စာရေးသူတို့ လူသားအများစုသည် ပတ်ဝန်းကျင်အပေါ် ချစ်ခင်ဂရုစိုက်မှု၊ စည်းနှင့်ကမ်းနှင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်မှုများ လျော့ပါးပျက်စီးလျက် ရှိနေပါသည်။ ထိုအခါ ပင်ကိုမူလကပင် ဖြစ်တည်ဖွဲ့စည်းကာ အပြန်အလှန် အကျိုးပြုလျက်ရှိသော ပတ်ဝန်းကျင်သည် တစ်စတစ်စနှင့် အများအပြား ယိုယွင်းလာနေပြီ ဖြစ်ပါသည်။ ပတ်ဝန်းကျင်ယိုယွင်းမှုသည် သဘာဝကြောင့်ထက် လူသားများကြောင့်သာ ပိုမိုဖြစ်ပေါ်နေပါသည်။ ထိုသို့ စည်းမဲ့ကမ်းမဲ့ နေထိုင်ပျက်စီးသော လူအရေအတွက် များလေလေ၊ ပတ်ဝန်းကျင်ယိုယွင်းမှုများ ကြီးမားလေလေဖြစ်ပါသည်။ နောက်ဆက်တွဲအားဖြင့် ပတ်ဝန်းကျင် ယိုယွင်းမှုများကြောင့် လူသားများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ၊ သဘာဝ၏ အဖိုးတန်လက်ဆောင်များ၊ စားနပ်ရိက္ခာများ ပျက်သုဉ်းဆုံးရှုံးနေကြရပါသည်။
ပတ်ဝန်းကျင်ထံမှ အခမဲ့ရရှိသော အရင်းအမြစ်များစွာကို လူသားသက်ရှိများက အလုအယက်၊ အပြိုင်အဆိုင် ရှာဖွေယူဆောင် သုံးစွဲလျက်ရှိပါသည်။ ဤသို့ဖြင့် လက်ရှိကမ္ဘာတွင် သန်းခုနစ်ထောင်ကျော်သော လူသားများအနက် အများစုမှာ လုံလောက်သော အာဟာရဓာတ်၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားအခြေခံလိုအပ်ချက် များစွာကို မရရှိကြဘဲ ရပ်တည်နေကြရပါသည်။
ကမ္ဘာ့နေရာ တော်တော်များများတွင် ဆင်းရဲမွဲတေ ငတ်ပြတ်နေချိန်၌ ကျန်လူသားအများစုမှာလည်း ပတ်ဝန်းကျင်ထံမှ အဆီအနှစ်များကို အထိန်းအကွပ်မရှိ၊ အလွန်အကျွံထုတ်ယူ အသုံးပြုလျက်ရှိကြပါသည်။ လူသားတစ်ဦးချင်းစီ၏ နေ့စဉ်စားသောက် နေထိုင်မှုများတွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းမှု သဘောတရားများအား လျစ်လျူရှုကာ မိမိတို့နှင့်မဆိုင်သလို စိတ်ထားလျက် လောလောဆယ် စားဝတ်နေရေး အဆင်ပြေလွယ်ကူ သက်သာမှုကိုသာ ဦးစားပေးလုံးပန်းနေကြပါသည်။ ပတ်ဝန်းကျင်အပေါ် လူသားများ၏ တန်ဖိုးထားမှု အားနည်းခြင်းကြောင့် သဘာဝဖောက်ပြန်မှုများ အပါအ၀င် ဘေးအန္တရာယ်မျိုးစုံတို့သည် တန်ပြန်သက်ရောက်မှုအဖြစ် လူသားများအား ခြိမ်းခြောက်လျက် ရှိနေပါသည်။
ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများ (သို့မဟုတ်) မြေကမ္ဘာကို ချစ်မြတ်နိုးသူများ (သို့မဟုတ်) လူသားအပါအ၀င် သက်ရှိ၊ သက်မဲ့အားလုံးကို ချစ်မြတ်နိုးသူများသည် အနာဂတ်အတွက် စိုးရိမ်စိတ်များဖြင့် အသေးအဖွဲကိစ္စများမှပင်စကာ ပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအား အချိန်ပေး အရေးတယူ ဆောင်ရွက်လျက်ရှိကြပါသည်။ အမှန်မှာ ထိုလုပ်ဆောင်မှုများတွင် လူသားအားလုံးက တက်တက်ကြွကြွပူးပေါင်း ပါဝင်လှုပ်ရှားရန် လိုအပ်ပါသည်။ ထိုသို့ အားလုံးသိရှိ ပါဝင်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်၊ နောက်ဆုံး ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော် အဆင့်အထိ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးပြုန်းတီးနေမှုများ၊ သက်ရှိများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေများကို အမြန်ဆုံးတင်ပြ ဆွေးနွေးအဖြေရှာကြရမည် ဖြစ်ပါသည်။
ဥပမာတစ်ခု တင်ပြချင်ပါသည်။ မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အနီးတွင်ရှိသော လက်ပန်းတောင်းတောင်ကြီးအား မိုင်းခွဲမြေဖြိုကာ ကြေးနီသတ္တုတူးဖော်နေသည့်ကိစ္စ ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ဒေသခံများ ပြောင်းကြရွှေ့ကြရသည့် ဒုက္ခ၊ စိုက်ပျိုးမြေများ လက်လွှတ်ဆုံးရှုံးကြရသည့်ဒုက္ခ၊ ဇီဝမျိုးစုံများ ပျက်စီးပျောက်ကွယ်ရသည့်ဒုက္ခ၊ ရေရှည်တွင် ထိုဒေသ၌ နေထိုင်သူများ၏ ကျန်းမာရေးအပေါ် သက်ရောက်ထိခိုက်မည့်ဒုက္ခ၊ သဘာဝပတ်ဝန်းကျင် ရေထု၊ မြေထု၊ လေထုများကို ပြောင်းလဲလွှမ်းမိုးစေမည့် ဒုက္ခများကို ဘာမျှမပြောသေး၊ မစဉ်းစားသေးဘဲ ဂေဟစနစ်အရ အပြန်အလှန်အမှီသဟဲ ပြုလျက်ရှိသော ချင်းတွင်းမြစ်ကမ်းရှိ အလွန်ပနံရလှပစွာတည်ရှိသော တောင်ကြီးတစ်တောင် ပျောက်ကွယ်သွားမှာကို စိုးရိမ်သည့် အချက်တစ်ချက်တည်းနှင့်ပင် မြစ်ဆုံစီမံကိန်းလို လုံးဝရပ်တန့်ပစ်ရန် လိုသည်ဟု ဘူမိပညာရှင်၊ ပထ၀ီပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများက ရင်ထဲမှစကားကို ဆိုကြပါသည်။ မုံရွာဒေသခံများကလည်း လဲလျောင်းအိပ်စက်နေသော ဧရာမဆင်ကြီးနှစ်ကောင်ဟု ညွှန်းဖွဲ့ထားသည့် ယင်းလက်ပန်းတောင်းတောင်ကြီးအား ဓားထစ်ရာမွှန်းနေပြီဟု ဆိုကြပါသည်။ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ၏ ရင်ထဲမှာဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ အမြန်ဆုံး အကျယ်တ၀င့် ဆွေးနွေးသင့်ပြီဟု ထင်မြင်သုံးသပ်နေကြပါသည်။
ကျောင်းပထ၀ီသင်ခန်းစာများတွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးတွင် စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပန်းတောင်းတောင်များရှိသည်ဟု ဆိုထားသော်လည်း ယခုအခါ တောင်ကြီးအချို့မှာ လုံးဝပျောက်ကွယ်လျက် ရှိနေပါပြီ။
ယေဘုယျအားဖြင့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းစေမည့် စီမံကိန်းများ ဆောင်ရွက်သည့် ဒေသရှိ ပြည်သူအများစုမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသဘောတရားများကိုလည်း ကောင်းစွာမသိကြပါ။ သူတို့ကြောင့် ပတ်ဝန်းကျင်အပေါ် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်စေသည်ဟုလည်း လက်မခံ၊ မယူဆထားကြပါ။ သို့ရာတွင် လုပ်ငန်းလာရောက် လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ ပညာရှင်များမှာမူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေမည်များကို ကြိုတင်တွက်ဆ သိရှိထားနိုင်သော်လည်း လျစ်လျူရှုကာ လတ်တလော အကျိုးအမြတ်ရရေးကိုသာ အာရုံစိုက်လျက် လောဘမသတ်ဖြစ်နေကြပါသည်။ စီမံကိန်းများတည်ရှိရာ အနီးတစ်ဝိုက်မှ ဒေသခံများအနေဖြင့် လောလောဆယ် သူတို့ရင်ဆိုင်ကြရမည့် ပြဿနာများမှ ကင်းဝေးအောင်၊ စီမံကိန်းများ ရပ်တန့်သွားအောင်၊ သူတို့ ခံစားကြရမည့် ဆိုးပြစ်များ လျော့နိုင်သမျှ လျော့ရလေအောင် မည်သူ့ကိုမျှ မတောင်းဆိုနိုင်၊ မည်သို့မှ မကြံစည်နိုင်၊ မြေရေသယံဇာတများကို ရနိုင်သမျှ လက်ဝါးကြီးအုပ်ထားနိုင်ရန်၊ ဒေသအတွက် ပြန်လည်ဖြည့်ဆည်းပံ့ပိုး စောင့်ရှောက်ရမည့်အတွက်ကိုမူ တတ်နိုင်သမျှ နည်းစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်ကြိုးပမ်းနိုင်ကြပါသည်။
နောက်ဆုံးရလဒ်အဖြစ် အလူးအလဲခံစားကြရမည်မှာ ဘာမျှလည်းမဆိုင်၊ ဘာအကျိုးအမြတ်မှလည်း မခံစားလိုက်ရသည့် ဒေသခံပြည်သူများသာ ဖြစ်ပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးမည့်သူများ နည်းနိုင်သမျှနည်းအောင်၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို လျှော့ချကာကွယ်နိုင်အောင်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ တိုးပွားလာအောင် လုပ်ဆောင်လိုစိတ် ပြင်းပြနေသူများမှာ ဒေသခံပြည်သူများသာ ဖြစ်လာပါလိမ့်မည်။
သို့ရာတွင် ထိုသူများမှာ ဘယ်ကစ၍ ဘယ်လိုလုပ်ရမှန်း မသိဘဲလည်း ဖြစ်နေကြပါသည်။ ထို့ကြောင့် သူတို့မှာ မိရိုးဖလာအစဉ်အလာအတိုင်း သူတို့အလွယ်တကူ လုပ်လည်းလုပ်တတ်၊ လုပ်လည်းလုပ်နိုင်သည့် အလုပ်ဖြစ်သော တောတောင်စောင့်နတ်တွေကိုပဲ တိုင်တည်ရတော့မှာလိုလိုသာ ဖြစ်လို့နေပါတော့သည်။
By 7Day News Journal
No comments:
Post a Comment