Tuesday 18 September 2012

အဘိုးပြောခဲ့တဲ့ မြန်မာ့ မီးရထား အကြောင်း တစေ့တစောင်း

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ နေရာတိုင်း၊ ဒေသတိုင်း လိုလိုကို ဖြန့်ကြက် လေ့လာ ကြည့်လိုက်မယ် ဆိုရင် ကား လမ်းတွေနဲ့ ရထားလမ်းတွေ နှစ်မျိုးစလုံး အသုံးပြု သွားလာ နေရတာပါ။
သို့ပေသော် ငြားလည်း မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမှ မြစ်ကြီးနား အထိ ကုန်စည် ပို့ဆောင်ရေး၊ ခရီး သွားလာနိုင်ရေးမှာ မြန်မာ့ မီးရထားကိုသာ အားကိုးပြီး သွားလာ သယ်ယူ ပို့ဆောင် နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ အတွင်း ပြေးဆွဲပေးနေတဲ့ မီးရထား ဆိုတာက ၁၈၇၇ ခုနှစ်ကစလို့ သက်တမ်းအားဖြင့် ကြည့်မယ်ဆိုရင် အသက် ၁၀၀ ပြည့်မြောက် ခဲ့ပြီးပေါ့။ ယခုဆို ဒီရထားကြီးရဲ့ အသက်ဟာ ၁၃၅ နှစ်ပင် ရှိခဲ့ပြီလေ။ သြော် အဘိုးတို့၊ အဖေတို့ တမ်းတမ်းတတ လွမ်းဆွတ်ပြီး ပြောဆို နေတတ်တဲ့ အသံကို ကျွန်တော် ပြန်ကြားယောင် နေမိ တော့တာပေါ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်က ဆိုရင် ရထားတွေ သိပ်ပြီး အချိန်မှန် တာပဲ။ ရထားဝင်ချိန်နဲ့ နာရီများ တိုက်ထားရင် စံတော်ချိန် ပေးစရာ မလိုဘူးတဲ့လေ။ အဲဒီရထားတွဲကြီးတွေကို ဆွဲထား တဲ့ စက်ခေါင်းက မည်းမည်းကြီး၊ ကျောက်မီးသွေး လောင်စာ စက်ခေါင်းကြီးပေါ့။ ပျက်လို့ ပြင်ရတယ်ဆိုတာလည်း မကြားရ သလောက်ပေါ့။ လူစီးတဲ့ ရထားတွဲတွေ ဘက်ကို ကြည့်မယ် ဆိုရင်လည်း တွဲပေါ် တက်လိုက်တာနဲ့ သန့်ရှင်း ဝင်းပြောင် နေတာပဲတဲ့။ Class လို့ခေါ်တဲ့ အထက်တန်းတွဲများ ဆိုရင် ရေမီးအစုံနဲ့ ရေချိုးခန်း၊ အိမ်သာခန်းတောင် ပါသေးတယ်။ ရေချိုးခန်းဆိုရင် တစ်ကိုယ်လုံးပေါ် မှန်ကြီးတစ်ချပ်တောင် တပ်ပေးထားလိုက်သေးတယ်။ အတက်၊ အဆင်း အပေါက် ဘေးမှာလည်း တစ်နိုင်ငံလုံးရဲ့ ရထား လမ်းပြပေးတဲ့ မြန်မာနိုင်ငံ မြေပုံ တစ်ခုကို ချိတ်ဆွဲ ပြသ ထားပေးလိုက် သေးတယ်။ သြော် အခုတော့ ပုံပြင်တစ်ပုဒ် ထိုင်နားထောင် နေရသလိုများ ဖြစ်နေမလား မသိ။

