Sunday 23 September 2012

“ရန်ကုန်မြို့တော်ကြီးတွင် စည်းကမ်းချို့ယွင်းနေပြီလော”


ရန်ကုန်မြို့၊ မဟာဗန္ဓုလတံတားပေါ်၌ စက်တင်ဘာလ ၁၅ ရက် နေ့က လူသွားစင်္ကြံကို ကျော်လွန်ပြီး တံတားလက်တန်းဘောင်ကို တိုက်မိပြီးနောက် ခေါင်းပိုင်းကျွံထွက်ကာ တန်းလန်းဖြစ်နေသည့် (Canter) ကင်တာယာဉ်ကို တွေ့ရစဉ်။
အုပ်ခဲကျိုးများတင်ဆောင်လာသည့် အဆိုပါယာဉ်သည် မောင်းနှင်လာစဉ် အရှိန်လွန်ကာ တံတားလက်ရန်းကို တိုက်မိခဲ့ခြင်းဖြစ်ကာ ယာဉ်မောင်းအပါအ၀င် ကားပေါ်လိုက်ပါလာသူ ငါးဦးစလုံး ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ၏ လမ်းမကျယ် ကမ္ဘာအေးဘုရားလမ်းမကြီး တစ်လျှောက် မြောက်ဥက္ကလာမြို့နယ်ဘက်မှ တက်လာသည့် အငှားယာဉ် တစ်စီး အင်းလျားကန်ပေါင်ရှေ့၊ ဆီဒိုးနားဟိုတယ်နားအရောက်တွင် မောင်းလာသည့် အရှိန်ကို ကမန်းကတန်း လျှော့ချလိုက်ရသည်။

မှတ်တိုင်မှအထွက် နောက်ကားပါသည်ကို မြင်ပါလျက် ခေါင်းထိုးဝင်လာသည့် ၄၃ ခရီးသည်တင် ယာဉ်ကြီးကြောင့် ဖြစ်သည်။

အငှားယာဉ်သာ သူ၏ ကားအရှိန်ကိုသာ အမြန်လျှော့ချနိုင်ခြင်း မရှိပါက ထိုဘတ်စ်ကားကြီး၏ ကိုယ်ထည်ကို ၀င်တိုက်လိုက်မည်သာ ဖြစ်သည်။

ထိုမြင်ကွင်းမျိုးကို ရန်ကုန်မြို့ပြ၌ ယခုကာလအတွင်း ပိုမိုမြင်တွေ့လာ နေရသည်။

မြို့ပြနေထိုင်သူများအတွင်း စည်းကမ်းမဲ့သူ ဦးရေ များပြားလာနေပြီလား ဟု မေးခွန်းထုတ်ရလောက်အောင်ပင် မနက်ခင်း အပြင်ထွက်ချိန်မှ ညနေအိမ် ပြန်ချိန်အထိ စည်းကမ်းမဲ့လှသည့်သူများနှင့် နေ့စဉ် ကြုံတွေ့နေရတာကတော့ အမှန်ပင်ဖြစ်သည်။

ဘယ်နေရာတွေမှာ စည်းကမ်းမဲ့နေပါသနည်း။ အခြေခံကျသည့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာမှုမှအစ ပတ်ဝန်းကျင် ညစ်ညမ်းစေသည့် အမှိုက်စနစ်တကျမပစ်တတ်မှု အလယ်၊ လိုက်နာရမည့် လူ့ကျင့်ဝတ် ချိုးဖောက်မှုများ အဆုံး၊ ကဏ္ဍအသီးသီးတွင် စည်းကမ်းဖောက်မှုများ သိသာလာသည်ကို တွေ့ မြင်နေရသည်ဟု ရန်ကုန်မြို့ခံလူငယ်များက သုံးသပ်သည်။

အမည်သမုတ်ထားသော ရန်ကုန်မြို့ကြီးကတော့ စည်းကမ်းပျက်နေသည် မဟုတ်၊ ရန်ကုန်မြို့နေ ပြည်သူများကသာ စည်းကမ်းကို နည်းမျိုးစုံနှင့် ချိုးဖောက်နေကြခြင်းသာဖြစ်သည်ဟု ဆိုရပေမည်။

