Tuesday 18 September 2012

ပုဂ္ဂလိက စက်သုံးဆီဆိုင်သစ် ၅၀၀ ကျော် ထပ်မံဖွင့်ခွင့်ပြု

ပုဂ္ဂလိက စက်သုံးဆီဆိုင်သစ် ၅၀၀ ကျော်ကို လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ ယခုအခါ မြန်မာနိုင်ငံကိုယ်စားပြု ကုမ္ပဏီများဖြစ်သည့် မက်စ်မြန်မာ၊ ထူး၊ ရွှေတောင်၊ လွယ်ဟိန်း ကုမ္ပဏီများ အပါအဝင် ခွင့်ပြုချက်

လျှောက်ထားသည့် စက်သုံးဆီ ဆိုင်သစ်ပေါင်း ၅၂၉ ဆိုင်ကို ဖွင့်ခွင့်ပြုရန်အတွက် အဆိုပါဌာနမှ စိစစ်နေကြောင်း သိရသည်။ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ယခင်အစိုးရ လက်ထက်တွင် ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၅၉၉ ဆိုင် လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်သုံးဆီ ဆိုင်သစ်များအနက် အများစုသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖွင့်လှစ်ကြမည်ဖြစ်ကြောင်း သိရသည်။ စက်သုံးဆီဆိုင်သစ်များ၊ သိုလှောင်ဖြန့်ဖြူးရေး စခန်းသစ်များကို တည်ဆောက်လုပ်ကိုင်လိုသူများ အနေဖြင့် မြေပိုင်ဆိုင်မှု အထောက်အထား၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်၊ စက်သုံးဆီရရှိနိုင်မည့် ကုမ္ပဏီအဖွဲ့အစည်းများ၏ ထောက်ခံချက်၊ စက်ချုပ်စာတမ်း စသည့် အထောက်အထား သုံးချက်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။ “ဆိုင်သစ်တွေ ချပေးတဲ့အခါ နယ်တွေမှာ ဖြစ်ဖို့များတယ်။ နယ်တွေမှာ ဓာတ်ဆီအခက်အခဲ မဖြစ်တော့ဘူးပေါ့။ သက်ဆိုင်ရာ ဌာနကလဲ ဆီခွဲတမ်းကို ဆိုင်သစ်တွေ မျှပေးရတယ်။ ဒါကြောင့် ဆီဈေးနှုန်းကို အလိုအလျှောက် ထိန်းညှိပြီးသား ဖြစ်သွားတာပေါ့။ ဒီဇယ်နဲ့ အောက်တိန်းဈေးကတော့ ကမ္ဘာ့ဈေးအတိုင်းပဲ ဖြစ်မယ်” ဟု ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ကောင်းဇော်ဟိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လျှောက်လွှာများကို မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် သတ္တုတွင်းဦးစီးဌာနတို့မှ စိစစ်မည်ဖြစ်ကြောင်း လိုအပ်ချက်များ ကိုက်ညီပါက စက်သုံးဆီ အမျိုးအစားအလိုက် သိုလှောင်ဖြန့်ဖြူး ရောင်းချလိုင်စင်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဓာတ်ပုံ mmcybermedia.com

By Khitlunge

No comments:

Post a Comment