ကျွန်တော့် အဘိုးက ဆက်ပြောသေးတယ်။ ဒါနဲ့ မပြီးသေးဘူး ငါ့မြေးရဲ့။ ရထားလမ်း ခင်းထားတာ ကြည့်မယ်ဆိုရင်လည်း ကျောက်ခဲ တွေ တန်းပုံထားတဲ့ အပေါ် ရထားလမ်း ခင်းထားသလိုပဲတဲ့။ ရထား များသွားပြီး ညနေပိုင်း ရထားရှင်းချိန် ရထားလမ်းပေါ် တက်ပြီး လမ်းလျှောက်မယ် ဆိုရင်လည်း ကျောက်ပုံကလေးပေါ် တက်ရသလို၊ သံလမ်း နှစ်ခုကြား လျှောက်ရတယ်။ သံလမ်းအောက်မှာ ခံထားတဲ့ (Sleeper) ဇလီဖားတုံး လေးတွေ ပေါ်ကို ခြေနင်းပြီး လျှောက်ရတာ ခင်းထား တာကလည်း ခြေတစ်လှမ်းစာနဲ့ အတော်ပဲတဲ့။ ခြေလှမ်းကို မှန်နေတာပဲ တဲ့လေ။ အဲဒီ ဇလီဖားတုံးတွေကို မလှုပ်အောင် ညှပ်ထားတဲ့ ကျောက်ခဲ လေးတွေကလည်း ဇလီဖားတုံးတွေရဲ့ မျက်နှာပြင်နဲ့ အညီပဲ တဲ့။

ဇလီဖားတုံး တွေရဲ့အောက်မှာလည်း ကျောက်သားထု အနည်းဆုံး ၈ လက်မကနေ ၁၄ လက်မ ထူတဲ့ အခင်းအကျင်းက ကြည့်လို့ သိပ်ပြီး လှပတာပဲတဲ့။ သြော် အခုခေတ် လူငယ်တွေကို မြင်စေချင် မိသေး တယ်တဲ့လေ။ အဘိုးက ဆက်ပြော ပါသေးတယ်။ ငါ့မြေးရယ် ခရီး သွားဖို့ ရထားစီး သွားတယ် ဆိုရင်လည်း အလွန်ကို သက်သက်သာသာနဲ့ လိုရာ ခရီးကို အချိန်မှန်မှန် ရောက်တယ်နော်။ ခုန်လည်း မခုန်ဘူး၊ အထက်လင့်စင်ပေါ် တင်ထားတဲ့ အိတ်တွေ ပြုတ်ကျအောင် မယမ်းမခါ ဘဲ ငြိမ်နေတာပဲ။ သိပ်ပြီး အဆင်ပြေ တာပဲတဲ့။ နေ့ဘက်များ ရထားစီး ရရင် လမ်းရဲ့ဘေးနှစ်ဖက်ဆီက သဘာဝ တောတောင် လယ်ယာမြေ ရှုခင်းတွေဆိုရင် စိမ်းစိုပြီး အလွန်ကို သာယာ လှပ နေတာပဲတဲ့။ မြစ်ကြီး နားဘက်များ သွားမယ်ဆိုရင် ရွှေဘိုကျော်ကတည်းက သစ်တော၊ ဝါးတောကြီးတွေထဲ ရထားက တအိအိ ပြေးနေတော့ တာပဲတဲ့။ ရထားလမ်း တစ်လျှောက်မှာ သတိထား ကြည့်ရင် လမ်းတစ်လျှောက်လုံး နှစ်မိုင်ခန့် ရောက်တိုင်း ရောက်တိုင်း လက်ယာဘက်မှာ ရထားလမ်း အန္တရာယ်ကင်းရှင်း ကောင်းမွန်ကြောင်း အလံအစိမ်းလေး ပြသ နေသူ တစ်ဦးနဲ့ လုပ်သား ၁၀ ဦးခန့်ကို အမြဲ တွေ့ရတယ်။ မီးရထားစီးတဲ့ ခရီးသည် တချို့များ ဆိုရင် ရထားပေါ်က မုန့်နဲ့ စားစရာ တချို့ကိုတောင် လှမ်းချပေးကြတယ်လေ။ ယခုအချိန် အခါသမယမှာဖြင့် အတော်ပင် တွေ့ရမြင်ရခဲ လှပါတယ်။ သြော် အဘိုး အဘိုး၊ အဘိုး ပြောသမျှ နားထောင်ရတာ သိပ်ကိုကြည်နူးစရာ ကောင်းလှပါလား။

