Wednesday 18 July 2012

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ ၀င်ခွင့်အမှတ်တိုးမြှင့် ကျောင်းသားလက်ခံမှုလျှော့



နည်းပညာတက္ကသိုလ်၊ ကောလိပ်များ၊ ရေကြောင်းပညာတက္ကသိုလ်၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့၏ ကျောင်းဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို တိုးမြှင့်သတ်မှတ်လိုက်ပြီး ကျောင်းသားလက်ခံမှုကိုလည်း လျှော့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ယခင်နှစ်က နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပံ္ပများတွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၂၀ နှင့်အထက် ရရှိထားသူများကို ကျောင်းလျှောက်ခွင့် ပြုခဲ့သော်လည်း ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၆၀နှင့်အထက် ရရှိထားသူများသာ ကျောင်းလျှောက်ခွင့် ရရှိမည်ဖြစ်သည်။

ထို့ပြင် နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပံ္ပများ၌ ပညာသင်ယူရန် ယခင်နှစ်က ကျောင်းသားစုစုပေါင်း ၂၉,၂၅၀ ဦး လက်ခံခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသားစုစုပေါင်း ၁၆,၀၀၀ ဦးအထိသာ လက်ခံမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှ သိရသည်။

ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ်(ရတနာပုံ)သည် ကျောင်းဝင်ခွင့်အတွက် ယခင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၅၀ နှင့်အထက် ရရှိခဲ့သော ကျောင်းသား ၁,၀၀၀ ဦး
လက်ခံခဲ့သော်လည်း ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စုစုပေါင်းရမှတ် ၄၂၀ နှင့်အထက်ရရှိသော ကျောင်းသား ၅၀၀ ဦးကိုသာ လက်ခံတော့မည်ဖြစ်သည်။

“ကျောင်းသားတွေ လျှော့ခေါ်တယ်ဆိုတာက အရည်အသွေးပိုင်းမှာ မြှင့်တင်ဖို့ပါ။ နောက်တစ်ချက်က ပညာသင်နှစ်တွေကို တိုးမြှင့်လိုက်တဲ့အတွက် ကျောင်းစာသင်ခန်းတွေ လုံလောက်မှုရှိဖို့ လျှော့ခေါ်ရတာပါ”ဟု ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ်တစ်ဦးက ပြောသည်။

ရေကြောင်းပညာ တက္ကသိုလ်သည် ယခင်နှစ် ကျောင်းဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၄၀၀ နှင့်အထက် ရရှိရန် သတ်မှတ်ထားပြီး ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရရှိထားရန် တိုးမြှင့်သတ်မှတ်လိုက်သည်။ သန်လျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ပညာသင်ယူရန် ယခင်နှစ်က ကျောင်းသားစုစုပေါင်း ၄၅၀ ဦး ခေါ်ယူခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသားစုစုပေါင်း ၃၂၀ ဦးသာ လျှော့ချခေါ်ယူရန် ကြေညာထားသည်။

မိတ္ထီလာမြို့ရှိ အမျိုးသားများသာ လက်ခံသော မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သည် ယခင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၇၀ နှင့်အထက် ရရှိရန် သတ်မှတ်ထားသော်လည်း ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၄၂၀ နှင့် အထက်ရှိရန် ပြောင်းလဲသတ်မှတ်လိုက်သည်။

ယခုနှစ် ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာမြို့တို့ရှိ စီးပွားရေးတက္ကသိုလ်များ၌ ကျောင်းဝင်ခွင့် ရရှိရန် ဘောဂဗေဒဘာသာတွဲဖြင့် အောင်မြင်ထားသူများသည် ဘောဂဗေဒဘာသာရပ် ရမှတ် ၆၀နှင့်အထက်၊ သချာင်္ဘာသာရပ်နှင့် အင်္ဂလိပ်စာဘာသာရပ် ရမှတ် ၅၀ နှင့်အထက် စုစုပေါင်းရမှတ် ၃၅၀ နှင့်အထက် ရရှိရမည်ဖြစ်သည်။ ဘောဂဗေဒဘာသာရပ် မပါသော ဘာသာတွဲဖြင့် အောင်မြင်ထားသူများသည် သင်္ချာဘာသာရပ်နှင့် အင်္ဂလိပ်စာဘာသာရပ် ရမှတ် ၅၀ နှင့်အထက် ရရှိပြီး စုစုပေါင်းရမှတ် ၃၅၀ နှင့်အထက် ရရှိရမည်ဖြစ်သည်။

ယခင်နှစ်က စီးပွားရေးတက္ကသိုလ်များ၌ ကျောင်းဝင်ခွင့်ရရှိရန် ဘောဂဗေဒဘာသာတွဲဖြင့် အောင်မြင်သူများသည် ဘောဂဗေဒဘာသာရပ် ရမှတ် ၆၀ နှင့်အထက် ရရှိပြီး စုစုပေါင်းရမှတ် ၃၀၀ နှင့်အထက် ရရှိရန်နှင့် ဘောဂဗေဒဘာသာရပ် မပါသော ဘာသာတွဲဖြင့် အောင်မြင်ထားသူများသည် စုစုပေါင်းရမှတ် ၃၂၀ နှင့် အထက်ရရှိရန် သတ်မှတ်ခဲ့သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်သည် ယခင်နှစ်က ကျောင်းသား ၄,၀၀၀ ဦး လက်ခံခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသား ၂,၀၀၀ ဦး၊ မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့သည် ယခင်နှစ်က ကျောင်းသား ၁,၂၀၀ ဦးစီ လက်ခံခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသား ၈၀၀ ဦးစီသာ လက်ခံတော့မည်ဖြစ်သည်။

“ပညာရေးမှာ စစ်မှန်တဲ့ ပညာတတ်တွေ ထွက်လာဖို့ လုပ်ဆောင်တာဖြစ်လို့ ကောင်းပါတယ်။ မနှစ်က အမှတ်မီရဲ့သားနဲ့ ဒီနှစ်ကျောင်းဝင်ခွင့် မရတဲ့သူတွေတော့ တော်တော်စိတ်မကောင်း ဖြစ်နေကြမှာပေါ့”ဟု အငြိမ်းစားတက္ကသိုလ်ပါမောက္ခတစ်ဦးက ဆိုသည်။

ရန်ကုန်၊ မန္တလေးနှင့် မကွေးမြို့တို့ရှိ ဆေးတက္ကသိုလ်လေးခုသည် ယခင်နှစ်က အမျိုးသမီး ၄၀ ရာခိုင်နှုန်းဖြင့် ကျောင်းသားစုစုပေါင်း၂,၄၀၀ ဦး လက်ခံခဲ့သော်လည်း ယခုနှစ်တွင် အမျိုးသမီး ၅၀ ရာခိုင်နှုန်းဖြင့် ကျောင်းသားစုစုပေါင်း ၁,၂၀၀ ဦးသာ လက်ခံတော့မည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် နှိုင်းယှဉ်ချက်များအရ သိရသည်။


By 7Day News Journal

No comments:

Post a Comment