အထူးသဖြင့် အန္တရာယ်များလှသော ယာဉ်စည်းကမ်းချိုးဖောက်နေခြင်းကို သိသိသာသာ ကြုံတွေ့လာရသည်ကတော့ ယခုတစ်နှစ်တာ ကာလအတွင်း ဖြစ်သည်။

အစိုးရ၏ ခုနစ်ကြိမ်တိုင်တိုင် ပြောင်းလဲခဲ့သည့် ပြည်ပမှ မော်တော်ယာဉ် သစ်များ တင်သွင်းခွင့်များနှင့်အတူ ရန်ကုန်မြို့ပြ၏ လမ်းမကြီး အသွယ်သွယ်တွင် ယခင်က မမြင်တွေ့ခဲ့ရသည့် နောက်ဆုံးပေါ် ဒီဇိုင်းမျိုးစုံဖြင့် အိမ်သုံး၊ လုပ်ငန်းသုံး ကားမျိုးစုံ ပြေးလွှားလာကြခြင်း၏ အကျိုးဆက်သည် ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်း ကိုလည်း အားပေးလာသည်။

နေ့စဉ် အိမ်ပြင်ရောက်သည်နှင့် မိမိကစတင်မှားခြင်းသော် လည်းကောင်း၊ တစ်ပါးသူကမှား၍သော် လည်းကောင်း ယာဉ်မတော်တဆ ဖြစ်ပွားမှာကို ကြောက်နေရကြောင်း ခရီးသည်တင် ဘတ်စ်ကားများကို အမြဲတစေ အားကိုးနေရသည့် ၀န်ထမ်းများက ဆိုသည်။

“ခရီးသည်တင်ဘတ်စ်ကားကြီးတွေက သူတို့မှန်တယ်ထင်ရင် လမ်းမပေါ် အတင်းထိုးတက်တာ။ ကားပေါ်က စီးနေရတဲ့သူတွေဆို အမြဲဘုရားတပြီး သွားနေရတယ်” ဟု ပါရမီယာဉ်လိုင်းတစ်ခုကို မရမ်းကုန်းမြို့နယ်မှ နေ့စဉ် စီးနေရသူ ၀န်ထမ်းအမျိုးသမီးက ဆိုသည်။

အဆိုးဝါးဆုံးသော ခရီးသည်တင်ယာဉ်များ အပြိုင်မောင်းနှင်ခြင်းကို တွေ့ကြုံရသည်မှာ ညပိုင်း ရန်ကုန်မြို့တွင်းမှ ဒဂုံမြို့သစ် မြောက်ပိုင်းသို့ ပြေးဆွဲသည့် ဘီအမ်ယာဉ်များဖြစ်ကြောင်း နေ့စဉ် စီးနင်းနေသည့် ဗဟန်းမြို့နယ်နေ ခရီးသည်တစ်ဦးကလည်း ပြောသည်။

“ဒီ ဘီအမ်တွေ မောင်းတဲ့သူတွေကိုတော့ ပြင်းပြင်းထန်ထန်ကို အရေးယူတာတွေ လုပ်သင့်နေပြီ။ ညပိုင်း၊ အထူးသဖြင့် ည ၇ နာရီနောက်ပိုင်းဆိုရင် မောင်းတဲ့ ယာဉ်မောင်းတော်တော်များများက မူးနေပြီ။ ပြိုင်မောင်းတဲ့အပြင် လမ်းစည်းကမ်း လုံးဝမလိုက်နာဘူး။ အလယ်မျဉ်းတွေကို ကျော်မောင်းတယ်။ မီးစုံဖွင့်ပြီးကို တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင်မောင်းတာ။
တစ်နေ့မဟုတ် တစ်နေ့ ကားမှောက်တာတွေ မြင်မြင်နေရတယ်။ ဒီကားတွေကို အစိုးရက လဲပေးရင် လဲပေး၊ မဟုတ်ရင်တော့ ဒီလိုင်းတွေကို အားကိုးစီးနေရတဲ့ ပြည်သူတွေ ဘယ်နေ့ ဒုက္ခရောက်မလဲဆိုတာ ထိုင်ကြည့်နေသလိုဖြစ်မယ်” ဟု အဆိုပါ ဗဟန်းသားက ဆိုသည်။