အဘိုးက မမော မပန်းနိုင် ဆက်ပြောနေပါတယ်။ နောက်တစ်ခု ရှိသေးတယ် ငါ့မြေးရေ၊ ရထားလမ်းခင်းရင် သုံးတာက အဓိက သံလမ်း၊ ကျောက်ခဲ၊ ဇလီဖားတွေပေါ့။ ကျောက်ခဲနဲ့ ဇလီဖားက နိုင်ငံခြားက မမှာရ ပါဘူးကွယ်။ အဲဒီတော့ လိုအပ်တဲ့ ဒီပစ္စည်းတွေကို ပေါပေါ များများ လိုအပ်သလို အသုံးပြုနိုင် တာပေါ့။ ဒီနေရာမှာ ပြောစရာ ရှိသေးတယ်။ သစ်သားဇလီဖား ဆိုရင် နှစ်မျိုး နှစ်စား ရှိတယ်။ အသားမာနဲ့ အသားပွပေါ့ကွယ်။ အသားမာဆိုတာက သစ်ရာ၊ အင်ကြင်း၊ ပျဉ်းနဲ့ ပိတောက်တွေဖြစ်ပြီး တခြားသစ် အမျိုးအစားတွေ က အသားပွတွေပေါ့။ အသားမာ တွေကတော့ ရေရှည်မှာ ကြံ့ကြံ့ခိုင် ခံနိုင်ရည် ရှိပြီး တခြားအသား တွေကတော့ ရာသီဥတုဒဏ်ကို အသား မာတွေလောက် ခံနိုင်ရည် မရှိဘူးပေါ့။ အဲဒီ တခြားအသား အသားပွတွေ မဖြစ်မနေ သုံးရမယ် ဆိုရင် ရေရှည် ခံနိုင်ရည် ရှိဖို့အတွက် ဒီဇလီဖားတွေ ကိုပေါင်းရတယ်။ ပေါင်းတယ် ဆိုတာကတော့ သစ်သားဇလီဖားတုံး တွေကို ပေါင်းတဲ့ စက်ရုံတွေက ပေါင်းအိုးကြီးတွေထဲ ထည့်ပြီး လုံခြုံ အောင် ပိတ်ထားရတယ်။ ပြီးတော့ သစ်သားတွေကို ဆွေးစေတဲ့ သစ်ဆီတွေကို ကုန်အောင် ဖိအားပေးပြီး ထုတ်ပစ်ရတယ်။ ပြီးတော့ ဇလီဖား ပေါင်းတဲ့ဆီကို ထည့်ပြီး သစ်သားရဲ့အတွင်းထဲ နေရာအနှံ့ ဝင်အောင် ဖိအားပြန်ပေးပြီး ပေါင်းရတယ်။ နိုင်ငံခြားက ဝယ်စရာ မလို တဲ့ ကျောက်ခဲ ဆိုရင်လည်း အဆင့်မီအောင် သုံးလို့ရတယ်။

ဥပမာ ပြောရရင် ဇလီဖားတုံးတွေရဲ့ အောက်မှာ ကျောက်သားထုက အနည်း ဆုံး ၈ လက်မကနေ ၁၄ လက်မအထိ ရှိရမယ်။ ဇလီဖားတုံးရဲ့ဘေးနဲ့ ထိပ်တွေကို ဒီကျောက်တွေနဲ့ပဲ ညှပ်ထားရမယ်။ ထိပ်နှစ်ထိပ်ကို အသေ အချာကြည့်မယ်ဆိုရင် ကျောက်ခဲက ဇလီဖားတုံးရဲ့ မျက်နှာပြင်ထက် မြင့်နေရမယ်။ အဲဒီလိုနေမှသာ မီးရထားလမ်းကောင်းတစ်လမ်းလို့ ဆိုလို့ရမှာပေါ့ကွယ်။

