Tuesday 18 September 2012

ရန်ကုန်တွင် မီးမကြာခဏ ပြတ်တောက်ရခြင်း အကြောင်းရင်း

ရန်ကုန်၊ စက်တင်ဘာ-၁၇

ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေရခြင်းမှာ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန်အတွက် ဓာတ်အားခွဲရုံများရှိ လျှပ်စစ်ပစ္စည်းများအား အစားထိုးလဲလှယ်ခြင်းနှင့် ရာသီဥတုကြောင့် ဖြစ်တတ်သည့် ချို့ယွင်းမှုများကြောင့်သာ
အချိန်အနည်းငယ်ခန့် ပြတ်တောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးညိုဝင်းကပြောသည်။

“နွေရာသီမှာဆို လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုများတယ်လေ။ အဲဒီအချိန်တွေမှာ ဓာတ်အားလိုအပ်ချက်ရှိတဲ့ ကိစ္စတွေကလွဲလို့ ဓာတ်အားခွဲရုံတွေရဲ့ ချို့ယွင်းချက်ကြောင့် မီးပြတ်တောက်မှုတွေ မကြုံတွေ့ရအောင် ဦးတည်ပြီး ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ အဲဒီအတွက် အချိန်အနည်းငယ်ခန့် ဓာတ်အားပြတ်တောက်မှုတွေ ကြုံနိုင်တယ်။ ဒါကလည်း ခဏပါပဲ။ ဓာတ်အားမလုံလောက်မှုကြောင့် ပြတ်တာမဟုတ်ဘူး”ဟု ဦးညိုဝင်းက ဆက်လက်ပြောသည်။

ယခုရက်ပိုင်းအတွင်း မိမိတို့ရပ်ကွက်တွင် လျှပ်စစ်မီးများ ရံဖန်ရံခါ ပြတ်တောက်လေ့ရှိပြီး အများဆုံး ဖြစ်ပေါ်နေသည်မှာ မီးအားကျဆင်းနေမှုဖြစ်ကြောင်း၊ ထမင်းချက်ပြုတ်ရန်အတွက်ပင် မီးအားလုံလောက်မှုမရှိ ဖြစ်နေကြောင်း တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများတွင် ၂၃၀ ကေဗွီလိုင်းများ အသစ်ထပ်မံ ဆက်သွယ်နေမှုများ ရှိနေ၍လည်း ဖြစ်ကြောင်းနှင့် မြေအောက်ဓာတ်ကြိုးများ ချို့ယွင်းခြင်းကြောင့် အသစ်ပြန်လည် တပ်ဆင်ခြင်း၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရန်အတွက် အီလက်ထရွန်းနစ် မီတာများ လဲလှယ်တပ်ဆင်နေခြင်း၊ မြို့နယ်အချို့တွင် ဓာတ်ကြိုးနှင့်မလွတ်သည့် သစ်ပင်များ ခုတ်ရခြင်း စသည့် အကြောင်းအချက်များကြောင့် အချိန်အနည်းငယ် ဓာတ်အားပြတ်တောက်မှုများ ကြုံတွေ့နိုင်ကြောင်း အင်ဂျင်နီယာချုပ်ကပြောသည်။

“ဒီလို မီးပြတ်မှုတွေ ကြုံရင်လည်း ဓာတ်အားပြတ်တောက်မှု မရှိအောင် လိုင်းတွေလှည့်ပေးနိုင်အောင် ကြိုးစားပါတယ်”ဟု ဦးညိုဝင်းကပြောသည်။

ယခုနှစ် သြဂုတ်လနှောင်းပိုင်းနှင့် စက်တင်ဘာလအတွင်းတွင် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့၌ မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့နေကြောင်း ရန်ကုန်မြို့ခံများကပြောသည်။


By 7Day News Journal

No comments:

Post a Comment