စည်းကမ်းတကျ မောင်းနှင်ခြင်းဆိုသည်ထက် ယခုနှစ်ကာလများတွင် ခရီးသည်တင် ယာဉ်လိုင်းကြီးများမှ ယာဉ်မောင်းများ ကျင့်သုံးလာသည့်အချက်မှာ ‘မိမိမှန်သည်ထင်လျှင် မည်သူ့ကိုမျှ ဂရုမစိုက်’ ဟူသည့်မူ ဖြစ်ဟန်တူကြောင်း အငှားယာဉ်မောင်းများကလည်း ညည်းတွား ပြောဆိုကြသည်။

တင်သွင်းလာသည့် မော်တော်ယာဉ်များပြားလာသဖြင့်လည်း ရန်ကုန်မြို့ပြ၌ သိသိသာသာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာပြီး ယာဉ်အသေးများ အချင်းချင်း လမ်းပြောင်းပြန်မောင်းနှင်ကျော်တက်မှုများ၊ မီးပွိုင့်ဖြတ်မောင်းမှုများ၊ အရှိန်မြှင့်မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်း မြင့်တက်လာသည်ကိုလည်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ထုတ်ပြန်သည့် အချက်အလက်များအရသိရှိနိုင်သည်။

ရန်ကုန်တစ်မြို့လုံး၌ ယာဉ်မတော်တဆ ဖြစ်ပွားသည့်နှုန်းသည် ယမန်နှစ် ကနှင့်ယှဉ်လျှင်ပင် ပထမခြောက်လပတ် ၌ အမှုပေါင်း ၆၂၀ နီးပါး ဖြစ်ပွားပြီးဖြစ် ရာ ၂၀၁၁ ခုနှစ် တစ်နှစ်တာလုံး အမှုပေါင်း ၁,၁၆၉ နှင့်ယှဉ်လျှင် ပျမ်းမျှထက်ပင် မြင့်တက်နေပြီဖြစ်သည်။

ယာဉ်မတော်တဆမှုများကြောင့် အသက်ဆုံးသူနှုန်းမှာလည်း ယခုနှစ် ပထမခြောက်လတွင် လူ ၁၆၀ နီးပါး သေဆုံးခဲ့ပြီး ယမန်နှစ်က တစ်နှစ်တာလုံး တွင် လူ ၂၀၀ ခန့် သေဆုံးခဲ့ရာ ထိုနှုန်းသည်လည်း ပထမခြောက်လတွင်ပင် ယခင်နှစ်ကို မီလုမီခင် ဖြစ်နေသည်ကို တွေ့ရသည်။

မိုးကာလတွင် ပိုမိုပျက်စီးလာသော လမ်းများကြောင့် မော်တော်ယာဉ်များ အရှိန်မထိန်းနိုင်ဘဲ တိမ်းချော်မှုများလည်း ရှိနေပြီး ကားသစ်များ၏ စက်ပိုင်းဆိုင်ရာ ယိုယွင်းမှု မြင့်တက်လာအောင်လည်း အားပေးလျက်ရှိနေသည်။

တစ်ဖက်ကကြည့်လျှင်လည်း ယာဉ်မောင်းများ စည်းကမ်းပျက်လာသကဲ့သို့ လမ်းစည်းကမ်းလိုက်နာမှု မရှိသူများကိုလည်း ထိရောက်သည့် ပညာပေးမှုများ လိုအပ်လာသည်။

ထို့ပြင် ရန်ကုန်မြို့ပြ၏ လူနေထိုင်မှုနှုန်း တိုးပွားလာခြင်းသည်လည်း မြို့တော်၏ အလှအပကို ပျက်ပြားစေသည့် စည်းကမ်းမဲ့လွန်းလှသည့် အမှိုက်ပစ်မှုများကြောင့် မိုးရာသီကာလတိုင်း ရန်ကုန်၏ လမ်းမများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ သွားလာရေး အခက်အခဲဖြစ်ရသည်မှာလည်း ယခုတိုင်ဖြစ်သည်။

