Wednesday 18 July 2012

 ပြည်သူ့ဆန္ဒများအား မေးမြန်းရခြင်းဖြစ်၍ ၀န်ကြီးဌာနများမှ တိတိကျကျဖြေကြားပေးရန်နှင့် အလေးထား ဆောင်ရွက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ လိုလား


ပြည်သူ့ဆန္ဒများအား မေးမြန်းရခြင်းဖြစ်၍ ၀န်ကြီးဌာနများအနေဖြင့် တိတိကျကျဖြေကြားပေးရန်နှင့် အလေးထား ဆောင်ရွက်ပေးရန် လိုလားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
''ကျွန်တော့်အနေနဲ့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနကို မေးခွန်းတွေ မေးမြန်းရာမှာ ချက်ချင်းဆောင်ရွက်ပေးတာကို တွေ့ရပါတယ်။ အဲဒီလိုလုပ်ဆောင်ပေးတာကို တခြားဝန်ကြီးဌာနတွေလည်း သင်ခန်းစာယူသင့်ပါတယ်။ တချို့ဝန်ကြီးဌာနတွေဆိုရင် မေးခွန်းကို ပြန်လည်ဖြေကြား ရာမှာတော့ လောလောဆယ် အစီအစဉ်မရှိသေးကြောင်း၊ ခွဲဝေရရှိမယ့် ဘဏ္ဍာငွေပေါ်မူတည်ပြီး ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးမယ်ဆိုတာတွေပဲ ကြားနေရတော့ အားမလို အားမရ ဖြစ်မိပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေတင်ပြတာကို စီမံချက်ထဲထည့်ပြီး ဘယ်အချိန်မှာ အပြီးဆောင်ရွက်ပေးမယ်ဆိုတဲ့ အဖြေမျိုးရရင် အများကြီး အကျိုးကျေးဇူးရှိတာပေါ့။ နိုင်ငံတော်ကိုလည်း ပြည်သူတွေက အားကိုးလာမှာပါ။ အစိုးရရဲ့ မူဝါဒ ဆန့်ကျင်မှုမရှိဘူးဆိုရင် ကိုယ်စားလှယ်တွေတင်ပြတာကို ဦးစားပေး လုပ်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေရဲ့ဆန္ဒဖြစ်လို့ပါပဲ။ သက်ဆိုင်ရာက အမြန်ဆောင်ရွက်ပေးမှ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို ယုံကြည်လာမယ်။ အစိုးရကိုလည်း ယုံကြည်အားကိုးလာမယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက''လက်ရှိမှာတော့ ရထားပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ နယ်စပ်စည်ပင်ဝန်ကြီးဌာနတွေကတော့ မေးခွန်းတွေကို ဖြေဆိုရာမှာ တိကျမှုရှိသလို ချက်ချင်း အကောင်အထည်ဖော် လုပ်ဆောင်တာကို တွေ့ ရပါတယ်။ ဆောက်လုပ်ရေး၊ သတ္တုတွင်းစတဲ့ဝန်ကြီးဌာနတွေကတော့ တိကျတဲ့အဖြေကို မရောက်တဲ့အပြင် အကောင်အထည်ဖော်ရာမှာလည်း အားနည်းနေတာ တွေ့ရပါတယ်''ဟု သုံးသပ်ပြောဆိုခဲ့သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း''လွှတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေဆိုရာမှာ အဖြေတွေထက် လက်တွေ့လုပ်ဆောင်ချက်က အဓိကပိုကျပါတယ်။ မေးခွန်းတွေကို အစိုးရအဖွဲ့ဆီကရတာနဲ့ ဆောင်ရွက်ပေးတဲ့ ရထားပို့ဆောင် ရေးဝန်ကြီးဌာနကို နမူနာယူသင့်ပါတယ်''ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

No comments:

Post a Comment