင်မှ လယ်သမား ၁၉ ဦး၊ ပဲခူးတိုင်း ပြည်ခရိုင်မှ လယ်သမား ၆ ဦးတို့ကို သက်ဆိုင်ရာမှ ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုထားသေးသည်။
လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းမှစ၍ စီမံကိန်းများအတွက် လယ်မြေများ သိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်များ ထူထောင်မှု၊ တပ်မြေတိုးချဲ့မှု၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး ပုဂ္ဂလိက ချထားပေးခြင်း ဆောင်ရွက်မှုများတွင် မြေသိမ်းဆည်းမှုများ ဖြစ်ပွားပြီး လယ်ယာမြေ ပိုင်ရှင်များမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်။

ကချင် ငြိမ်းချမ်းရေး ဆန္ဒပြမည့် အစီအစဉ် ရပ်ဆိုင်းလိုက်ရ


ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ်၊ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးများ ဦးဆောင်၍ မြစ်ကြီးနားမြို့တွင်
ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒပြမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်ဟု ဆန္ဒပြမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် က ပြောသည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေး လိုလား
ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့မှာ အဆိုပါ ကချင် အမျိုးသမီးများက လူမျိုးဘာသာမရွေး ပါဝင်သော စီတန်းလှည့်လည်မှု စီစဉ်ထားခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

“တကယ့် မိခင်ရင်း စိတ်ဓါတ်နဲ့ ဘာပဲဖြစ်ဖြစ် ကျမတို့ ထွက်မလို့ပဲ။ သိတဲ့အတိုင်း ကျမတို့ကို သတင်းအမျိုးမျိုး ပြောနေ
ကြလို့။ ကျမတို့က မျိုးချစ်စိတ်ဓါတ် မရှိလို့ ပြောင်းပြန် လုပ်သလိုလို ပြောနေကြတယ်။ ကျမတို့က ပင်လုံကတိ တည်ပါစေဆိုတာမျိုးတွေ ထပ်တောင်းဆိုဖို့ စီစဉ်ထားတာကို ခုတော့ သတင်းဗြောင်းပြန်ဖြစ်လို့ ရပ်ထားလိုက်တာ” ဟု ဒေါ်ဂျာခေါန်က ပြောသည်။

သူက ဆက်ပြီး “အမျိုးသားရေးအတွက် ကျမတို့ လုပ်ရတော့မယ်ဆိုပြီး လုပ်တာ။ ကျမတို့က KIO ကို မကြိုက်လို့ ဆန္ဒပြမယ် ဆိုပြီး ပြောလာလို့ အံ့သြနေတာ။ ကျမတို့က KIO ကို ဆန့်ကျင်တာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးရချင်လို့ လုပ်တာကို သတင်းက အမျိုးမျိုးထွက်လာလို့ အံ့သြနေတာ။ ကျမတို့ ရည်ရွယ်ထားတာ မဖြစ်လာတော့ သဲထဲ ရေသွန်
ဖြစ်သွားတယ်။ ကျမတို့ လုပ်တာကို နားမလည်လို့၊ လုပ်ရင် မှားသွားမှာဆိုးလို့ ရပ်လိုက်တယ်” ဟု သူက မဇ္စျိမကို ပြော
သည်။

မြစ်ကြီးနားမြို့ခံများအကြား အဆိုပါ ဆန္ဒပြမှု ဦးဆောင်သူများသည် ကြံ့ခိုင်ရေးပါတီမှ အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုကာ ဆန့်ကျင်ကန့်ကွက်နေသူများလည်း ရှိနေသည်။ ထိုဆန္ဒ ဖော်ထုတ်ရန် စီစဉ်သူ ဒေါ်ဂျာခေါန်သည် ကြံ့ခိုင်ရေးပါတီမှ ဆွမ်ပရဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်တန် ၏ ဇနီး ဖြစ်နေသဖြင့် ပြည်သူလူထုအကြား ထိုသို့ ဝေဖန်ပြောဆိုနေခြင်းလည်း ဖြစ်သည်။

ထို့ပြင် ယင်းဆန္ဒ ဖော်ထုတ်မှုတွင် ဒေါ်ဂျာခေါန် အပါအဝင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၏ နှမ
ဒေါ်လဂျွန် ဆိုင်းတောင်၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်၏ ဇနီးတို့ ဦးဆောင်မည် ဆိုသည့် သတင်းများလည်း အင်တာနက် စာမျက်နှာများတွင် ထွက်ပေါ်ခဲ့သည်။

သို့သော် ယင်းဆန္ဒပြမည့် အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဒေါ်လဂျွန်ငန်ဆိုင်း၏ နှမဒေါ်လဂျွန်
ဆိုင်းတောင်က ငြင်းဆိုသည်။

“ဒီကိစ္စကျမ ဘာမှ မသိရပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ဘယ်သူ့ရဲ့ ရင်ထဲမှာမဆို၊ ဘယ်သူမဆို စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ကျမကို တိုင်ပင်ခြင်း မရှိဘူး။ ဆွေးနွေးခြင်းလည်း မရှိဘူး။ ဒီကိစ္စ ကျမ လုံးဝ မသိရပါဘူး။ ဒါပေမယ့် ခုအင်တာနက်ပေါ်မှာ ကျမနာမည် ပါလာတယ် ဆိုတော့ ကျမ အရမ်း အံ့သြနေတယ်” ဟု မဇ္စျိမကို ပြောသည်။

အစိုးရနှင့် KIO တို့ နှစ်ဖက် ယခုတကြိမ် တွေ့ဆုံပါက အစိုးရဘက်မှ တပ်များ ရုတ်သိမ်းရေးကိစ္စ ဆွေးနွေးမည်
ဖြစ်သော်လည်း ဆွေးနွေးမည့်နေရာ ညှိနှိုင်း၍ မရသေးပေ။

