Tuesday 18 September 2012

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းအား ရဲတပ်ရင်းများဖြင့် နှိမ်နှင်းခြင်းမှတ်တမ်း


စစ်အစိုးရလက်အောက်တွင် (၁၉) နှစ်ကြာမျှ ခေါင်းငုံ့သည်းခံခဲ့ရသော သံဃာတော်များနှင့် ပြည်သူများ၏ ဒေါသနှင့် မကျေနပ်မှုများကို ပြသခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီး ဖြစ်ပေါ်ခဲ့တာ ယခု ၂၀၁၂ ခုနှစ်ဆိုလျှင် (၅) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

မေး - စက်တင်ဘာ သံဃာ့အရေးအခင်း မဖြစ်ခင်က ယေဘုယျအခြေအနေလေးကို ပြောပြပေးပါဦး ခဗျ။
ဖြေ - ကျွန်တော်တို့ အထက်က လူကြီးတွေရဲ့ သုံးသပ်ချက်အရကတော့ ၂၀၀၇ သံဃာ့အရေးအခင်းကြီးဖြစ်လာဖို့ လှုံ့ဆော်ခဲ့တဲ့ကိစ္စတွေ ရှိတယ် ဆိုပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး တချက်ချင်း ပြောရမယ်ဆိုရင် -
(၁) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တုန်းက ခြောက်ထပ်ကြီးဘုရားမှာ ရှိတဲ့ သာသနာ့သိပ္ပံကျောင်းတိုက်မှာ ရှစ်လေးလုံး (၁၉) နှစ်ပြည့်အခမ်းအနား လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ ရခဲ့တဲ့ နယ်မြေအစီရင်ခံစာတွေအရ ဆိုရင် အဲဒီပွဲကို လူ (၂၀၀) လောက် တက်ခဲ့ပြီး ဒီမိုကရေစီရတဲ့အထိ တိုက်ကြမယ်လို့ သစ္စာအဓိဌာန်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
(၂) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့မှာလည်း သင်္ကန်းကျွန်းမြို့နယ်က မဂ္ဂင်ကျောင်းတိုက်မှာ မဖြူဖြူသင်း ဦးဆောင်တဲ့ ဖဲကြိုးနီအဖွဲ့က HIV ဝေဒနာရှင်တွေကို အကြောင်းပြပြီး ၀ါဆိုသင်္ကန်းကပ်တဲ့ပွဲတခု လုပ်ခဲ့တယ်။ အဲဒီပွဲကိုလည်း လူ (၁၅၀) လောက် လာတဲ့အပြင် အမေရိကန်သံရုံးက လူတချို့လည်းလာခဲ့တယ်လို့ သိရပါတယ်။ အချင်းချင်းတိုင်ပင် ပြောဆိုမှုတွေကို အသေးစိတ် မသိရပေမဲ့ အဲဒီကိစ္စတွေဟာ တခုနဲ့တခု ဆက်စပ်နေတယ်လို့ အစိုးရကို အတိုက်အခံပြုနေတဲ့သူတွေ လာကြ၊ စုကြတဲ့ပွဲတွေမို့ ကျွန်တော်တို့လူကြီးတွေက သုံးသပ်ခဲ့ပါတယ်။
(၃) နောက်တနေ့ဖြစ်တဲ့ သြဂုတ်လ (၁၃) ရက်နေ့မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) က ဒေါ်ခင်ဝင်းနိုင်ရဲ့ အိမ်မှာ အစည်းအဝေးတခု လုပ်ခဲ့ကြပြီး အလုပ်သမားထုအတွင်းမှာ အခွင့်အရေးတွေ ရရှိဖို့၊ လှုံ့ဆော်ဖို့အတွက် တိုင်ပင်ခဲ့ကြတယ်လို့ သိခဲ့ရပါတယ်။ အဲဒီအစည်းအဝေးကို ဦးဆောင်တဲ့သူကတော့ ဒဂုံမြို့သစ် (တောင်ပိုင်း) က NLD ပါတီဝင်လည်း ဖြစ်၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အဖွဲ့ဝင်လည်းဖြစ်တဲ့ ကိုလှစိုး သတင်းရရှိခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ ရန်ကုန်မြို့နဲ့ တခြားနယ်မြို့တွေမှာပါ CNG နဲ့ လောင်စာဆီတွေ၊ ကုန်ဈေးနူန်းတွေ ဈေးတက်တဲ့ကိစ္စကို အကြောင်းပြုပြီး ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာတာကို တွေ့ရပါတယ်။
မေး - ဟုတ်ကဲ့၊ ဘယ်လိုလှုပ်ရှားမှုတွေ ဖြစ်ခဲ့လဲဆိုတာ အသေးစိတ်ပြောပြနိုင်မလား။
ဖြေ - ကျွန်တော်တို့ မှတ်တမ်းတွေအရ စက်တင်ဘာလ တတိယနဲ့ နောက်ဆုံးအပတ်အတွင်းမှာ ဖြစ်ခဲ့တဲ့ သံဃာ့လှုပ်ရှားမှုတွေ မစတင်ခင်မှာ အစပျိုးခဲ့တဲ့ လှုပ်ရှားမှုတွေကတော့-
(၁) သြဂုတ်လ (၁၉) ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်မှာ မင်းကိုနိုင် ဦးဆောင်တဲ့ NLD ပါတီဝင် (၂၀၀) လောက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ NLD က ဦးကြည်မောင်ရဲ့ နေအိမ်မှာ စုရုံးခဲ့ကြတယ်။ ပြီးတော့ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရွှေဂုံတိုင်မီးပွိုင့်၊ နောက်ပြီး ကျောက်မြောင်းဈေးမီးပွိုင့် လျှောက်လာခဲ့ကြပြီး ၁၁း၁၅ လောက်မှာ လူစုခွဲသွားခဲ့ကြတယ်။ လောင်စာဆီတွေ ဈေးတက်လို့ ပြည်သူ့ကိုယ်စား လမ်းလျှောက်ကြတာပါလို့ လမ်းတလျှောက်မှာ ပြောသွားခဲ့ကြတယ်လို့ ကျွန်တော်တို့ သတင်းရခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ NLD ပါတီဝင်တွေပူးပေါင်းပြီး (၇) ကြိမ်တိတိ တန်းစီလမ်းလျှောက်ခဲ့ကြပါတယ်။(၂) အဲဒီလိုပဲ သြဂုတ်လ (၂၂) ရက်နေ့မှာ NLD က နော်အုံးလှ ဦးဆောင်တဲ့ လူအင်အား (၆၀) လောက်ဟာ တပင်ရွှေထီးရုပ်ရှင်ရုံမှာ စုရပ်လုပ်ပြီး အဲဒီကနေ လှည်းတန်းလမ်းဆုံကို ချီတက်သွားခဲ့ကြပါတယ်။ လှည်းတန်းကနေမှ အင်းစိန်လမ်းမကြီးအတိုင်း လမ်းလျှောက် ဆန္ဒပြရင်း ကုန်ဈေးနူန်းကျဆင်းရေး၊ လောင်စာဆီဈေးနူန်း ကျဆင်းရေး ကြွေးကြော်သံတွေ အော်ခဲ့ကြတယ်လို့ သိရပါတယ်။ ပါရမီလမ်းဆုံ အရောက်မှာတော့ စွမ်းအားရှင်အဖွဲ့တွေက ဟန့်တားဖမ်းဆီး ထိန်းသိမ်းဖို့ လုပ်တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။
(၃) သြဂုတ်လ (၁၄) ရက်၊ နေ့လည် (၂) နာရီခန့်မှာလည်း NLD က ဒေါ်စန်းစန်းမြင့် ဦးဆောင်တဲ့ လူ (၁၇) ယောက်က ကုန်ဈေးနူန်း ကျဆင်းရေးပိုစတာတွေ ကိုင်ပြီး တန်းစီဆန္ဒပြဖို့ ကြိုးစားနေတုန်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နေရာကတော့ ဆူးလေဘုရားအနီးမှာရှိတဲ့ ဧမာနွေလ ဘုရားကျောင်းရှေ့မှာပါ။