သြော် သက်ကြီးစကား သက်ငယ်ကြား ဆိုရိုး ရှိတဲ့အတိုင်း အဘိုးပြောတာတွေ ကြားရတော့ ဗဟုသုတတွေ ရရှိ တိုးပွားရသလို ယခုခေတ် ပြေးဆွဲနေတဲ့ မီးရထားလမ်းတွေကို ပြေးပြီး တွေးမိ မြင်မိရပါ တော့တယ်။ အဘိုးတို့ ခေတ်က ကျောက်မီးသွေး လောင်စာကို အသုံးပြုနေတဲ့ မီးသွေးစက်ခေါင်း မည်းမည်းကြီးတွေ အစား ဒီဇယ်နဲ့ ပြေးဆွဲနေတဲ့ အဆင့်မြင့်စက်ခေါင်းကြီးတွေ အသွင်ကို ပြောင်းလဲသွားပါပြီ။ တစ်ဆက်တည်း တွေးမိတာက လူစီး ရထားတွဲ တွေပေါ့။ ဒီဘက်ခေတ် ခရီးသွား ပြည်သူတွေ စီးနင်း လိုက်ပါနေကြတဲ့ လူစီးတွဲတွေမှာ ရိုးရိုးတွဲ တွေဆိုရင် တချို့ အတွဲတွေမှာဆို မိုးမလုံပါ။ တစ်ခါများ ကြားလိုက်ရပါသေးတယ်။ ကန့်ဘလူမှာပေါ့။ လူစီးရထားတွဲမှာ ပါ တဲ့ ရေတိုင်ကီ ပြုတ်ကျလို့ အမျိုးသမီး ခရီးသည် တစ်ဦး ဒဏ်ရာ အနည်းငယ်ရပြီး ဆေးရုံတက်ရသတဲ့လေ။ ၂၀၁၁ ခုနှစ်တုန်း ကပေါ့။ နှစ်တွေကြာလာလို့ ပိုပြီး တိုးတက်လာမယ်လို့တော့ မျှော်လင့်မိတာ အမှန်ပါ။ ထိုင်ခုံရလို့ ဝမ်းသာအားရ ထိုင်စီးရပြီ ဆိုရင်လည်း ကြမ်းပိုး က အလွန်ကိုက်ဆိုပဲ။ ကြားရတာ မယုံလို့ ကိုယ်တိုင်စီးကြည့် မိပါတယ်၊ မှန်ပါ့ဗျာ။ အပေါ့အပါး သွားချင်လို့ အိမ်သာထပြီး သွားလိုက်ရင်လည်း အနံ့အသက်က အသက်ရှူတောင် ရပ်မတတ်။ တစ်ခါတစ်ရံများ ဆိုရင် လူတွေ ကျပ်သိပ်လွန်းလို့ ရထားစီး ခရီးသွား ရတာ အတော်ပင်ပန်း ခက်ခဲလွန်းတာ အမှန်ပါ။ ‘Upper Class’ဆိုတဲ့ အထက်တန်းတွဲမှာ တချို့ ထိုင်ခုံတွေ ဆိုရင် လက်တင်တွေ စုတ်ပြဲပြီး ကူရှင်တွေ ပေါက်ပြဲနေတယ်။ ကျောမှီတဲ့ အမှီ ဆိုတာကလည်း ရှေ့နောက် ပြောင်းမရ လှည့်မရ၊ တချို့ဆိုရင် ခုံနှစ်ခု ကြားတောင် ကန်ထားရ တယ်။ ရေချိုးခန်း ကိုယ်လုံးပေါ်မှန် ဆိုတာလည်း အဘိုး ပြောပြခဲ့ဖူး သလို ကြည့်ရှုခွင့် ဘယ်ရ တော့မလဲဗျာ။

ယခုအခါ မီးရထားလမ်းပိုင်း ဆိုင်ရာကို တစေ့တစောင်း တွေးကြည့် ပြေးကြည့်မိပါတယ်။ အဘိုးပြောတဲ့ ရထားလမ်းနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ဇလီဖားတုံးလို သစ်သားတွေ အစား ကွန်ကရစ်ဖားတုံးကို အစားထိုး သုံးစွဲတာ မြင်ရတော့ တော်တော်ကို တိုးတက် လာပြီပေါ့။ သစ်တော ပြုန်းတီးရေးကိုလည်း အလိုလို ထိန်းသိမ်းပြီးသား ဖြစ်စေခဲ့ရတာ ပေါ့လေ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရထားလမ်းတွေကို သစ်သား ဇလီဖားတုံးတွေကို လုံးဝ မသုံးဘဲ ကွန်ကရစ် ဇလီဖားတုံးတွေ အစားထိုးပြီး သုံးရင် ပိုမိုပြီးတော့ ကောင်းမွန်တာ အမှန်ပါပဲ။ လမ်းခင်းတဲ့ ကျောက်ဘက်ကို တစ်ချက် ကြည့်လိုက်မယ် ဆိုရင်လည်း အဘိုးပြောခဲ့ဖူးတာနဲ့ တော်တော်ကြီးကို ကွာခြား နေပြန်တာကို တွေ့ရတယ်။ တချို့နေရာတွေမှာ များဆိုရင် ကျောက်ခဲပေါ် ဇလီဖားတုံးသက်သက် ပင့်တင် ထားသလို ဖြစ်နေတာ တွေ တွေ့နေရတယ်လေ။ ဇလီဖားတုံး ထိပ်နှစ်ဖက်မှာလည်း ကျောက် ဆိုတာက မတွေ့ရပါဘူး။ မိုးရာသီ ဆိုရင် တချို့နေရာများ ရထားသွား ရင် ဇလီဖားတုံး အောက်က ရေတွေ စိမ့်ထွက် နေတာ တွေ့ရပါတယ်။ တချို့နေရာများ ဆိုရင် ရထား သံလမ်းလေး နှစ်ချောင်းပဲ မြင်ရပါတယ်။ ပေါင်းမြက်တွေကလည်း ရှည်လျားလို့ ဖုံးလွှမ်းနေတာ တွေ့ရပါ တယ်။ ကျောက်ခဲဆိုတာ မမြင်ရ။ (အထူးသဖြင့် မြစ်ကြီးနားလမ်း တွေပေါ့) ပွင့်လင်း မြင်သာစွာ ပြောရမယ် ဆိုရင် ဒီကနေ့ မီးရထား လမ်းတွေဟာ တော်တော်ကို ဆိုးနေတယ်လို့ ဆိုရပါလိမ့်မယ်။

မိုးရာသီ ဆိုရင် မြစ်ကြီးနား ရထားလမ်း ခဏ ခဏချော်ကျတဲ့ သတင်းတွေကြားရတယ်။ ဘာကြောင့် များပါလိမ့်။ ကျွန်တော် ကိုယ်တိုင်က အင်ဂျင်နီယာ တစ်ယောက် မဟုတ်လေတော့ အကြောင်းရင်းကို တွေးရ ခက်နေရတာပေါ့လေ။ မန္တလေးကနေ မြစ်ကြီးနားကို နေ့စဉ် လူစီး ရထား ငါးစီးရှိပါ တယ်။ အစုန်-အဆန် ပြေးဆွဲ ပေးနေတာပေါ့။ တကယ်တော့ အချိန် မှန် အဝင်အထွက် ဆိုတာ ရှားသွားပါပြီ။ ရထားဝင်ချိန် ဘာကြောင့် နောက်ကျ နေရသလဲ တွေးကြည့် မိပါတယ်။ တကယ်တော့ ရထား လမ်းတွေ အရည်အသွေး ကျဆင်းပြီး အန္တရာယ် စိုးရိမ်မှုကြောင့် အရှိန် မိုင်နှုန်း လျှော့မောင်းနှင် ပေးရတာရယ်၊ ရထားအစင်း အရေအတွက် များလာမှုကြောင့် ရထားဆုံရာ နေရာတိုင်းအတွက် စောင့်ဆိုင်း ပေးရမှု တွေ၊ မိုးရာသီတွေမှာ မကြာခဏဆိုသလို လမ်းချော်မှုတွေ၊ မှောက်တာ တွေ ဒါတွေကြောင့် ဖြစ်နေရတယ်လို့ စဉ်းစား တွေးတော မိပါတယ်။