By MIzzima

ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ ပိုများလာဖွယ်ရှိ


လွန်ခဲ့တဲ့ နှစ်တွေအတွင်း အထူးသဖြင့် ပင်လယ်မှာ မိုးလေငြိမ်တဲ့ ဆောင်းနဲ့ နွေကာလတွေဆို ဘင်္ဂလားဒေ့ရှ် က လူသယ်သူတွေရဲ့ လှေတွေနဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင်ရှာဖွေဖို့နဲ့  ရတဲ့ငွေကို အိမ်ကမိသားစုတွေဆီ ပြန်ပို့ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်းတို့၊ မလေးရှားတို့ကို ခိုးဝင်တတ်ကြတယ်။
အခုတော့ မိန်းမနဲ့ ကလေးတွေပါ လှေပေါ်တင်ခေါ်လာဖို့ ကြံရွယ်နေကြပါပြီ။ “ကျနော့် ညီတွေရော၊ ကျနော့် မိန်းမရော၊ ကလေး ၅ ယောက်စလုံးပါ ထိုင်းကို လှေနဲ့ထွက်ဖို့ ပြင်နေတယ်။ နောက်ဆုံး မလေးရှားမှာတော့ နေစရာတခု ရှာတွေ့မယ်လို့  မျှော်လင့်တာပဲ” လို့ ရခိုင်ပြည် မောင်တောက အထည်ကုန်သည်  ကိုဖိုင်ဇူလာက ဂျာမန်သတင်းဌာန Deutsche Welle ကို တယ်လီဖုန်းက တဆင့် ပြောပါတယ်။
သူက ဆက်ပြီး “တခြား မိသားစုတွေလည်း ဒီလိုပဲ ထွက်ပြေးဖို့ လုပ်နေကြတယ်။ ဒီမှာ နေ့တိုင်း ဒုက္ခက ပိုပိုဆိုးလာတယ်။ ကျနော်တို့ အားလုံး ဒီမှာ နေရတာ မလုံခြုံတော့ဘူး” တဲ့။
မေလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်က မသီတာထွေး အသတ်ခံခဲ့ရမှုက စတင်ခဲ့တဲ့ ရခိုင်နဲ့ ရိုဟင်ဂျာများ အပြန်အလှန် အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့  စစ်ဘက်က တာဝန်ယူခဲ့ရပါတယ်။
နှစ်ဘက်စလုံး သေကြေပျက်ဆီးမှုတွေကို အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် ဘယ်ဘက်က ဘယ်လောက်ထိခိုက်တယ် ဆိုတာ အသေးစိတ် အတည်ပြုချက် ရဖို့ ခက်ခဲနေဆဲပါ။
ရခိုင်မြောက်ပိုင်းက မူစလင်တွေကို ဖိနှိပ်နေတယ်လို့ မူစလင်ကမ္ဘာက ဒေါသတကြီး ဝေဖန်သံတွေ ညံလာနေတဲ့အပြင် လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကလည်း မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့  ရခိုင်တိုင်းရင်းသားတွေဟာ ရိုဟင်ဂျာတွေကို အနိုင်ကျင့်နေတယ်လို့ ထုတ်ပြန်ကန့်ကွက်ခဲ့ပါတယ်။
မောင်တောဒေသက မူစလင်သတင်း ရပ်ကွက်တွေ အဆိုအရ လူငယ်တွေကို တွေ့တာနဲ့ ဖမ်းဆီးနေတာကြောင့် အတော်များများ ရှောင်ပုန်းနေရကြောင်း သိရပါတယ်။ မူစလင်လူငယ် ရာချီပြီး အဖမ်းခံထားရတယ် လို့လည်း သူတို့က ဆိုပါတယ်။
“လုံခြုံရေးတွေနဲ့ ရခိုင်တွေက ကျနော်တို့ ရွာသားတွေကို ဝင်ငွေရတဲ့ အလုပ်အကိုင် အကုန်လုံးလိုလို ပေးမလုပ်တော့ဘူး။ ရွာတော်တော်များများမှာ ကျနော်တို့ကို ဆန်မရောင်းပေးဘူး။ ကျနော်တို့ကို မြန်မာပြည်က ထွက်သွားဖို့ပဲ ပြောတယ်။ ကျနော်တို့ ဒီမှာ ငတ်သေရင်သေ၊ မဟုတ်ရင် အသတ်ခံပေါ့” လို့ ဖိုင်ဇူလာက ပြောပါတယ်။
စစ်တကောင်း သတင်းရပ်ကွက်တွေရဲ့ အဆိုအရ မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့တွေဟာ ထိုင်းကို ထွက်မယ့် လှေတွေကို လူတယောက် ကျပ် တသောင်း (အမေရိကန် ၁၂ ဒေါ်လာ) ယူပြီး လွှတ်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ ဖိုင်ဇူလာကလည်း သူ့မိသားစု ထိုင်းကိုထွက်ဖို့ ကျပ် သိန်း ၃၀ (အမေရိကန် ဒေါ်လာ ၃၆၀၀) ကုန်မယ်လို့ လှေသမားတွေရဲ့ အဆိုကို ပြန်ပြောပြပါတယ်။
ဘင်္ဂလားဒေ့ရှ် တက်ခ်နဖ် အခြေစိုက် လူကုန်သည် ကရှမ်က ရခိုင်ပြည်က မိသားစု ၉ စု ဒီနှစ်ကုန်မှာ မလေးရှားကို ပို့ပေးဖို့ရှိကြောင်း ပြောပါတယ်။ “ဘင်္ဂလားဒေ့ရှ်ကို ဝင်လာလို့ မရတော့တဲ့ မိသားစု ၅ စုကို ကျနော်တို့လှေက ဝင်ခေါ်ရဦးမယ်။ သူတို့ကို ထိုင်းမှာချပေးမယ်။ အဲဒီကမှ မလေးကို ကုန်းလမ်းကနေ ဝင်မယ်” လို့ လူသယ်တဲ့ အလုပ်ကို ၈ နှစ်လောက် လုပ်ခဲ့ပြီးဖြစ်တဲ့ ကရှမ်က ရှင်းပြပါတယ်။
လတ်တလောမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ထပ်ဝင်လာမှာ စိုးရိမ်တာကြောင့် နယ်စပ်ကို ပိတ်ထားပါတယ်။ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ ကလည်း လှေစီးဒုက္ခသည်တွေ ပိုထွက်လာမှာကို စိုးရိမ်နေပါတယ်။
မကြာသေးမီကပဲ ထိုင်းနိုင်ငံရဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် မနက်ကုံပန်က မိုးရပ်ပြီဆိုတာနဲ့ ရိုဟင်ဂျာတွေ လှေစီးပြီး ဝင်လာကြဖို့ရှိကြောင်း သတင်းတွေရထားတယ်လို့ ပြောပါတယ်။ သူက မလေးရှားဝင်ဖို့ ထိုင်းကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တချိန်တည်းမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြည့်စုံ တိကျတဲ့ ဖြေရှင်းချက်ကို မြန်မာအစိုးရက လာမယ့် စက်တင်ဘာမှာ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို လာတက်မယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တဆင့် ထုတ်ပြန်ဖို့  မျှော်လင့်ကြောင်း ပြောပါတယ်။ ” ဒီကိစ္စက အာဆီယံ လူ့အဖွဲ့အစည်းအတွက် အရေးကြီးပါတယ်” လို့ ဆူရင်ပစ် စူဝမ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး


ရန်ကုန် (မဇ္ဈိမ) ။       ။ တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေး စဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြောဆိုသွားသည်။

ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ် တင်သွင်းခဲ့သည့် တောင်သူလယ်သမားအရေး အဆိုကို လွှတ်တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆွေးနွေးရန် အလှည့်ကျသည့် ဦးရွှေမန်းက ဆွေးနွေးမှုအတွင်း ထိုသို့ ပြောသွားခြင်း ဖြစ်သည်။

“ဒီမိုကရေစီဟာ အများကြိုက်တဲ့ အများပိုင်ပါ။ ပြည်သူများ ပိုင်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ တဦးတယောက် တဖွဲ့ပိုင် မဟုတ်ပါ။ ဒီမိုကရေစီကို အကြောင်းပြကာ စည်းမဲ့ကမ်းမဲ့ လုပ်၍ မရနိုင်ပါ။ စနစ်မကျစွာ ဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီမှာ စည်းစနစ်ရှိပါတယ်။ ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေးကိုလည်း သတိပြု ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောသွားခဲ့သည်။

ဦးတင်ထွဋ်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် လယ်သမားများပိုင် လယ်ယာမြေများကို ကုမ္ပဏီအချို့နှင့် စစ်တပ်မှ သိမ်းပိုက်မှုများအား အဓိကထား ဆွေးနွေးခဲ့ကြသည်။

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ဦးရွှေမန်းက ခြုံငုံသုံးသပ်ပြရာတွင် မြေပုံ၊ စာရင်းဇယား တိကျမှန်ကန်မှု ရှိ/မရှိ၊ စီမံကိန်းနှင့် မူဝါဒများ ချမှတ်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက အကောင်ထည်ဖေါ်ရာတွင် တရားဥပဒေနှင့် ညီ/မညီ၊ ပွင့်လင်းမြင်သာမှု ရှိ/မရှိ၊ အပြန်အလှန် ထိန်းကျောင်းမှု ရှိ/မရှိ ဆိုတာတွေဟာ ပြဿနာ ရှိခြင်း/မရှိခြင်း စသည်တို့ ဖြစ်ပေါ်နေသည်ဟုလည်း ဆွေးနွေးသွားခဲ့သည်။

ထိုသို့သော အခြေအနေများကို သင်ခန်းစာယူကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် နောက်တွန့်ရန် မဖြစ်ကြောင်း ကို “ဒါတွေကို ကျနော်တို့အားလုံးက သတိနှင့်ဆင်ခြင်ကာ သင်ခန်းစာယူပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးကို ရဲရဲတင်းတင်း ဆက်လက် ချီတက်ရမှာ ဖြစ်ပါတယ်။ နောက်တွန့်နေလို့ မဖြစ်ပါဘူး” ဟုလည်း ပြောသွားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရာတွင် တာဝန်ရှိလာမည့် ပုဂ္ဂိုလ်အသီးသီးမှာ
ဒေါသ၊ အာဃာတ၊ ရန်ငြိုးများ ကင်းကင်းဖြင့် တောင်သူ လယ်သမားများ နစ်နာမှု မရှိစေရေးအတွက် ဘက်ပေါင်းစုံမှ
ဆောင်ရွက်ပေးကြပါရန်လည်း သူရဦးရွှေမန်း က တိုက်တွန်းပြောဆိုသွားသည်။

By Mizzima

တိုင်းရင်းသားအခွင့်အရေး ကာကွယ်မည့် အဆိုကို ဒေါ်စု ထောက်ခံ


နေပြည်တော် (မဇ္ဈိမ) ။       ။ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေး အတွက် တိုင်းရင်းသား လူမျိုး များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေးအဆိုကို ထောက်ခံပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်တွင် ပထမဆုံး ဆွေးနွေးမှုအဖြစ် ကွတ်ခိုင် မြို့နယ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်၏ အဆိုကို ပါဝင်ဆွေးနွေးခြင်း ဖြစ်သည်။

ပင်လုံစိတ်ဓာတ်ကို ညွှန်းဆို၍ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသွားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်တွင် ပထမဆုံး ဆွေးနွေးမှုအဖြစ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်၏ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ပါဝင်ဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)

“ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့၊ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံ ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျမတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဋ္ဌာန်းခြင်းများ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်” ဟု ဆွေးနွေးသွားသည်။

ထို့အပြင် ကိန်းဂဏန်း အချက်အလက်များ ကိုးကား၍ “ပြည်နယ်တွေမှာ ပျမ်းမျှခြင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း
မြင့်နေတယ် ဆိုတာကို မြင်ရပါတယ်။ ဒီ ကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျမတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်” ဟုလည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးမှု နိမ့်ကျနေခြင်းကို ထောက်ပြပြောဆိုခဲ့သေးသည်။

ဦးတီခွန်မြတ်၏ အဆိုကို ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ် (ခေါ်) ဒူဝါခမိုင်တန်ကလည်း “နိုင်ငံတော်အနေနှင့်လည်း တိုင်းရင်းသားပြည်သူနှင့် လူမျိုးစုများ၏ အခွင့်အရေးနှင့် အမျိုးသားရေး မပျက်ပြယ်အောင် ကာကွယ်စောင့်ရှောက် လက်တွဲဖော်ဆောင်ရန် တာဝန်ရှိတဲ့အတွက်” ဟု ထောက်ခံ ဆွေးနွေးသွားခဲ့သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ ဦးအုန်းကြိုင်ကလည်း “ကျနော်တို့ရဲ့ ဘိုးဘေး ဘီဘင်များ ဖြစ်ကြတဲ့ တိုင်းရင်းသား
ခေါင်းဆောင်များရဲ့မျှော်မှန်းချက်က ကျနော်တို့ တိုင်းရင်းသား အားလုံး အခွင့်အရေး တန်းတူညီမျှစွာနဲ့ ရရှိခံစားကြ ပြီးတော့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဥမကွဲ သိုက်မပျက်၊ အေးအတူ ပူအမျှ နေထိုင်သွားကြဖို့ ဖြစ်ပါတယ်” ဟု ဦးတီခွန်မြတ်၏ အဆိုကို ထောက်ခံ ဆွေးနွေးသွားခဲ့သည်။

ထို့အပြင် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦးကျော်သီဟနှင့် ဥတ္တရသီရိမြို့နယ်မှ ဦးမင်းသူတို့က ထောက်ခံဆွေးနွေးသွားခဲ့
ကြသေးသည်။

ဥပဒေ မပြဋ္ဌာန်းမီ သက်ဆိုင်ရာ တိုင်းရင်းသားများ၊ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် တပ်မတော်သားများပါဝင်သည့် ညီလာခံတရပ် ကျင်းပ၍ သဘောထားရယူသင့်သည်ဟု ဦးမင်းသူ က ဆွေးနွေးသွား သည်။

တိုင်းရင်းသားအခွင့်အရေး ဥပဒေပြဋ္ဌာန်းပေးရန် အဆိုကို ဆွေးနွေးရန် လွှတ်တော်အမတ် ၂၇ ဦး စာရင်းပေးသွားထား ပြီး တနှစ်ကျော်ကြာ ပြည်သူ့လွှတ်တော်သမိုင်းတလျှောက် အမတ်ဦးရေ အများဆုံး ဆွေးနွေးသည့် အဆိုလည်း ဖြစ် သည်။


