Thursday 2 August 2012

ပြည်ပရင်းနှီးမြှုပ်နှံမှုများက ပြည်တွင်းအိုင်စီတီလောကကို ပြန်လည်ရှင်သန်လာစေမည်ဟုဆို

၂၀၀၀ ပြည့်နှစ်မတိုင်မီအချိန် ကာလမှစတင်၍ လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြသော ပြည်တွင်းအိုင်စီတီလောကသည် စတင်ခဲ့ချိန် ၅ နှစ်တာကာလအတွင်း၌သာ ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့ခဲ့ရပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း ၁၀ နှစ်တာကာလအတိုင်းအတာ၌ ဖွံ့ဖြိုးတိုးတက်မှုများကို အားရဖွယ်ရာမြင်တွေ့ခဲ့ရခြင်းမရှိကြောင်း၊ လက်ရှိအချိန်ကာလ၌ ပြည်တွင်းအိုင်စီတီလောကသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာမှသာလျှင် ပြောင်းလဲမှုများနှင့် ပြန်လည်ကြုံတွေ့လာကြရမည်ဖြစ်ကြောင်း ပြည်တွင်းရှိအိုင်စီတီစီးပွားရေးလုပ်ငန်းရှင်တချို့ကပြော သည်။ ““အပြင်က၀င်လာရင်တော့ ပြောင်းလဲစရာတွေဖြစ်လာမှာပဲ။ အိုင်စီတီနယ်ပယ်ကိုပြန်ကြည့်ရင် သက်တမ်း ၁၅ နှစ်ကျော်လာပြီ ပထမ ၅ နှစ်တာလောက်ပဲတိုးတက်ခဲ့တာ။ နောက်ပိုင်း ၁၀ နှစ်လောက်ကဒီအတိုင်းချည်းပဲ။ ၂၀၀၃ နောက်ပိုင်းကတည်းကထိုးဆင်းလာခဲ့တာပဲ။ ပြည်ပက၀င်လာရင်တော့ ပြောင်းလဲလာလိမ့်မယ်””ဟု မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်း ရှင်အသင်းနာယက ဦးရဲမြတ်သူကဆိုသည်။ လက်ရှိအချိန်၌ ဂျပန်ဒိုင်ဝါအုပ်စုသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၌ ကန်ဒေါ်လာ သန်း ၃၈၀ ခန့်လာ ရောက်ရင်းနှီးမြှုပ်နှံသွားမည်ဟု Reuters သတင်းဌာနမှ သတင်းကိုကိုးကား၍ ပြည်တွင်းမီဒီယာများ၌ဖော်ပြထားသည်။ အဆိုပါအုပ်စုသည် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကို အခြေပြု၍ အစိုးရ ၀န်ကြီးဌာနများ၊ ကျောင်းများနှင့် ဆေးရုံများအတွက် Cloud Computing ကွန်ရက်ကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုသိရသည်။ ““ပြည်ပက စီးပွားရေးလုပ်မယ့် လူတွေလာတယ်ဆိုတာက သူတို့ကိုယ်တိုင်လာကြတာမဟုတ်ဘူး။ ကိုယ်စားလှယ်တွေလွှတ်ပြီးလေ့လာ ခိုင်းနေကြတဲ့သဘောမျိုးပဲ။ လာလေ့လာပြီးပြန်သွားကြတာများတယ်။ တကယ်လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ဆိုတာက နောက်ထပ်တစ်နှစ်ကျော်ကျော်လောက်ကြာလိမ့်ဦးမယ်ထင်တယ်။ ဒီနိုင်ငံမှာက ငွေကြေးလဲလှယ်မှုတန်ဖိုးညှိထားတာမျိုးမရှိသေးဘူး။ နောက်ပြီးဘဏ်လုပ်ငန်းကမဖွံ့ဖြိုးသေးဘူး။ နောက်ပြီးဥပဒေကအသင့်မဖြစ်သေးဘူး””ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှအလုပ်အမှုဆောင် ဦးရဲကျော်သိန်းကပြောသည်။ မြန်မာနိုင်ငံရှိ အိုင်စီတီလောက၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် လာရောက်လေ့လာနေကြသည့် ကုမ္ပဏီများသည် နိုင်ငံတကာ၌ အင်အားကြီးမားစွာရပ်တည်နေသည့် နည်းပညာကုမ္ပဏီများဖြစ်ကြသည်ဟု စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။ အမေရိကန်၊ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံများမှ နည်းပညာကုမ္ပဏီများသည် ၂၀၁၂ ခု နှစ်အတွင်း မြန်မာနိုင်ငံသို့အကြိမ် ကြိမ်လာရောက်လေ့လာခဲ့သည်ဟု လည်း ၎င်းင်းတို့ကဆိုသည်။ ““ထိုင်းကအိုင်တီစီးတီးဆိုရင်လည်း မန္တလေးကိုလာကြည့်သွားတာတောင်နှစ်ကြိမ်လောက်ရှိပြီ။ သူဆိုရင်လည်းအိုင်စီတီကုန်တိုက်မှာ အကြီးဆုံးလုပ်ငန်းတွေပဲ။ လာတာ ကတော့လာနေကြတာပဲ။ ကြည့်ပြီးပြန်သွားကြတာပဲ။ ရင်းနှီးမြှုပ်နှံမှုတွေလုံးလုံးလားလားဖွင့်လိုက်တယ်။ ဒီမှာကလည်းစိတ်ချရတယ်ဆိုရင်တော့ ကြီးကြီးမားမားတွေဝင်လာမှာပဲ။ မယုံတယုံမျိုးဆိုရင်တော့ပွဲစားလိုမျိုးစီးပွားရေးလုပ်ငန်းတွေပဲဝင်လာမှာပဲ။ ၀င်လာတာတော့ ၀င်လာမှာပဲ ဘယ်လိုမျိုးဝင်လာမလဲဆိုတာပဲကွာတယ်”” ဟု ဦးရဲမြတ်သူကပြောသည်။ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင် ရောက်လာခဲ့ပါက လူတန်းစားမျိုးစုံ အတွက်အလုပ်အကိုင်အခွင့်အလမ်း များပေါများလာမည်ဟု စီးပွားရေးလုပ်ငန်းရှင်များကသုံးသပ်ကြသည့်အပြင် ထိုက်တန်သောလုပ်အားခများကိုလည်းရရှိလာကြမည်ဟုဆိုကြသည်။ ထို့အပြင် လုပ်သားများအတွက်ဥပဒေ၊ အလုပ်ရှင်အတွက် ဥပဒေဟူ၍ ဥပဒေများခိုင်ခိုင်မာမာရှိရန်လိုအပ်သည်ဟုသိရပြီး ရင်းနှီး မြှုပ်နှံမှုပြုလုပ်လာသည့် စီးပွားရေးလုပ်ငန်းခွင်၌ နိုင်ငံသားတို့၏ ပါဝင်လုပ်ကိုင်နိုင်မှုအချိုးအစားများကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်ဟုသိရသည်။ ““နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရာမှာ လုပ်သားအချိုးအစားရှိရမယ်လို့ပြောချင်တယ်။ ဥပမာ စင်ကာပူဆိုရင် အခုနောက်ပိုင်း လုပ်ငန်းခွင်တစ်ခုမှာ နိုင်ငံသား ၄ ယောက်ပါဝင်မှ နိုင်ငံခြားသား ၁ ယောက်ကိုပဲလုပ်ခွင့်ပေးတယ်။ ပြည် ပရင်းနှီးမြှုပ်နှံမှုတွေလာတယ်။ နည်းပညာအရ လွှဲပြောင်းတတ်မြောက်ခြင်းတွေမရဘူး။ ၀င်ငွေအနေနဲ့မရဘူး။ အလုပ်တစ်ခုအနေနဲ့မရဘူးဆိုရင် နိုင်ငံအတွက်ဘာမှအကျိုးထူးမှာမဟုတ်ဘူး။ အရင်လိုမျိုးပဲရတာယူပြီးပြန်သွားကြမှာ””ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ပြောသည်။


By Internet Journal

No comments:

Post a Comment