ကျွန်တော် ရထားစီးခဲ့ရင်း ကိုယ်တွေ့ ဖြစ်စဉ်လေး တစ်ခု လက်ဆင့်ကမ်းမျှ ဝေချင်ပါတယ်။ ၂၁-၁၂-၂၀၁၁ ရက် နေ့တုန်းကပါ။မန္တလေးက ညနေ ၄ နာရီ ၂၀ မိနစ်မှာ ထွက်ခွာပေးမယ့် အမှတ် (၅၇) အဆန် မန္တလေး- မြစ်ကြီးနား ရထားနဲ့ လိုက်ပါခဲ့ပါတယ်။ အဲဒီညနေ ၄ နာရီ ၂၀ မိနစ်မှာ ထွက်ရမယ့် ရထားက ည ၈ နာရီ ၂၀ မိနစ်မှ ထွက်ပါတယ်။ ရထားထွက်ပြီး မကြာမီမှာပဲ ရထား နည်းနည်း မြန်လာပါတော့တယ်။ ရထားမြန်မြန်ခုတ်မောင်း လာတယ် ဆိုရင်ပဲ လူစီးတွဲတွေဟာ ဘယ်ညာ စပြီး ဟိုဘက်ဒီဘက် ယိမ်းထိုး လာပါတော့တယ်။ ရထားဟာ ၁၅/၂၀ မိုင်နှုန်းနဲ့ မြန်လာချိန်မှာ ဘယ်ညာ ယမ်းခါနေရုံတင် မကတော့ဘဲ အထက်အောက်ခုံတွေ ဆောင့်လူး လာပါတော့တယ်။ ပြောရရင် ငယ်စဉ်ဘ၀ကလေးငယ်တုန်းက မြင်းစီးရသလိုပါပဲ။

ကျွန်တော် စီးနင်း လိုက်ပါလာသော ရထားကြီးဟာ ခေတ်မီလာ နေတဲ့ ဒီဇယ် စက်ခေါင်းကြီးက ဦးဆောင်ပြီး ခရီးသည်တွေ စီးနင်းလိုက် ပါလာခဲ့တဲ့ လူစီးတွဲ ရှစ်တွဲခန့်နှင့် နောက်ဆုံးက ဘရိတ်တွဲ တစ်တွဲ အပါ အဝင် အားမာန် အပြည့်နဲ့ ခုတ်မောင်း လာခဲ့ရင်း စစ်ကိုင်း တံတား မရောက်ခင် ရထားလမ်း အကွေ့ တစ်နေရာ အရောက် ရထားလမ်းက စပြီး အရှိန်နဲ့ တစ်ပြေးညီ ခုန်ဆောင့်ပြီး ဘယ်ညာ ခပ်ပြင်းပြင်း ယမ်းခါလာခဲ့ပြီ။ စင်ပေါ်တင်ထားတဲ့ ခရီးဆောင်အိတ် တချို့ ပြုတ် ကျနေတယ်။ အဲဒီလို ပြုတ်ကျလာတဲ့ အိတ်တွေကို ပြန်တင်ပြီး ကြိုးတွေ နဲ့ချည်နှောင် ကြရတာပေါ့။ စစ်ကိုင်း တံတားကြီးကို ကျော်လာခဲ့ပြီး စစ်ကိုင်းတိုင်း ဘူတာကို ကျော်လွန်လာပြီး ရထားလမ်း အကွေ့အကွေ့တွေ ရောက်တိုင်း ရထားဟာ ဘယ်ညာကို သိသိသာသာကြီး ယမ်းခါ ခဲ့ပြန် တာပေါ့။ ကြောက်လန့်မိ၊ စိုးရိမ်မိတာ အမှန်ပါ။ ရထားက ရုတ်တရက် အရှိန်လျော့ သွားတာကို သတိထား မိလိုက်ပါတယ်။ တော်ပါသေးရဲ့၊ ဘေးချော် လဲကျသွားမယ် ဆိုရင်တော့ မစဉ်းစား ရဲတော့ပါ။