By Mizzima

ဦးအောင်သိန်းလင်းကို ပခုက္ကူလူထု ဆန္ဒပြရန်ပြင်


တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာနှင့် မေးမြန်းခန်းတွင် ပါရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များကို ရှုတ်ချသည့် အနေဖြင့် ဆန္ဒဖော်ထုတ်ရန် မကွေးတိုင်း ပခုက္ကူမြို့မှ ပြည်သူများက ပြင်ဆင်နေသည်။
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး ပြည်သူတွေ ရူးနေတာပါလို့ စော်ကားတာ တချက်၊ ဧရာဝတီ မြစ်ဆုံဆည်ကို ပြန်စမယ်လို့ ပြောတာတချက်ကြောင့် ဧရာဝတီကို ကာကွယ်ဖို့ လာမယ့် ၃၁ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်မယ် ဆိုပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့် တင်ထားပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုအတွက် စီစဉ်နေသူ ဦးဇော်ဝင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေ အခန်း ၂ အပိုဒ်ခွဲ ၄ အရ ဆန္ဒ ဖော်ထုတ်ရန် ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားကြောင်း၊ ပခုက္ကူ ပြည်သူလူထု ရာနှင့်ချီ ပါဝင်မည်ဟု မျှော်မှန်းထားကြောင်း၊ သို့သော်လည်း ပခုက္ကူမြို့သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှု ဂယက် စတင်စေခဲ့သည့် ဒေသဖြစ်သောကြောင့် အာဏာပိုင်များက ခွင့်မပြုမည်ကို စိုးရိမ်ကြောင်း သူက ဆိုသည်။
“ရွှေဝါရောင်တုန်းက ပခုက္ကူက စ ခဲ့တော့ အခုလည်း ဒီကိစ္စမှ ပခုက္ကူက စထွက်မှာကို သူတို့တော်တော် စိုးရိမ်နေပုံရတယ်။ ကျနော်တို့က ဒီနေ့ စာတင်ခဲ့တာဆိုတော့ ခွင့်ရ မရကို ၄၈ နာရီစောင့်ရမယ်။ မရခဲ့ရင်တော့ အယူခံ အရင်တင်ကြည့်ပြီး ဘာဆက်လုပ်မလဲ ဆိုတာ သူတို့ရဲ့ တုံ့ပြန်မှုအပေါ် အခြေခံပြီး ဆုံးဖြတ်ကြမယ်” ဟု သူက ပြောသည်။
ဆန္ဒဖော်ထုတ်မှုကို ပခုက္ကူမြို့ သာသနာ့ဗိမာန် အနောက်ဘက် ကားဂိတ်မှ စတင်ကာ မြို့မလမ်းအတိုင်း ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်၍ ရွှေချောင်း တံတား အနောက်ဘက် တံတားဦး သစ်စက်တွင် ရပ်နားကာ ဦးအောင်သိန်းလင်း အပါအ၀င် ပြည်ခိုင်ဖြိုး ပါတီနှင့် အစိုးရသစ် အနေဖြင့် ပြည်သူ့ဆန္ဒကို အလေးထားရန် တိုက်တွန်း ပြောဆိုပြီးနောက် လူစုခွဲမည်ဟု ဆိုသည်။
ဦးအောင်သိန်းလင်းက Southern Weekend China သတင်းစာသို့ ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။
ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် အရှိန်အဝါဖြင့် ကျော်ကြားနေသူ ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူ များသည်လည်း အရူးများသာ ဖြစ်ကြောင်း ပုတ်ခတ် ပြောဆိုခဲ့သည့်အပြင် အများတောင်းဆိုမှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည် စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန် လိုကြောင်း သူ၏ ဖြေကြားချက်ကို အဆိုပါသတင်းစာက ဖော်ပြထားသည်။
ထို့အတူ ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကိုလည်း မြန်မာ့ပြည်တွင်းရေး ဝင်ရောက်နှောင့်ယှက်သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း သူ၏အမြင်ကို ပြောခဲ့သည်။
ဦးအောင်သိန်းလင်းက အဆိုပါ တရုတ် သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားစွာ ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
ပြည်ခိုင်ဖြိုး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ဦးအောင်သိန်းလင်း၏ ဖြေကြားထားမှုများသည် ပါတီ၏ သဘောထားများ မဟုတ်ကြောင်း၊ အဆိုပါ ပြောဆိုချက် များသည် ပုဂ္ဂလိက အနေဖြင့် လွတ်လပ်စွာ ပြောဆိုခြင်းဖြစ်၍ ပါတီက အပြစ်ပေး အရေးယူရန် မရှိကြောင်း၊ အဆိုပါ ပြောဆိုမှုကြောင့် ပါတီ ဂုဏ်သိက္ခာ မထိခိုင်နိုင်ကြောင်း ပြောသည်။

ဦးအေးလွင် အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆက်လုပ်မည်


ရန်ကုန် (မဇ္ဈိမ) ။        ။ ပါတီဝင်များနှင့် ပါတီ ဗဟိုအလုပ်မှုဆောင်များ ထောက်ခံမှု ရှိနေသမျှ ကာလပတ်လုံး ပါတီ ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နေဦးမည်ဟု အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင် က မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေး ပါတီများပေါ်တွင် လိုအပ်သည်ထက် ပိုမို ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်
နေပြီး ပါတီဝင် လက်ခံရေး၊ ထုတ်ပယ်ရေး ကိစ္စရပ်များတွင်ပါ ဝင်ရောက်စွက်ဖက်လျက် ရှိနေကြောင်း ဦးအေးလွင်က ဆိုသည်။

“ထောင်ဒဏ် နှစ်လ ကျခံနေရတဲ့ အချိန်အတွင်းမှာ ကျနော့်ကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ဖို့နဲ့ အခြား ဘယ်နိုင်ငံရေး ပါတီတွေကမှလည်း ပါတီဝင်အဖြစ် လက်မခံဖို့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားစာ
တွေ လိုက်ပို့ပါတယ်” ဟု ဦးအေးလွင်က ဆိုသည်။

ဦးအေးလွင်အား လှည်းကူးတရားရုံးက တာဝန်ဝတ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ အရ ထောင်ဒဏ် နှစ်လ ပြစ်ဒဏ် ကျခံရန် ၂ဝ၁၂ ခုနှစ်၊ မေလ ၂၂ ရက်က အမိန့်ချခဲ့ပြီးနောက် ဇူလိုင်လ ၂ဝ ရက်နေ့က ပြန်လည်လွတ်မြောက်လာခြင်း
ဖြစ်သည်။

၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူး ငွေကောက်ခံ ဂိတ်တွင် ဂိတ်ဝန်ထမ်းများနှင့် အခြေအတင် စကားများရာမှ ဦးအေးလွင် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

“ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရဆိုရင် အကျဉ်းသားတွေတောင် နိုင်ငံရေး ပါတီဝင် အဖြစ်နဲ့ လက်ခံလို့ ရပါတယ်။ နောက်ပြီး နိုင်ငံရေးပါတီတွေကို ဘာလုပ်လုပ် ဝင်ပြီး လိုက်ပြောနေတာတွေက မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

By Mizzima

လုံခြုံရေးတပ် စစ်ဆေးမှုဒဏ်ဖြင့် မြောက်ဦး ဒေသခံတဦး သေဆုံး


ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဒေသခံတဦးကို လုံခြုံရေးတာဝန် ယူထားသည့် စစ်တပ်က ခေါ်ယူ စစ်ဆေးရာမှ ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့  ၀သဲရပ်ကွက်မှ ဦးမောင်သာနု (၅၈ နှစ်) သည် ဇူလိုင် ၂၂ ရက် ညနေတွင် ၎င်းနေထိုင်ရာ အနီးရှိ ပျက်စီးနေသည့် နေအိမ်တခုမှ လျှပ်စစ် ၀ါယာကြိုးကို ဖြုတ်နေစဉ် လုံခြုံရေးယူထားသည့် ခြေမြန်တပ်ရင်း (ခမရ-၅၄၀) မှ စစ်သားများက ခေါ်ယူ စစ်ဆေးစဉ် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာ ပြင်းထန်သည့် အတွက် မြောက်ဦးမြို့  ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသစဉ် ဇူလိုင် ၂၄ ရက် ညနေတွင် ကွယ်လွန် သွားကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။
ဦးမောင်သာနုသည် ၀ါယာကြိုးဖြုတ်နေစဉ် စစ်သားများ ပြေးလာသည်ကို မြင်သည့်အတွက် ထွက်ပြေးရာမှ စစ်သား ၅ ဦး၏ ရိုက်နှက်မှုကို ခံခဲ့ရကြောင်း၊ သေဆုံးချိန်၌ ခန္ဓာကိုယ် နောက်ကျောနှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာ အများအပြား တွေ့ရကြောင်း၊ ဆေးရုံ မှတ်တမ်းအရ အမျိုးသား အင်္ဂါစပ်က ပြင်းထန်သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရသည်ဟု သိရကြောင်း ၎င်း၏ နာရေးကိစ္စ ကူညီပေးခဲ့သူ တဦးက ပြောသည်။
“စစ်သားတွေ မြင်တော့ အကြောက်လွန်ပြီး ထွက်ပြေးတယ်၊ ဒီတော့ စစ်သားတွေကလည်းပဲ ဖမ်းခေါ်သွားပြီး စစ်ဆေးကြတယ်၊ သေနတ်ဒင်နဲ့ ထုထောင်း ခံရတော့ ဆီးစပ်ကွဲသွားတဲ့ အတွက် အသက်ကယ် မရတော့ဘူးလို့ ဆေးရုံ မှတ်တမ်းက ဆိုတယ်”ဟု မြောက်ဦးမြို့  နာရေးကူညီမှု အဖွဲ့ဝင် တဦးက ပြောပြသည်။
ဦးမောင်သာနုသည် သာမန် အရပ်သား လက်လုပ်လက်စား တဦးသာ ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များ၏ ယခုကဲ့သို့ မတရားနှိပ်စက် ညှဉ်းပန်းမှုကို ကျန်ရစ်သူ ဇနီးနှင့်ဆွေမျိုးသားချင်းများက ကျေနပ်မှု မရှိသော်လည်း စစ်တပ်ကို ကြောက်ရွံ့သည့် အတွက် သက်ဆိုင်ရာသို့ တိုင်ကြား တရားစွဲဆိုခြင်း မလုပ်ဆောင်ရဲကြကြောင်း သိရသည်။
သို့သော် ဒေသခံ ရပ်မိရပ်ဘများက တာဝန်ရှိသူများ၊ အာဏာပိုင်များ၊ ဒေသခံ နိုင်ငံရေးပါတီများထံ တိုင်ကြား၍ တရားဥပဒေ နှင့် အညီ ဆောင်ရွက်ပေးနိုင်ရေး အတွက် စီစဉ်နေကြကြောင်း မြောက်ဦး မြို့ခံများ က ပြောသည်။
ဦးမောင်သာနုသည် ၎င်းတို့ ပါတီဝင် တဦးမဟုတ် ကြောင်း၊ ထိုအမှုနှင့် ပတ်သက်၍လည်း ၎င်းတို့ပါတီထံ လာရောက် တိုင်ကြား ခြင်းမရှိသေးကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ မြောက်ဦး မြို့နယ် ဥက္ကဋ္ဌ နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင် က ပြောသည်။
၎င်းက“သူက ပါတီဝင်မဟုတ်တော့ ကျနော်တို့က တိုင်ကြားတာ၊ တိုင်ကြားဖို့ တိုက်တွန်းတာတွေ မလုပ်သင့်ပါဘူး၊ ဒါပေမယ့် သာမန် ပြည်သူ တယောက်ကို နိုင့်ထက်စီးနင်း လုပ်တဲ့သူတွေကို တာဝန်ရှိသူတွေက ချက်ချင်း စစ်ဆေးဖော်ထုတ် အရေးယူ အပြစ်ပေးသင့်ပါတယ်”ဟု ဆိုသည်။
ဦးမောင်သာနုအား ခေါ်ယူစစ်ဆေးခဲ့သည့် ခမရ ၅၄၀ တပ်ရင်းသည် ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သည့်အကြမ်း ဖက်မှုများနောက်ပိုင်း ဒေသတွင်းလုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်ဖြစ်ကြောင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသား ကျေးရွာ များနှင့် ဘင်္ဂါလီ ကျေးရွာများအကြား စစ်သား ၅ ဦးခန့် သို့မဟုတ် ရဲတပ်ဖွဲ့ဝင် တချို့က လုံခြုံရေး တာဝန်များ ယူပေးထား ကြောင်း သိရသည်။
ခမရ ၅၄၀ မှ တပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့ ဇိနမာန်အောင် ဘုရားဝင်း တ၀ိုက်တွင် အခြေစိုက်၍ လုံခြုံရေး တာဝန်ယူ ထား ကြောင်း၊ ဦးမောင်သာနု ကို တပ်ကြပ်တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦး က ရိုက်နှက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးမောင်သာနု အား မြောက်ဦးမြို့၌ ယမန်နေ့က မြေမြှုပ် သင်္ဂြိုဟ်ခဲ့ပြီး ၎င်းတွင် အရွယ်မရောက်သေးသည့် သမီးငယ်နှင့် ဇနီး တို့ ကျန်ရစ်ကြောင်း ဒေသခံများ က ပြောပြသည်။
ရခိုင်ဒေသတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင် စသည့်မြို့နယ်များ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း မြောက်ဦးမြို့တွင် ပဋိပက္ခတချို့ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ရှိနေပြီ ဖြစ်ကြောင်း ဦးထွန်းလှိုင် က ပြောသည်။
ဦးမောင်သာနု သေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဦး ပြည်သူ့ဆေးရုံနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ ဧရာဝတီက ဆက်သွယ် ခဲ့သော်လည်း မရရှိပေ။

အလုပ်သမား ဆန္ဒပြမှုများနှင့် အလုပ်ထုတ်ခံရမှုများ ဆက်လက်ဖြစ်ပေါ်

ရန်ကုန် (မဇ္ဈိမ) ။        ။ အလုပ်သမားသမဂ္ဂများ တည်ထောင်၍ အလုပ်သမားများ၏ အခွင့်အရေးများကို တောင်းဆို လာခြင်းနှင့်အတူ ဦးဆောင် တောင်းဆိုသည့် အလုပ်သမားများ အလုပ်ထုတ်ခံကြရကြောင်း ရန်ကုန်မြို့ရှိ အလုပ်သမား များနှင့် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတို့က ဆိုသည်။

လတ်တလော ဖြစ်စဉ်တခုတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်တခုရှိ ‘အရုဏ်ဦး’ ပီနံအိတ် စက်ရုံမှ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ ဆက်တိုက်နီးပါး အလုပ်မှ ထုတ်ပယ်ခြင်း ခံရကြောင်း အဆိုပါ စက်ရုံ အလုပ်သမားများက ပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးရှေ့တွင် အလုပ်သမား အခွင့်အရေးများ တောင်းဆိုနေသည့် Hi-Mo စက်ရုံ ဝန်ထမ်း အမျိုးသမီးငယ်များကို မေလ ၉ ရက် ၂၀၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

ဇွန်လအတွင်းက စက်ရုံ သမဂ္ဂ ဥက္ကဋ္ဌကို ထုတ်လိုက်ပြီး အစားထိုး ခန့်အပ်ခဲ့သူကိုလည်း ဇူလိုင်လ နှောင်းပိုင်းတွင် အလုပ်မှ ထုတ်ပယ်လိုက်သည်ဟု စက်ရုံအလုပ်သမားများက ဆိုသည်။

“လစ်လပ်သွားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ နေရာမှာ အစားထိုးထားတဲ့ ကိုကျော်သူနဲ့ အလုပ်သမား နှစ်ယောက်ကို တရုတ်လူမျိုး အလုပ်ရှင်နဲ့ စကားပြန်က အခု ဇူလိုင် ၂၁ ရက်နေ့မှာ ထပ်ထုတ်လိုက်ပါတယ်” ဟု ယင်းစက်ရုံမှ သမဂ္ဂဥက္ကဋ္ဌ ဟောင်းတဦးဖြစ်ခဲ့ပြီး အခြားအလုပ်သမား ၁ဝ ဦးနှင့်အတူ အလုပ်ထုတ်ခံလိုက်ရသူ ဦးဇော်ညွန့် က ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလို အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို တယောက်ပြီး တယောက် အလုပ်ကနေ ထုတ်တာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းတာကို မကျေနပ်လို့ ထုတ်ပယ်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ထိုစက်ရုံတွင် အလုပ်သမား ၁၅ဝ ခန့် ရှိရာ အများစုမှာ မိန်းကလေးများဖြစ်ပြီး နယ်မှ လာရောက် လုပ်ကိုင်ကြကြောင်း
နှင့် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများအရ ဝန်ထမ်း တရာကျော်လျှင် ထမင်းစားခန်း၊ အိပ်ခန်းဆောင်များ ထားရှိပေး ရမည် ဖြစ်သော်လည်း ယင်းစက်ရုံတွင် ထားရှိပေးခြင်း မရှိကြောင်း ဇွန်လ ၂၂ ရက်နေ့က အလုပ်မှ ထွက်ခဲ့သူ ယင်းစက်ရုံမှ မန်နေဂျာဟောင်း  ဦးထွန်းငွေ ကလည်း ပြောသည်။

အလုပ်သမားများ ယင်းစက်ရုံ၌ အလုပ်ဆင်းရာတွင် မနက်ဆိုင်း (မနက် ရှစ်နာရီမှ ညနေလေးနာရီ)၊ ညလေးဆိုင်း (ညနေ လေးနာရီမှ ည ၁၂ နာရီ)၊ ညကြီးဆိုင်း (ည ၁၂ နာရီမှ မနက် ၈နာရီ) သုံးဆိုင်း ရှိပြီး ညလေးဆိုင်း အလုပ်ပြီး ချိန်နှင့် ညကြီးဆိုင်း အလုပ်ဆင်းရာမှာ အိမ်ပြန်ရန် အခက်အခဲရှိသဖြင့် အဆောင် စီစဉ်ပေးရန် တောင်းဆိုရာမှ ဇွန်လ ၂၆ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားများ အငြင်းပွားပြီး အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။

အလုပ်ထုတ်ခံရသူတဦးကို နှစ်လစာ နစ်နာကြေး ပေးခဲ့သော်လည်း “အလုပ်ထုတ်ခံရတဲ့အထဲမှာ ဒီစက်ရုံက အလုပ်သမား သမဂ္ဂအဖွဲ့က ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေနဲ့ အလုပ်အမှုဆောင် လေးယောက် ပါသွားတယ်။ အလုပ်အမှုဆောင်ထဲက မိန်းကလေး သုံးယောက်ပဲ ကျန်တယ်။ သူတို့ကတော့ အလုပ်မထွက်ဘဲ တင်းခံနေတယ်။ ကျနော်တို့လည်း အလုပ်ပြန်လိုချင်တယ်။ အခု အလုပ်မရှိဘဲ နေရတာ တလလောက် ရှိပြီ။ စားဝတ်နေရေးလည်း အဆင်မပြေဘူး” ဟု ဦးဇော်ညွန့် က ပြောသည်။

အခြေခံ အလုပ်သမား အဖွဲ့များ တရားဝင် ဖွဲ့စည်းခွင့် နည်းဥပဒေနှင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေ စသည့် အလုပ်သမားဥပဒေများ ယခုနှစ်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း အလုပ်သမားများအတွက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါစက်ရုံမှ သမဂ္ဂ ဥက္ကဋ္ဌဟောင်းတဦး ဖြစ်သူ ဦးသန့်ဇော်ဦး က ပြောသည်။

ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ စက်ရုံမှ တာဝန်ရှိသာများကို မဇ္စျိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်
ဖြေကြားခြင်း မရှိပေ။

အလားတူပင် လှိုင်သာယာစက်မှုဇုန်ရှိ အမျိုးသမီးလုပ်သား ၂,ဝဝဝ ခန့်ဖြင့် လည်ပတ်နေသည့် Hi Mo ဆံပင်တုစက်ရုံ တွင်လည်း  အလုပ်ရှင်သည် အလုပ်သမားများ၏ လိုအပ်ချက်နှင့် ပတ်သက်၍ ကတိပြုသည့်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်နေသဖြင့် ဇူလိုင်လ နှောင်းပိုင်းတွင် ဆန္ဒပြမှုများ ပြန်လည် ဖြစ်ပေါ်နေသည်။

“ကျမတို့ တောင်းဆိုတာတွေကို မရမချင်း ဆက်လက် တောင်းဆိုနေမှာပါ” ဟု အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ မသီတာထွန်း က မဇ္ဈိမကို ပြောဆိုသွားသည်။

By Mizzima

မြန်မာမူဆလင်များအတွက် တူရကီ အလုပ်သမားအဖွဲ့ချုပ် ငွေလှူ


မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ တူရကီနိုင်ငံ ပြည်သူ့ဝန်ထမ်း ကုန်သွယ်ရေးသမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံရှိ မူဆလင်များအား တူရကီ လီရာငွေ နှစ်သိန်း (အမေရိကန် ဒေါ်လာ တသိန်း တသောင်းကျော်) ပေးပို့ကူညီသွားမည်ဟု သိရှိရသည်။

အန်ကာရာမြို့တွင် နံနက် ဥပုသ်ထွက်စာ သုံးဆောင်နေစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌ Ahmet Gundogdu က သတင်းထောက်များအား “သမဂ္ဂ ၁၁ ခုနဲ့ အဖွဲ့ချုပ်အနေနှင့် မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်တွေကို လီရာငွေ နှစ်သိန်း ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ရိုဟင်ဂျာ မူဆလင်များမှာ ဗုဒ္ဓဘာသာ မြန်မာအစိုးရရဲ့ ဖိအားပေးမှုအောက်မှာ ရောက်နေရသည်ဟူ၍လည်း Gundogdu က ထည့်သွင်းပြောဆိုသွားကြောင်း Andolu Agency သတင်းတရပ်တွင် ဖော်ပြပါရှိသည်။


By Mizzima

ကမ္ဘာ့မူဆလင်အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ထံ စာပို့


နယူးဒေလီ (မဇ္ဈိမ)။   ။ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီပေးပါရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။

ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆိုထားခြင်းဖြစ်သည်။

OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
ဦးသိန်းစိန်ထံ ပေးပို့လိုက်သော Dr. Ihsanoglu ၏ စာတွင် မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် ဖိအားပေးနေမှုများ အဆုံးသတ်ရန်အတွက် ရေးသားထားကြောင်း OIC က ကြေညာချက်ထုတ်ပြန်ထားသည်။

“ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် မြန်မာနိုင်ငံအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟု ဦးသိန်းစိန်ထံ ရေးသားပေးပို့လိုက်ပြီး မစ္စတာ ဘန်ကီထွန်းထံသို့ ပေးပို့လိုက်သော စာတွင်လည်း “ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် ကုလသမဂ္ဂအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟူ၍ အလားတူ ပါရှိသည်။ ထို့ပြင် ကုလသမဂ္ဂအနေနှင့် မြန်မာအစိုးရအပေါ် ပိုမိုသြဇာညောင်းပါစေကြောင်းလည်း ရေးသားထားသည်ဟု ဆော်ဒီအာရေးဗျနိုင်ငံ Jaddah မြို့မှလာသည့် Anadolu Agency သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်မှုများအား လျှင်မြန်စွာ စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူများအား တရားရုံးတင်စစ်ဆေးမှုအတွက် ဆောင်ရွက်ပေးပါရန် ဦးသိန်းစိန်ကို OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu က တောင်းဆိုထားသည်။

၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် OIC အဖွဲ့သည် ကုလသမဂ္ဂတွင် အမြဲတမ်း ကိုယ်စားလှယ်တဦး ထားခွင့်ရရှိထားပြီး မူဆလင်ကမ္ဘာ၏ စုပေါင်းအသံ ဖြစ်စေရန်နှင့် မူဆလင်များ၏ အကျိုးစီးပွား ကာကွယ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မူလ အမည်ဖြစ်သည့် Organisation of the Islamic Conference ကို ၂၀၁၁ ခုနှစ်တွင်မှ Organisation of Islamic Cooperation သို့ ပြောင်းလဲလိုက်သည့် OIC တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် မလေးရှားတို့ ပါဝင်သလို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိဆက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။

By Mizzima

ရေနက်ဆိပ်ကမ်း သဘောတူညီချက် အသေးစိတ် ထားဝယ်ဒေသခံများ သိရှိလို


မဇ္ဈိမသတင်းဌာန ။        ။ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွါးရေးဇုန် အနီးရှိ ဒေသခံများက ယခုအပတ် အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီချက်များ၏ အသေးစိတ်ကို သိရှိလိုကြောင်းနှင့် ၎င်းတို့၏ လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားကြစေလိုကြောင်း ပြောသည်။

မြေယာသိမ်းမှုနှင့် ပတ်သတ်သည့် အငြင်းပွါးမှုများတွင် ဒေသခံများဘက်မှ ရပ်တည် ပြောဆိုပေးခဲ့ပြီး ထားဝယ်စီမံကိန်း ကို ထောက်ခံ ပံ့ပိုးနေသည့် အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ကိုဘိုဘိုအောင် ကနှစ်နိုင်ငံ အစိုးရများ အနေဖြင့် စွမ်းအင်နှင့် စက်မှုစီမံကိန်များနှင့် ပတ်သတ်၍ စီးပွါးရေး ပူးပေါင်း ဆောင်ရွက်ရေးကို ထပ်မံ အတည်ပြုကာ တနလာင်္နေ့က လက်မှတ် ရေးထိုးခဲ့ကြသည့် နားလည်မှု စာချွန်လွှာ သုံးခု၏ အသေးစိတ်များကို ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွါးရေးဇုန် အနီးရှိ ဒေသခံများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီချက်များ၏ အသေးစိတ်ကို သိရှိလို

“နှစ်နိုင်ငံ သဘောတူ ခန့်အပ်လိုက်တဲ့ ဝန်ကြီးအဆင့် လုပ်ငန်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ဖွဲ့စည်းပုံနဲ့ အထူးသဖြင့် ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ စီးပွါးရေးဇုန် တည်ထောင်ရေး အစီအစဉ်ရဲ့ တိုးတက်မှုတွေ အပါအဝင် စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို အဲဒီ့အဖွဲ့က ဘယ်လိုစီမံမယ် ဆိုတာတွေကို ကျနော်တို့ မသိပါဘူး” ဟု ကိုဘိုဘိုအောင်က ပြောဆိုကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ ဗုဒ္ဓဟူးနေ့ ထုတ် သတင်းဆောင်းပါး တပုဒ်တွင် ရေးသားထားသည်။

အတိတ်ကာလက အစိုးရနှင့် ကုမ္ပဏီ အရာရှိများ အနေဖြင့် ဒေသခံများနှင့် လုံလောက်စွာ ဆွေးနွေးမှု မရှိခဲ့သလို သက်ဆိုင်သည့် သတင်းအချက်အလက်များလည်း မျှဝေခြင်း မရှိခဲ့သဖြင့် စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည့်ဒေသခံများ အနေဖြင့် စိုးရိမ်ပူပန်ခဲ့ရကြောင်း ကိုဘိုဘိုအောင် က ဆိုသည်။

အမေရိကန် ဒေါ်လာ ၆ဝ ဘီလီယံခန့် ရှိသည့် စီမံကိန်းတွင် ပါဝင်ကြသော ကုမ္ပဏီများနှင့် နှစ်နိုင်ငံ အစိုးရများ အနေဖြင့် ဧရိယာ စတုရန်းမိုင်ပေါင်း ၂ဝဝ ကျော်ရှိသည့် စီမံကိန်း ဒေသအနီးတွင် နေထိုင်ကြသော ဒေသခံများ လက်တွေ့အခြေအနေကို ထည့်သွင်း စဉ်းစားရန် လိုကြောင်းလည်း သူက ဆိုသည်။

နှစ်နိုင်ငံ အစိုးရများ ထပ်မံ အတည်ပြုလိုက်သည့် ပူးပေါင်းဆောင်ရွက်ရေးသည် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်း များကို ဆွဲဆောင်နိုင်ဖွယ်ရှိကာ မကြာခင်တွင် စီမံကိန်းအတွက် ငွေကြေးအထောက်အပံ့များ ရရှိဖွယ်ရှိသည်ဟုလည်း ကိုဘိုဘိုအောင်က ပြောသည်။ စီမံကိန်း၏ ကန်ထရိုက်တာမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ ITD ဖြစ်သည်။

“လူတွေကတော့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်လာမှာမျိုးလို အပြုသဘော ဆောင်တဲ့ အကျိုးဆက်တွေ အကြောင်းပဲ ပြောနေကြပါတယ်။ ဒါပေမယ့် ဒီမှာရှိတဲ့ ဒေသခံတွေဟာ ရေနက်ဆိပ်ကမ်းတွေ စက်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်ခြင်းထက် စိုက်ပျိုးမွေးမြူရေးမှာ အလုပ်လုပ်တာကသာ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ပိုပြီး ကိုက်ညီတာပါ” ဟု ၎င်းက ဆိုသည်။

“ဒေသခံတွေ စီးပွါးရေးပတ်ဝန်းကျင် အနေအထားသစ်မှာ အလုပ်လုပ်နိုင်စွမ်း ရှိလာဖို့ စီမံကိန်းတွေ မစတင်မီမှာဒေသခံတွေကို ကျွမ်းကျင်မှု သင်တန်းတွေ အရင် ပေးသင့်ပါတယ်” ဟု ကိုဘိုဘိုအောင် က ဘန်ကောက်ပို့စ် သတင်းစာကို ပြောကြားသွားသည်။

