Friday 27 July 2012

အာဇာနည်နေ့က ရွှေတိဂုံဘုရားမြောက်ဘက်မုခ်တွင် လာရောက်စွန့် ပစ်ထားသည်ဟု ယူဆရသော ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့


ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့က ရွှေတိဂုံစေတီတော် မြောက်ဘက်မုဒ်ရှိ ဆံတော်တွင်း တန်ဆောင်းတွင် လာရောက်စွန့်ပစ်ထားသည်ဟု ယူဆရသော ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ ဇူလိုင်လ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းကလေးငယ်မှာ ယောကျာ်းလေးဖြစ်ပြီး လုံခြုံရေးတာဝန်ကျသူများမှ ညနေ ၆ နာရီတွင် တွေ့ရှိခဲ့ကြောင်း ည ၉ နာရီအထိ လာရောက်ခေါ်ယူသူ မရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကလေးငယ်အား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရှိ ၀န်ထမ်းတစ်ဦး၏ နေအိမ်တွင် စောင့်ရှောက်ထားပြီး ကလေးငယ်အား ဒဂုံမြို့နယ် ရဲစခန်းမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
"အာဇာနည်နေ့က ဘုရားပေါ်မှာ လူများတဲ့နေ့လည်းဖြစ်တယ်၊ ကလေးလေးက တစ်ယောက်တည်း ဖြစ်နေပြီး ငိုနေတယ်၊ အခြား ဘယ်လူကြီးတစ်ယောက်ကမှလည်း သူ့အနားမှာ မရှိတဲ့အတွက် ဒီကလေးဟာ လာရောက်စွန့်ပစ်ခြင်း ခံရတယ်လို့ ယူဆခဲ့ပါတယ်။ ကလေးလေးဟာ အသက်တစ်နှစ်ခွဲလောက်ရှိပြီလို့ ခန့်မှန်းရပါတယ်။ အခုလောလောဆယ် ကလေးကို ဝန်ထမ်းတစ်ယောက်အိမ်မှာ စောင့်ရှောက်ထားတယ်၊ ကလေးကို ဒဂုံရဲစခန်း ကနေတစ်ဆင့် လူမှုဝန်ထမ်းကို ပို့ဆောင်ဖို့အတွက် ဆောင်ရွက်နေပါတယ်" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားခဲ့ပါသည်။
ရွှေတိဂုံစေတီတော်တွင် ယခုကဲ့သို့ ကလေးငယ်များ လာရောက်စွန့်ပစ်မှုများမှာ ဖြစ်လေ့ဖြစ်ထရှိကြောင်း၊ ပြီးခဲ့သည့်နှစ်ကလည်း အသက် ၂ နှစ်ခန့်အရွယ် ကလေးတစ်ဦး ရှိခဲ့ဖူးပြီး ကလေးတွေ့ရှိထားကြောင်း ကြေညာခဲ့သဖြင့် ရက်အနည်းငယ်အကြာတွင် အဖိုးဖြစ်သူက လာရောက်ခေါ်ယူသွားခဲ့ကြောင်း ယခုတွေ့ရှိသည့် ကလေးငယ်မှာ ယခုနှစ်အတွက် ပထမဦးဆုံးဖြစ်ကြောင်း သိရှိရသည်။
"ကလေးနဲ့သက်ဆိုင်သူတွေအနေနဲ့ ကလေးကို ပြန်ခေါ်ချင်ရင် ဒဂုံမြို့နယ်ရဲစခန်းကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်" ဟု ဦးဝင်းကြိုင်က ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment