Sunday 23 September 2012

အာဆီယံ ချန်ပီယံရှစ် ဒုတိယဆုရ မြန်မာအမျိုးသမီး အသင်းကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ကျပ်သိန်း(၁၅၀)ချီးမြှင့်မည်


စက်တင်ဘာလ ၂၃ ၊ ၂၀၁၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်ကျင်းပပြီးစီးခဲ့သည့် ၂၀၁၂
ခုနှစ်အာဆီယံချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအား ဆုကြေး ကျပ်သိန်း(၁၅၀)ပေးအပ်ချီးမြှင့် သွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်ဗီယက်နမ်
အသင်းအား သာမန်ပွဲကစားချိန်နှင့်အချိန်ပိုမိနစ်(၃၀)အထိ ဂိုးမရှိသရေဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားပြခဲ့သော်လည်း ပင်နယ်တီ အဆုံးအဖြတ်တွင် အိမ်ရှင်အသင်းကို (၄-၃)ဂိုးဖြင့် အရေးနိမ့်ကာ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ ရသည်။

" ကစားသမားတွေ မိနစ်(၁၂၀)ကျော်ကို အကောင်းဆုံးကစားပြခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကြောင့်သာ အရေးနိမ့်သွားရတာပါ။
ထိုင်းလို ထိပ်တန်းအသင်းမျိုးကို အနိုင်ကစားပြပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့
အပြင် ဗိုလ်လုပွဲမှာလည်း အိမ်ရှင်ဗီယက်နမ်ကို အကောင်းဆုံး ရင်ဆိုင် နိုင်ခဲ့ပါတယ်။ တစ်သင်းလုံးရဲ့ကြိုးစားအားထုတ်မှုကို ဂုဏ်ပြု ချီးကျူးပါတယ်။" ဟု ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အမျိုးသားနှင့်အမျိုးသမီးဘောလုံး
လောက နှစ်ခုစလုံးဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်သည်။

ထို့အပြင် လက်ရှိမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ၂၀၁၃ ဆီးဂိမ်းစ် တွင် ချန်ပီယံဖြစ်ရေးအတွက် ဆက်လက်လေ့ကျင့် ပြင်ဆင်ပေး သွားမည် ဖြစ်ကာ အမျိုးသမီးအသင်း ကစားသမားများ၏ မူလခံစားရရှိသည့် လစာ ငွေထက် ပိုမိုတိုးမြှင့်ပေးသည့် အနေဖြင့် ကစားသမားတစ်ဦးလျင် တစ်လ ကျပ် (၃)သိန်းမှ ကျပ်(၅) သိန်း အထိ တိုးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း လည်း ဦးဇော်ဇော်က ထပ်မံပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် စက်တင်ဘာ ၂၃ ရက်နေ့
ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

By MNL Myanmar

No comments:

Post a Comment