Wednesday 18 July 2012

ခြေစွမ်းထက် ကစားသမား များနှင့် ယူ-၂၂ အသင်း ပေါင်းစပ်ကာ ဆူဇူကီးဖလား ပြိုင်ပွဲဝင်မည်


အောက်တိုဘာ ၄ရက်နေ့တွင် စတင် ယှဉ်ပြိုင်ရမည့် ၂၀၁၂ ဆူဇူကီး ဖလား ခြေစစ်ပွဲ ပြိုင်ပွဲဝင်မည့် မြန်မာ့ လက်ရွေးစင် အသင်းကြီးအား အာရှ ခြေစစ်ပွဲ အောင်မြင်ထားသည့် ယူ-၂၂ အသင်းနှင့် ခြေစွမ်းထက် ကစားသမား အချို့ ထပ်ပေါင်းထည့်ကာ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဦးဇော်ဇော်က လက်ရှိ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်း အချို့တွင် အသက် မကြီးသေးဘဲ ခြေစွမ်းထက်သည့် ကစားသမား အချို့ ရှိပါကြောင်း၊ ၎င်း ကစားသမား များနှင့် ယူ-၂၂ အသင်း ပေါင်းစပ်ခြင်းဖြင့် လက်ရွေးစင် အသင်း ပိုမိုတောင့်တင်း လာမည်ဟု ယုံကြည်ပါကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ "လက်ရွေးစင် အသင်းကြီးမှာ ရန်အောင်ကျော်၊ ပိုင်စိုး၊ သီဟစည်သူ စတဲ့ ငယ်ရွယ်သေးပြီး ခြေစွမ်း ထက်မြက်တဲ့ ကစားသမားတွေကို ယူ-၂၂ အသင်းနဲ့ ထပ်ပေါင်းလိုက်မယ် ဆိုရင် အင်အားအတော်လေး တောင့်တင်း သွားမှာပါ" ဟု ၎င်းက ဆိုခဲ့သည်။

ဆက်လက်၍လည်း ၎င်းအနေဖြင့် မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် ဆူဇူကီး ဖလား ပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်ရုံမျှ မကဘဲ အနိမ့်ဆုံး ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ရန် ရည်မှန်း ထားကြောင်းလည်း ဖွင့်ဟသွားခဲ့သည်။ "ကျွန်တော်တို့ အနေနဲ့တော့ ဆူဇူကီးဖလား ပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်ရုံတင်မျှ မကဘဲ အိမ်ကွင်း အဝေးကွင်း ကစားခွင့်ရမယ့် ဆီမီးဖိုင်နယ် လောက်အထိ အနိမ့်ဆုံး တက်လှမ်းနိုင်ဖို့ ရည်မှန်း ထားပါတယ်" ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

ဆူဇူကီးဖလား ခြေစစ်ပွဲ ပွဲစဉ်များအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ကာ အောက်တိုဘာ ၄ရက်နေ့မှ ၁၃ရက်နေ့ အထိ ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်းများ အဖြစ် မြန်မာအသင်း အပါအ၀င် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအို၊ အရှေ့တီမော စုစုပေါင်း ၅သင်း ပါဝင်မည်ဖြစ်ကာ အုပ်စုပတ်လည် ကစားရမည် ဖြစ်သည်။ ခြေစစ်ပွဲအုပ်စု ပထမရရှိသည့်အသင်းသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကမည့် အုပ်စု (က) ပွဲစဉ်များသို့ ပါဝင်ခွင့် ရမည်ဖြစ်ကာ ခြေစစ်ပွဲအုပ်စု ဒုတိယ ရရှိသည့် အသင်းမှာမူ မလေးရှားက အိမ်ရှင်လုပ်မည့် အုပ်စု (ခ) သို့ ပါဝင်ရမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် နောက်ဆုံး ဖိုင်နယ်အဆင့် ပွဲများကိုမူ အိမ်ကွင်း/ အဝေးကွင်း စနစ်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
By Soccermyanmar

No comments:

Post a Comment