အကြောက်တရား တွေနဲ့အတူ မိသားစုတွေနဲ့ အမြန်တွေ့နိုင်ဖို့ အားမာန် အပြည့်နဲ့ ခရီးသွား ပြည်သူတွေကို လိုရာခရီး ပို့ဆောင်ပေး နေတဲ့ ခုန်လိုက်၊ ဆောင့်လိုက်၊ ယမ်းခါလူးလွန့် မောင်းနှင်လာရင်း ည ၂ နာရီမှာ ရထားက ရပ်တန့်သွားပါတယ်။ ရပ်သွားတဲ့ ဘူတာ က ညောင်ဇင် ဘူတာပါ။ ခဏအကြာမှာ တွဲစောင့်တွေ၊ တွဲစောင့်တွေလို့ တကြော်ကြော် အော်ခေါ် လမ်းလျှောက် လာနေတဲ့ ရထားထိန်း(ဂါတ် ဗိုလ်) တစ်ယောက်ကို တွေ့လိုက် ရပါတယ်။ “တွဲစောင့်တွေ ဘယ်သွား သလဲ အထက်တန်း တစ်တွဲ ဖြုတ်ရမယ်” တွဲစောင့်တွေ ပျောက်လို့ အော် ပြောရင်း လိုက်ရှာနေတာ တွေ့ရတယ်။ မိနစ် ၂၀ ခန့် အကြာမှာ ကျွန်တော် လိုက်ပါလာတဲ့ ပထမတန်း အတွဲပေါ် ခရီးသည်များ ခရီးဆောင်အိတ် ကိုယ်စီနဲ့ ဆွဲတက်လာတာ တွေ့ရတယ်။ ထို့အတူ ခရီးသည်တွေ ကြားထဲမှာ အသက် ၇၀ ကျော် အရွယ်ရှိတဲ့ အဘွားအို တစ်ဦးနဲ့ လူငယ် နှစ်ဦး ကျွန်တော်ခုံဘေး အလယ်လမ်းပေါ် ရောက်လာပါတယ်။ အဲဒီ လိုရောက်လာတယ် ဆိုရင်ပဲ ပေါက်ကွဲ ထွက်လာတဲ့ အသံတွေကို ကြားလိုက် ရပါတော့တယ်။ စိတ်ပျက်လက်ပျက်နဲ့ ဒေါသထွက်ပြီး ပြော လိုက်တာက “သက်သောင့်သက်သာ စီးချင်လို့မှ ရိုးရိုးတန်းထက် လက်မှတ်ခ သုံးဆ ပိုပေးပြီး အထက်တန်းက လိုက်လာခဲ့တာ၊ အခုတော့ ရထားတွဲရဲ့လူသွားလမ်းကြားမှာ ထိုင်လိုက်ရပြီး နောက်က ကပ်လျက် စားသောက်တွဲကို ပိတ်ထားပြီး ထိုင်ခုံတွေ ရှိနေသေးပါလျက်နဲ့ စီစဉ် မပေးပါဘဲ တာဝန် မဲ့လိုက်ကြာတာဗျာ။ ကိုယ်ချင်း မစာနာ တတ် ကြဘူး” ဒေါသသံနဲ့ အော်ပြောနေတဲ့ အသံကို ကျွန်တော် စိတ်မကောင်း ဖြစ်စွာပဲ ကြားနေရပါတယ်။

ခဏအကြာမှာတော့ ရထားထိန်းဆိုသူ ရောက်လာပါတယ်။ ပြောင်းတက်လာတဲ့ ခရီးသည်တွေ ကောလင်းဘူတာ ရောက်ရင် နေရာ ပြန်စီစဉ် ပေးမယ်လို့ ဆိုပါတယ်။ ခရီးသည် တစ်ဦးက အဲဒီ အချိန်မှာ ရထားထိန်း ဆိုသူကို ပြောပါတယ်။ “စားသောက်တွဲမှာ ထိုင်ခုံတွေ ရှိတယ်။ အခုဘာကြောင့် ပိတ်ထားတာလဲ။ အဲဒီမှာ စီစဉ် ပေးလို့ ရတာပဲ” ဆိုပြီး စီစဉ်ပေးဖို့ တောင်းဆိုတယ်။ ရထားထိန်း ဖြစ်သူက “ကျွန်တော်လည်း မတတ်နိုင်ဘူး” လို့ ပြောပြီး ရထားတွဲ ပေါ်က ပြန်ဆင်း သွားတာ မြင်လိုက်တယ်။ အထက်တန်းတွဲမှ ပြောင်းတက် လာရတဲ့ ခရီးသည်တွေရဲ့ ဒုက္ခကို ကြည့်ပြီးကျွန်တော်လည်း အတော် စိတ်မကောင်း ဖြစ်မိတယ်။ ၄၅ မိနစ်ခန့် ကြာပြီး ရထားဆက်ပြီး ထွက်ခွာ လာပါတော့တယ်။