“ဒီမှာ လူမှုရေး ဗီဇတွေ ပျက်နေတာတော်တော်ကြာပြီ။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေးစနစ် ယိုယွင်းလို့ ဖြစ်ရတာ။ ၀န်ထမ်းတွေထဲ မှာ ခြစားမှုတွေဖြစ်တယ်။ အစိုးရ၀န်ဆောင်မှု လုပ်ငန်းတွေက ငွေရမှလုပ်တယ်။ တစ်ဖက်က လူမှုရေး ချွတ်ခြုံကျမှုတွေ ဖြစ်လာတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက ဆက်လက်ထောက်ပြပြောဆိုသည်မှာ နိုင်ငံတော် သမ္မတကြီး၏ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ပေါ်လာစေရန်အတွက် စီးပွားရေးကဏ္ဍကိုလည်း အထူးဂရုပြု မြှင့်တင်မှသာလျှင် အောက်ခြေ ၀န်ထမ်းမှအစ လာဘ်ပေးလာဘ်ယူမှုများလည်း ပပျောက်မည်ဖြစ်ကြောင်း ဆိုသည်။

“လူထုဘက်ကလည်း ပြင်ဖို့လိုအပ်ပါတယ်။ ပျက်နေတဲ့ လူ့ဘောင်မှာ အဆိုးမမြင်ဘဲ ဘာတွေပြုပြင်ကြမလဲဆိုတာကို အလေးထားဖို့လည်း လိုပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

စည်းကမ်းနှင့် ဒီမိုကရေစီနိုင်ငံ ဆက်စပ်နေသောကြောင့်လည်း စည်းကမ်း မရှိဘဲနှင့် အောင်မြင်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာဘလော့ဂါတစ်ဦးဖြစ်သူ ကိုကောင်းကင်ကိုကလည်း ပြောသည်။

“ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့သဘောကို ဆောင်တယ်ဆိုပေမယ့် တိုးတက်တဲ့ ဒီမိုကရေစီတိုင်းပြည်တွေမှာ နိုင်ငံကြီးသားပီသသူတွေဟာ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို မထိခိုက်အောင် စည်းကမ်းနဲ့ ထိန်းသိမ်းတတ်ကြပါတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်ပြောသည်မှာ စည်းကမ်းဆိုသည်မှာ အသေးအဖွဲလေးများကအစ လိုက်နာရန် ဂရုပြုတတ်ဖို့လိုကြောင်း၊ ၎င်းနေထိုင်သော မြို့တော်တွင်ပင် လူအများ၏ စည်းကမ်းရှိပုံမှာ အားကျဖွယ်ဖြစ်ကြောင်း ပြောသည်။

“ဒီမှာ ကားငှားတာကအစ၊ ဈေးဝယ်တာကအဆုံး၊ ဘယ်သူမှ ပြောစရာ မလိုဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် တန်းစီစရာရှိ တန်းစီ၊ စုပြုံတိုးဝှေ့တာမျိုးလည်း မရှိဘူး။ ရုပ်ပျက်ဆင်းပျက် ဖြစ်တာတွေ မရှိဘူး။ ပြီးတော့ ဘန်ကောက်မှာ အမှိုက်ပုံး ရှားပါတယ်။ ဒါပေမယ့် အများစုက အမှိုက်ကို ထင်သလို မပစ်ကြဘူး။ ရန်ကုန်က နောက်ဖေးလမ်းကြားတွေ ဆိုရင် သိသာတယ်” ဟု ဆိုသည်။

စည်းကမ်းမဲ့ခြင်းကြောင့် နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် အတိုင်းအတာ တစ်ခုအထိ အနှောင့်အယှက်ပေးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

News From: General Knowledge
Post By : အေးချမ်းမွန်

By Aye Chan Min

No comments:

Post a Comment