By Mizzima

နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ သုံးစွဲနိုင်တော့မည်



အမေရိကန်နှင့် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ စတင် လျှော့ချပြီး  စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ချေ ရှိသည့် သတင်းများ ထွက်ပေါ်လာနေချိန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ လက်ခံသုံးစွဲခွင့် ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၁၃မှစတင်ပြီး ဗီဇာ၊ ဂျေစီဘီ၊ စီယူပီ ခရက်ဒစ်ကဒ်များ သုံးစွဲနိုင်မည် (ဓာတ်ပုံ – Reuters)
လာမည့် ၂၀၁၃မှ စတင်ကာ ပြည်တွင်းသို့ လာရောက် လည်ပတ်ကြမည့် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် နိုင်ငံ တကာတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည့် ဗီဇာကတ် Visa Credit Card ၊ ဂျပန်နိုင်ငံသုံး ဂျေစီဘီ ကတ် Japan Credit Bureau (JCB) Credit Card နှင့် တရုတ်နိုင်ငံသုံး စီယူပီ ကတ် China Union Pay (CUP) Credit Card သုံးမျိုးကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိကဘဏ် သတင်း ရပ်ကွက်များက ဆိုသည်။
အဆိုပါ နိုင်ငံတကာ ခရက်ဒစ်ကတ် စနစ်ကို  မြန်မာနိုင်ငံ ဗဟိုဘဏ်၏ MPU (Myanmar Payment Union) စနစ်လုပ်ခွင့် ရ အဖွဲ့ဝင် ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်က လုပ်ကိုင်ခွင့် ရသွားခြင်းဖြစ်ပြီး ယင်းဘဏ်များနှင့် ချိတ်ဆက် ထားသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် ငွေပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အထက်ပါ နိုင်ငံတကာ ခရက်ဒစ်ကတ်များသုံးစွဲခွင့်ကို လက်ခံပေးမည့် ဘဏ်များသည် ပြည်တွင်းရှိ စူပါ မားကတ်များ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များအစရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်း သဘော ချိတ်ဆက်မှုများကို လာမည့် လအနည်းငယ်အတွင်း စတင်ဆောင်ရွက်သွားတော့မည်ဟုလည်း သိရသည်။
ဗဟိုဘဏ်၏ ခွင့်ပြုချက်ရ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းဖွံ့ ဖြိုး မှုဘဏ်၊ CB ဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြဝတီ ဘဏ်တို့ ပါဝင်ကြောင်း သိရသည်။

မြန်မာအပြောင်းအလဲများကြောင့် ထိုင်းတွင်မြန်မာစကား သင်ယူရန်စိတ်ဝင်စားမှုပိုများလား

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲလာမှုများကြောင့် ရင်းနှီးမြှုပ်နှံခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ပေါ်ပေါက်လာသဖြင့် ထိုင်းနိုင်ငံတွင်း၌လည်း စီးပွားရေး လုပ်ကိုင်ရန်အတွက် မြန်မာဘာသာစကား သင်ယူရန် စိတ်ဝင်စားမှု ပိုများလာသည်ဟု သိရသည်။ ထိုင်းနိုင်ငံ ချုလာလောင်ကွန် တက္ကသိုလ်တွင် နှစ် ၂၀ ကျော်ကြာ သင်ကြားလျက်ရှိသော ဆရာမဒေါ်သန်းသန်းမြင့်က ယခင်က ဆိုပါက သူမ၏ မြန်မာဘာသာစကား သင်တန်း၌ ကျောင်းသားဦးရေ ပြည့်မီခြင်းမရှိလှဘဲ နည်းပါးခဲ့ကြောင်း ဆိုသည်။ သူမက “သိပ်မကြာခင်ကတော့ အတန်းသစ် ဖွင့်ပြီလားဆိုပြီး ကျွန်မကို လာစောင့်နေကြတဲ့သူတွေ တော်တော်တွေ့လာရပါတယ်။ ဒါပေမဲ့ သင်တန်းက လုပ်ဆောင်နေဆဲမို့ (အသစ်) မဖွင့်နိုင်ပါဘူး။ ဒီလအတွင်းတော့ ဖွင့်ရင်ဖွင့်ဖြစ်မှာပါ” ဟု ရှင်းပြသည်။ ဒေါ်သန်းသန်းမြင့်၏ မြန်မာဘာသာစကား သင်တန်းသည် စုစုပေါင်း စာသင်ချိန် နာရီ ၃၀ ကြာ သင်တန်းဖြစ်ပြီး ကလေးများနှင့် လူကြီးများအတွက် တန်းခွဲများ ခွဲခြားသင်ကြားပေးလျက်ရှိသည်။ မော်တော်ယာဉ် အစိတ်အပိုင်းနှင့် ယာဉ်ဟောင်းရောင်းချသူ မစ္စတာပရီချာလတ် ပရီချာပက်ဒီကလည်း “ထိုင်းဟာချမ်းသာတဲ့ မြန်မာတွေအတွက် လာလည်ဖို့ ပထမ ဦးစားပေးနေရာ ဖြစ်တယ်ဆိုတာ စီးပွားရေးသမား တစ်ဦးအနေနဲ့ ကျွန်တော်သိပါတယ်” ဟု ပြောသည်။ ယခုအခါ ချုလာလောင်ကွန် တက္ကသိုလ်တွင် သင်ကြားနေသော မြန်မာစကားသင်တန်း အောင်မြင်မှုကို အခြေခံ၍ ထိုင်းနိုင်ငံအနှံ့ သင်တန်းများဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


http://www.onekokoaung.co.cc/2012/07/blog-post_6211.html?spref=fb



ကလေးသူငယ်များအား ဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးမည့်အစီအစဉ်စတင်

ကလေးသူငယ်များ ဥပဒေရေးရာအရ ရင်ဆိုင်ရမည့် အခြေအနေများ ကြုံတွေ့လာလျှင် ဥပဒေဘောင်အတွင်းမှ ရပိုင်ခွင့် အခွင့်အရေးများကို ကူညီကာကွယ်ပေးမည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း ရတနာ့မေတ္တာ အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။ အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့နှင့် ရတနာ့မေတ္တာအဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံအနှံ့ ဆောင်ရွက်ရန် ရှိသော်လည်း ရန်ပုံငွေအခက်အခဲကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင်သာ စတင်ဆောင်ရွက်နေကြောင်း သိရသည်။ အစီအစဉ်အရ ကလေးသူငယ်များ တရားရုံးတွင် ရင်ဆိုင်ရမည့် အမှုအခင်းများရှိပါက လုပ်အားပေး ရှေ့နေများမှ အခမဲ့ ရှေ့နေလိုက်ပေးခြင်း၊ အမှုအတွက် ရုံးစရိတ်နှင့် စာရွက်စာတမ်း စရိတ်များ ကျခံပေးခြင်း သွားမည်ဟု ၄င်းကပြောသည်။ “ကလေးတွေရဲ့ အမှုအခင်းတွေမှာ သူတို့က တရားခံပဲဖြစ်ဖြစ်၊ တရားလိုပဲဖြစ်ဖြစ် သူတို့ဘက်က ရှေ့နေလိုက်ပေးသွားမှာပါ။ တရားခံဖြစ်နေခဲ့ရင် အပြစ်ကနေလွတ်အောင် အားပေးအားမြှောက် ဆွဲထုတ်မှာ မဟုတ်ပါဘူး။ ဥပဒေကြောင်းအရ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့ ကူညီပေးသွားမှာပါ” ဟု ၄င်းကပြောသည်။ အခမဲ့ရှေ့နေ လိုက်ပေးခြင်းအပြင် အမှုအခင်း ဖြစ်ပွားပြီးသူ ကလေးငယ်များအား ပညာရေးပံ့ပိုးမှုများပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပံ့ပိုးမှုများ သင်ကြားပေးခြင်း တို့အပြင် စိတ်အားမငယ်စေရန် စိတ်ဓါတ်မြှင့်တင်ခြင်းတို့ကိုပါ ပြုလုပ်သွားမည်ဟု သိရသည်။ အကူအညီများ ရယူလိုပါက ရတနာ့မေတ္တာအဖွဲ့ အမှတ် (၄၀၆)၊ အောက်ပုစွန်တောင်လမ်း၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၂၀၁၄၈၀ သို့ ဆက်သွယ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။


http://www.onekokoaung.co.cc/2012/07/blog-post_8996.html?spref=fb