Tuesday 18 September 2012

အနိုင်ရလို၍ ဂျပန်သို့ စေလွှတ်ခြင်း ဖြစ်ကြောင်း ဦးဇော်ဇော် ဖွင့်ဟ

စက်တင်ဘာ ၁၇ရက်နေ့ ညပိုင်းက ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည့် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါ ပို့ဆောင်ခဲ့သူ ဦးဇော်ဇော်က ပြိုင်ပွဲတွင် အနိုင်ရလို၍ ဂျပန်သို့ စေလွှတ်ခြင်း ဖြစ်ကြောင်း
ဖွင့်ဟ ပြောကြားခဲ့သည်။
"အဓိက.ကတော့ ကိုယ့်ထက် ပိုပြီးတော့ သာတဲ့နိုင်မှာ သွားလေ့ကျင့်ခွင့် ရတာပါ။ ကစားသမားတွေ အတွက်တော့ စိတ်ဓာတ်ပိုင်းက အရေးကြီးဆုံးပါပဲ။ စိတ်ဓာတ်ရယ်၊ စည်းကမ်းရယ်၊ နည်းစနစ်ပိုင်းရယ် ဒါတွေ ပေါင်းစည်းမှ အောင်ပွဲ ရမှာပါ။ ဒါတွေ လေ့ကျင့် ယူရပါမယ်။ ပြီးတော့ ဒီလေ့ကျင့်ရေးက သေချာ စုစည်းယူပြီးတော့ ပြိုင်ပွဲမှာ အနိုင်ရအောင် ကြိုးစား ကစားပေး စေချင်ပါတယ်" ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

[ဂျပန်နိုင်ငံသို့ မထွက်ခွာမီ]
မြန်မာ့ လက်ရွေးစင် အသင်းသည် ဂျပန်နိုင်ငံတွင် ၁၁ရက်ကြာခန့် လေ့ကျင့်ရေးများ ပြုလုပ်မည် ဖြစ်ပြီး ခြေစမ်းပွဲ အဖြစ်လည်း ၅ပွဲကစားရန် စီစဉ်ထားခြင်း ဖြစ်သည်။ လက်ရွေးစင် အသင်းအား အုပ်ချုပ်သူ အဖြစ် ဦးသန်းတိုးအောင်၊ လက်ထောက် အုပ်ချုပ်သူ အဖြစ် ဦးစိုးမိုးကျော်၊ နည်းပြချုပ် ပတ်ဆောင်ဟွာတို့ ဦးဆောင် ထွက်ခွာသွားခြင်း ဖြစ်ကာ လက်ရွေးစင် ကစားသမား (၂၅)ဦး ပါဝင် သွားခဲ့သည်။

အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်ကလည်း ယခု ခရီးစဉ်သည် ကစားသမားများ အကြား စည်းလုံးမှု၊ စုစည်းမှု တည်ဆောက် ယူရမည့် ခရီးစဉ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ဒီခရီးစဉ်က ဆူဇူကီး ဖလား အတွက် ပြင်ဆင်တဲ့ ခရီးပါ။ အောက်တိုဘာ ၅ရက်မှာ စမယ့် ခြေစစ်ပွဲ အတွက်ပေါ့။ ဒီခြေစစ်ပွဲကို သေချာပေါက် အောင်မယ်ဆိုတာ အရင်တည်းကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အခု ခရီးစဉ်မှာ ကြိုးစားရမှာပါက လူငယ်နဲ့ လူကြီး ရောထားတဲ့ အသင်းကို စုစည်းမှု ကောင်းအောင် လုပ်ဖို့ပါ။ ပြီးတော့ စိတ်ဓာတ်၊ စည်းကမ်းနဲ့ ကြိုးစားမှုကို တည်ဆောက် ယူရပါမယ်။ ကျွန်တော်တို့က နေ့စဉ် ကလေးတွေနဲ့ အတူတကွ ရှိနေမယ်။ တစ်ဦးချင်းကို သေချာ စောင့်ကြည့် ပြီးတော့မှ ဘယ်သူကတော့ စိတ်ဓာတ် လျော့တယ်။ ဘယ်သူကတော့ စိတ်ဓာတ် ကောင်းတယ်။ ဘယ်သူ ကြိုးစားတယ်။ ဘယ်သူ မကြိုးစားဘူး။ ဒါလေးတွေကို မှတ်ပြီး၊ ပတ်ဆောင်ဟွာ တို့နဲ့ တိုင်ပင်ပြီး စိတ်ဓာတ်ပိုင်း မကောင်းတဲ့ ရှိရင် ဒီထက်ပိုကြိုးစားအောင် ဆွဲတင်ရမှာပါ" ဟု ဆိုခဲ့သည်။

By Soccer Myanmar

No comments:

Post a Comment