Wednesday 18 July 2012

နိုင်ငံပိုင် စီးပွားရေးကဏ္ဍအား ပုဂ္ဂလိကပိုင်ကဏ္ဍအဖြစ် အောင်မြင်စွာပြောင်းလဲရန် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ အကြံပြုချက်များ အစီရင်ခံစာတွင် ထောက်ပြဆွေးနွေး

နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများကိစ္စကို အမျိုးသားစီမံကိန်း၌ ထည့်သွင်းပြီး နိုင်ငံပိုင်စီးပွားရေးကဏ္ဍအား ပုဂ္ဂလိကပိုင်ကဏ္ဍအဖြစ် အောင်မြင်စွာ ပြောင်းလဲရန် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များ အစီရင်ခံစာတွင် ထောက်ပြဆွေးနွေးထားကြောင်း သိရသည်။

အဆိုပါအစီရင်ခံစာတွင် နိုင်ငံတော် စီးပွားရေးအဖွဲ့အစည်းများကို အမျိုးသားစီမံကိန်း၌ ထည့်သွင်းပြီး ရည်မှန်းချက်ရှိရှိ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သင့်ကြောင်း၊ စီးပွားရေး အဖွဲ့အစည်းတစ်ခု၊ နှစ်ခုကို စမ်းသပ်ပြုပြင်ပြောင်းလဲပြီး ရလဒ်အပေါ်အခြေခံ၍ ပြုပြင်ဖြည့်စွက်တိုးချဲ့လုပ် ကိုင်သင့်ကြောင်းနှင့် ဦးတည်ချက်မှာ နိုင်ငံပိုင်စီးပွားရေးကဏ္ဍကို ပုဂ္ဂလိကပိုင်ကဏ္ဍအဖြစ် အောင်မြင်စွာ ပြောင်းလဲရန်ဖြစ်ကြောင်း တင်ပြဆွေးနွေးထားကြောင်း သိရသည်။
နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများမှာ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ချုပ်ကိုင်မှုအောက်၌ သာမန်ဝန်ထမ်း အဖွဲ့အစည်းများအဖြစ်သာရှိနေပြီး စီးပွားရေးဆန်ဆန် အောင်မြင်ရန် ခဲယဉ်းလာသည့်အတွက် အတိတ်မှ နိုင်ငံတော်ပိုင်ဆိုင်မှုကို ဗဟိုပြု၍ ဖွဲ့စည်းခဲ့မှုများအား အမြန်ဆုံးဖြေလျော့ပြီး အများပိုင်ကုမ္ပဏီများ၊ အစုစပ်လုပ်ငန်းများ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း အကြံပြုထားသည်။
ဈေးကွက်စီးပွားရေးစနစ် ရှင်သန်အားကောင်းလာသည်နှင့်အမျှ အထူးအခွင့်အရေးများဖြင့် ပံ့ပိုးထားသော နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ရှင်သန်ရန် ခက်ခဲလာနေပြီဖြစ်ကြောင်း၊ ၎င်းတို့၏ ဖွဲ့စည်းထားမှုပုံစံနှင့် လုပ်ကိုင်ပုံနည်းစနစ်များကို ပြောင်းလဲနိုင် မှသာ အကျိုးအမြတ်ရှိသော အဖွဲ့အစည်းများ ဖြစ်လာနိုင်ပြီး ဘတ်ဂျက်စီမံခန့်ခွဲမှုအရ အတိုင်းအတာတစ်ရပ်ထိ လွတ်လပ်ခွင့်ပေးရုံသာမက အများပိုင် အစုစပ်စသည့်ပုံစံမျိုးဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို ဦးတည်သင့်ကြောင်း အကြံပြုထားသည်။
လုပ်ငန်းလုပ်ပိုင်ခွင့်အရ လည်း ကောင်း၊ ဖွဲ့စည်းမှုပုံစံအရလည်း ကောင်း ဘဏ္ဍာငွေကြေးအရလည်း ကောင်း၊ လွတ်လပ်ခွင့်ပေး၍လက် တွေ့ကျကျစီးပွားရေးဆန်ဆန်လုပ် ကိုင်စေသင့်ကြောင်း၊ နိုင်ငံတော်ပိုင်အဖြစ်မှ အပြီးရုန်းမထွက်နိုင်သေးပါက ၀န်ကြီးဌာန၏ စွက်ဖက်မှုတတ် နိုင်သမျှ ကင်းရှင်းသည့် စီးပွားရေး အဖွဲ့အစည်းများဖြစ်ရန် ပြုပြင်သင့်ကြောင်း အကြံပြုဆွေးနွေးထားကြောင်း သိရသည်။
စက်မှုလက်မှုကဏ္ဍကို လေ့လာ ကြည့်ပါက နိုင်ငံတော်၏အလုပ်လုပ် နိုင်သော လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ အလုပ်အကိုင်ပေးနိုင်ပြီး ထုတ်လုပ်မှုမှာလည်း အမျိုးသား ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းခန့် သာရှိကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment