Wednesday 18 July 2012

အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးသခင်မြ မိသားစုဝင်များနှင့် တွေ့ဆုံခြင်း

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့မတိုင်မီ ယနေ့ဇူလိုင် ၁၈ရက်နေ့တွင်အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျန်ရစ်သူမိသားစုဝင်အချို့ နှင့် ပေါ်ပြူလာနယူးစ်အဖွဲ့သားများတွေ့ဆုံမေးမြန်းခဲ့ပြီး မိသားစုဝင်များ၏ အမှတ်တရခံစားမှုများနှင့် အာဇာနည်နေ့အတွက် ပြင်ဆင်နေမှုများကို ဖေါ်ပြလိုက်ပါသည်။

အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဘဏ္ဌာရေးနှင့်အခွန်တော်ဌာန၀န်ကြီးသခင်မြ (၁၈၉၇- ၁၉၄၇)၏ နေအိမ်တွင် ကျန်ရစ်သူမိသားစုဝင်များဖြစ်သောကိတ္တိမသားဖြစ်သူ ဦးရဲမြင့်အောင် နှင့် မိသားစုများအားတွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ အချိန်ကာလအားဖြင့်တော့ ၆၅ နှစ်ရှိခဲ့ပါပြီ။ အခု ကျန်ရစ်တဲ့မိသားစုတွေအနေနဲ့ ဒီနေ့ရောက်တိုင်းဖြစ်ရတဲ့ ခံစားမှုကို သိချင်ပါတယ်။
UYMA။ ။ ဒီနေ့ရောက်တိုင်းမိသားစုဝင် တွေအနေနဲ့ ၀မ်းနည်းစိတ်နဲ့မမေ့နိုင်သေးပါဘူး။ နှစ်တိုင်းအိမ်မှာ ဆွမ်းကျွေးပါတယ်။အာဇာနည်ကုန်းမှာ လုပ်လုပ်မလုပ်လုပ် ဒါတော့ နှစ်တိုင်းလုပ်ဖြစ်ပါတယ်။ ဖိတ်စာတွေဘာတွေနဲ့လည်းမဖိတ်ပါဘူး။ဒါပေမယ့်သိတဲ့သူတွေက ဒီလိုနေ့မှာ လာကြပါတယ်။ကျွန်တော်တို့ကတော့ ကန့်သတ်မထားပါဘူး။ အယုတ်အလတ်အမြတ်မရွေးလှူပါတယ်။လာချင်တဲ့သူလာပါပဲ။ သခင်မြအိမ်လို့သိကြတဲ့သူတွေဆိုလည်း အလှူလာကြတယ်။

မေး။ ။ အရင်တုန်းက အာဇာနည်နေ့ဆို အထိမ်းအမှတ်အနေနဲ့ ကားတွေ၊ သဘောင်္တွေ၊ ရထားတွေကဥသြဆွဲပြီးရောက်တဲ့နေရာမှာ ရပ်အလေးပြုရတယ်။အခုဒီအလေ့အထလည်း ပျောက်ကွယ်သွားတာကြာပြီဆိုတော့ ဒါကိုဘယ်လိုမြင်ပါသလဲ။
UMYA။ ။ ပြန်ဖြစ်စေချင်တယ်။ နိုင်ငံတော်က လုပ်ပေးတာမလုပ်ပေးတာ သူ့အပိုင်းပဲ။ အခုခေတ်ကလေးတွေက အာဇာနည်နေ့ဆိုတာကို မသိကြတော့ဘူး။ အဆိုတော်အာဇာနည်မွေးနေ့လား ဆိုပြီးဖြစ်နေကြတာ တော်တော် ၀မ်းနည်းဖို့ကောင်းပါတယ်။

။မေး။ ။ အာဇာနည်နေ့တွေမှာ အရင်က အမှတ်တရကြုံခဲ့ရတာမျိုးရောရှီပါသလား။
UMYA။ ။ ဗိုလ်ချုပ်ကြီးနေ၀င်းခေတ်အထိပေါ့။ ဗိမာန်ကို ဂါရ၀ပြုသွားတဲ့အခါ အဲဒီမှာ အာဇာနည်ကြီးတွေရဲ့ အထုပ္ပတ္တိစာအုပ်တွေပေးတယ်။ပြီးတော့ ဗိုလ်ချုပ်ကြီးနေ၀င်း က မိသားစုတစ်ဦးချင်းစီကို လက်ဆွဲနှုတ်ဆတ်တယ်။ ဒီလို အလေးထားပြီး ဂရုစိုက်ပေးတော့ ၀မ်းသာရပါတယ်။အခုတော့ မင်္ဂလာဗျူဟာမှာပဲ နေရတယ်။တစ်နှစ်မှာတစ်ခါပဲ အာဇာနည်မိသားစုတွေချင်း တွေ့ကြ၊ နှုတ်ဆတ်စကားပြောကြပေါ့။ အကြီးအကဲတွေပန်းခွေချပြီးမှသာ ကျွန်တော်တို့ဝင်ရတယ်။ ဒါတောင် ကားတစ်စီးချင်း မိသားစုတစ်စုချင်းစီပဲဝင်ရတာပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အဲဒီမှာ ဆုံဖူပါသလား။
UYMA။ ။ အာဇာနည်ဗိမာန်မှာ ဒေါ်စုနဲ့တစ်ခါမှ မဆုံဖူးဘူး။ တီဗီမှာ ပြန်ကြည့်မှသာ ဒေါ်စုတက်ရောက်သွားတာကို သိရတာပါ။ အပြင်က မင်္ဂလာဆောင်တို့ ဘာတို့မှာပဲ တစ်ခါတစ်ရံတွေ့ရတော့မှ သခင်မြမိသားစုကပါဆိုပြီး သွားနှုတ်ဆတ်ရတယ်။

မေး။ ။ ဂါရ၀ပြုကန်တော့တဲ့အခါ ခံစားမှုနဲ့ ဘာကိုတိုင်တည်ဆုတောင်းမိပါသလဲ။
UYMA။ ။ မိသားစုဆိုတော့ ၀မ်းနည်းရတယ်။ အသစ်လိုမျိုး ဖြစ်တယ်။ ဆုတောင်းမယ်ဆိုရင် ကောင်းရာဘုံဘ၀ကိုရောက်ပါစေလို့ဆုတောင်းဖြစ်တယ်။ ဘ၀ဆက်တိုင်းဒီလိုအဖြစ်မျိုးမကြုံရပါစေနဲ့ပေါ့။ အဲဒီနေ့မှာ မိုးရွာရွာနေပူပူ သွားဖြစ်တယ်။ ဗုဒ္ဓဘာသာဆိုတော့ရှိခိုးတယ်။

မေး။ ။ အမှတ်တရပြောချင်တာဘာများရှိပါသလဲ။
UYMA။ ။ ဒီလိုနေ့မျိုးကို ကျင်းပပေးတာ အများကြီးဝမ်းသာပါတယ်။ ၆၅ နှစ်မှာ ဒီထက်ပိုပြီး လုပ်ပေးရင်ကောင်းမယ်။ ဒီထက်ပိုလုပ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်တော့ရှီတယ်။ သားသမီးတွေကိုလည်း ခေါင်းထဲရိုက်သွင်းထားတယ်။ အာဇာနည်နေ့မှာ ဘယ်သူဝတ်ဝတ်မ၀တ်ဝတ်အကျီင်္အဖြူ လုံခြည်အမည်း ၀တ်ခိုင်းတယ်။ မိသားစုအတွက် အရမ်းဝမ်းနည်းရတဲ့နေ့ပါပဲ။

No comments:

Post a Comment