အခုအခါမှာ ရထားစီး လက်မှတ်ခ တွေဟာ သုံးဆပိုမိုတက်ခဲ့ ပါပြီ။ သို့ပေမယ့်လည်း ရထားလမ်းပိုင်းဆိုင်ရာတွေနဲ့ လူစီးရထား တွဲတွေဟာ အရင်ခေတ်ကနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘာမျှထူးထူး ခြားခြား ပိုမိုတိုးတက်ပြောင်းလဲလာတာမတွေ့ရပါ။ ကြုံကြိုက်လို့ ဒီရက်ပိုင်း၊ လပိုင်းအတွင်းက လောလောဆယ် ကြားသိရတဲ့အဖြစ်အပျက်တစ်ခုကို ပြောပြချင်ပါသေးတယ်။ ၄-၃- ၂၀၁၂ ရက်နေ့က ကောလင်းဘူတာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့်သူငယ်ချင်းဖြစ်တဲ့ ဦးမြင့်သိန်း (ဘူတာစာရေး၊ မြန်မာ့ မီးရထား) ဟာ အဲဒီနေ့မှာ တိုင်းပို့ဆောင်ရေးရုံးတိုင်းမန်နေဂျာက အစည်းအဝေး ခေါ်လို့ ကောလင်း ကနေ အမှတ် (၃၄) အစုန် လူစီး ရထားနဲ့ လိုက်ပါ ခဲ့ပါတယ်။ စာရေးဘူတာနဲ့ ရွာထောင် ဘူတာကြား အရောက် ရထားက ပြင်းထန်စွာ ခုန်တာကြောင့် ခန္ဓာကိုယ် တစ်ခုလုံး နှစ်ပေ ကျော်ကျော်ခန့် နှစ်ကြိမ်တိုင်တိုင် မြောက်တက် သွားပြီး ပြန်အကျ မှာတော့ ခါးဆစ်ရိုး အက်သွား ခဲ့လို့ လမ်းမလျှောက် နိုင်လောက် အောင်နာကျင်မှု ဖြစ်ခဲ့ ရတာကြောင့် စစ်ကိုင်းတိုင်း ဆေးရုံ အရိုးကု အဆောင်မှာ ဆေးကုသမှု ခံယူ နေရတာပါ။ သူငယ်ချင်း ကိုမြင့်သိန်း ဆေးရုံတက် နေရတယ်ကြားလို့ ကျွန်တော်ချက်ချင်း ဖုန်းဆက် မေးမြန်း ခဲ့လို့ သိလိုက်ရပါတယ်။ ကျွန်တော်လည်း ခံပြင်းတာနဲ့ “သူငယ်ချင်းရေ မင်း ရထားစီးလို့ ဒီလိုဖြစ်ရတာ ရွာက လှည်းစီး လာခဲ့ရင်တောင် ဒီလိုဖြစ်မှာမဟုတ်ပါဘူးကွာ” လို့ ကရုဏာ ဒေါသနဲ့ ပြောမိလိုက်ပါတယ်။

တကယ်ဆိုရင် ခရီးသွား ပြည်သူ တစ်ယောက် အနေနဲ့ ပြောဆို တင်ပြခွင့် ရမယ် ဆိုရင်တော့ အခုချိန်ခါ ကျွန်တော်တို့ နိုင်ငံဟာ အစစ အရာရာ တိုးတက် ပြောင်းလဲစ ပြုနေပါပြီ။ ဒီလို အစစ အရာရာ ရှုထောင့် မျိုးစုံ ဘက်ပေါင်းစုံက တိုးတက် ပြောင်းလဲဖို့ ဆောင်ရွက် နေချိန်မျိုးမှာ မြန်မာ့မီးရထား ကဏ္ဍ ဘက်ဆီကိုလည်း ပစ်မထား စေချင်ပါဘူး။ ရထားစီး နှုန်းထားခများ တက်သည်နှင့် အညီ စက်ခေါင်းတွေ၊ ရထားတွဲ တွေ၊ ရထားလမ်းတွေ အစဉ်တိုးတက် ကောင်းမွန်ပြီး ပြည်သူလူထု အနေနဲ့ ခရီးသွားကြရတဲ့ အချိန်မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အန္တရာယ်ကင်းကင်း လုံခြုံမှု ရှိရှိ ဖြစ်စေရေး အတွက် ရည်ညွှန်းကာ အပြုသဘော ဆောင်ပြီး အကြံပြု နှိုးဆော် ရေးသား လိုက်ရကြောင်းပါ ခင်ဗျာ။

By The Voice Weekly

No comments:

Post a Comment