Wednesday 18 July 2012

နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ပတ်သက်မှုကြောင့် လိုင်စင်အသိမ်းခံရသော ရှေ့နေများမှ အချို့လိုင်စင်ပြန်ရ


နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကြောင့် ရုပ်သိမ်းခံထားရသော ရှေ့နေလိုင်စင်များထဲမှ အချို့ကို ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင
်း လိုင်စင်ပြန်ရရှိသည့် ရှေ့နေတစ်ဦးက ပြောသည်။

သို့ရာတွင် လိုင်စင်ပြန်ရရှိသည့် ရှေ့နေအရေအတွက်မှာ အလွန်နည်းပါးနေသောကြောင့် စိတ်မကောင်းစရာဖြစ်သည်ဟု ၎င်းကပြောသည်။

“ကျွန်တော့်ကို ဇူလိုင် ၂ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ အစည်းအဝေးဆုံးဖြတ်ချက်အရ တရားလွှတ်တော်ရှေ့နေအဖြစ် ပြန်လည်ဆောင်ရွက်ခွင့် ပြုတယ်လို့ အကြောင်းကြားတယ်”ဟု နှစ် ၂၀ နီးပါး ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသူ ဦးရောဘတ်စန်းအောင်က ပြောသည်။

လိုင်စင်ပြန်ရသူမှာ ယခုအချိန်ထိ သုံးဦးခန့်သာ ရှိသေးကြောင်း သိရပြီး အတိအကျကိုမူ မသိရှိရသေးကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ရှေ့နေလိုင်စင်များ ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍ NLD ပါတီမှ ဦးဉာဏ်ဝင်းက “၀မ်းသာပါတယ်။ အမှန်တကယ် ပြန်ပေးသင့်တာပါ။ တချို့ဆို ဆယ်စုနှစ်တစ်ခုလောက် ရုပ်သိမ်းခံထားရတာ”ဟု သုံးသပ်ပြောကြားသည်။

လိုင်စင်ရုပ်သိမ်းခံရသူများထဲမှ အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက အဆိုပါသတင်းကြောင့် ၎င်းအနေဖြင့် လိုင်စင်ပြန်လျှောက်ထားတော့မည် ဖြစ်ကြောင်း 7Day News သို့
ပြောသည်။

“ပြီးခဲ့တဲ့ ၁၁ ရက်နေ့က သွားတင်တယ်။ လုပ်ထုံးနဲ့အညီ ဆောင်ရွက်ရင် ပြန်ပေးမယ်လို့ ပြောတယ်။ မနှစ်ကလည်း တစ်ခေါက်သွားတင်ပြီးပြီ”ဟု ၁၉၉၉ ခုနှစ်က လိုင်စင်ရုပ်သိမ်းခြင်းခံခဲ့ရသူ လပွတ္တာမှ ဦးကြည်ဝင်းက ဇူလိုင် ၁၅ ရက်တွင် 7Day News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်စွဲဖြင့် ASIAN LEGAL RESOURCE CENTRE မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့သောစာအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါဝင်ပတ်သက်မှုဖြင့် လိုင်စင်ရုပ်သိမ်းခြင်း ခံရသူပေါင်း ၃၂ ဦးရှိကြောင်း သိရပြီး တရားလွှတ်တော်ရှေ့နေ ၂၅ ဦးနှင့် အထက်တန်းရှေ့နေ ခုနစ်ဦးရှိသည်ဟု ဖော်ပြထားကြောင်း သိရသည်။



By 7Day News Journal

No comments:

Post a Comment