(၄) နောက်ပြီး သိမ်ကြီးဈေးနားက သိမ်တော်ကြီးရှေ့မှာ “ကုန်ဈေးနှုန်းတက်အောင် မလုပ်ပါနဲ့” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ကိုထင်ကျော် ဆန္ဒပြတဲ့ကိစ္စ။ အဲဒါကတော့ မီဒီယာတွေမှာ အတော်ပြန့်သွားပါတယ်။ သြဂုတ်လ (၂၅) ရက်နေ့ နေ့လည်ပိုင်းမှာ ဖြစ်သွားတာပါ။ရန်ကုန်မှာ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာသလို နယ်မြို့တွေမှာလည်း ဆက်တိုက်ဖြစ်လာတာကို တွေ့ရပါတယ်။ သြဂုတ်လ (၂၈) ရက်နေ့မှာ စစ်တွေမြို့မှာ ဘုန်းကြီးအပါး (၁၅၀) လောက်က စီတန်းပြီး လှည့်လည် ဆန္ဒပြကြတယ်။ လောင်စာဆီဈေးတွေ ကျဖို့နဲ့ ကုန်ဈေးနှုန်းတွေ ကျဖို့ ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒါတွေပြီးတော့ ၂၀၀၇ သံဃာ့အရေးအခင်းကို ဇာတ်ရှိန်မြင့်ပေးလိုက်တဲ့ ပခုက္ကူကိစ္စ ဖြစ်လာပါတယ်။ စက်တင်ဘာလ (၅) ရက်နေ့က ပခုက္ကူမြို့မှာ ဘုန်းကြီးအပါး (၃၀) လောက် စပြီး ဆိုင်းဘုတ်တွေကိုင် ဆန္ဒပြကြတယ်။ ကုန်ဈေးနှုန်းကျဆင်းရေး၊ မတရားဖမ်းဆီးခံရသူများ လွတ်မြောက်ရေး အဲဒီဆိုင်းဘုတ်တွေပေါ့။ မြို့ထဲမှာ လှည့်ပြီး ကြွေးကြော်ရင်း လူတွေ တဖြည်းဖြည်းများလာတဲ့အတွက် သေနတ်ပစ်ဖောက်ပြီး လူစုခွဲဖို့ တပ်မ (၁၀၁) က နည်းဗျူဟာမှူးက အမိန့်ပေးခဲ့ရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၆) ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိတဲ့သူတွေက ကျောင်းတိုက်ကို သွားတဲ့အချိန်မှာ ကားလေးစီး မီးရှို့ခံရပီး အခြေအနေက ပိုဆိုးလာတယ်။ အဲဒီနေ့ညမှာပဲ ကြံ့ဖွံ့က အလုပ်အမှုဆောင်တယောက်ရဲ့ စတိုးဆိုင်နဲ့ အိမ် ၀င်ပြီး ဖျက်ဆီးခံလိုက်ရပါတယ်။အဲဒီနောက်ပိုင်းတော့ သံဃာတော်တွေနဲ့ ပြည်သူတွေ လမ်းလျှောက် ဆန္ဒပြပွဲတွေက နေရာအတော်များများမှာ ဖြစ်လာကြတယ်။ စက်တင်ဘာလ (၁၈) ရက်နေ့ တနေ့တည်းမှာပဲ ရန်ကုန်မြို့ အပါအ၀င် မြို့ပေါင်း (၁၂) မြို့မှာ ဆန္ဒပြမှုတွေ ရှိခဲ့တယ်။ ရန်ကုန်မှာဆို ရွှေဘုန်းပွင့်ဘုရားမှာ သံဃာ (၃၀၀) လောက်၊ ကျိုက္ကဆံဘုရားမှာ သံဃာ (၃၀) လောက်နဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာ သံဃာ (၁၀) ပါးလောက်စုပြီး မေတ္တာပို့ ဆန္ဒပြတာတွေ လုပ်ခဲ့ကြတယ်။
စက်တင်ဘာလ (၁၉) ရက်နေ့မှာကျတော့ ဆန္ဒပြတွေ ပိုများလာတယ်။ ကျွန်တော်တို့ ရရှိတဲ့ သတင်းပေးပို့ချက်တွေအရ ဆိုရင် စုစုပေါင်း (၁၇) မြို့မှာ ဆန္ဒပြပွဲတွေ ရှိခဲ့တယ်။ ရန်ကုန်မှာ ဆိုရင်လည်း အရင်နေ့တွေကထက် သံဃာတွေ ပိုများလာတာကို တွေ့ရတယ်။ အလုံ၊ တောင်ဥက္ကလာပ နဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တွေမှာ သံဃာအပါး (၃၀၀) စီလောက် စီတန်းဆန္ဒပြတာတွေ ရှိခဲ့တယ်။ စက်တင်ဘာလ (၂၀) ရက်နေ့မှာ မြို့ပေါင်း (၂၀)၊ စက်တင်ဘာလ (၂၁) ရက်နေ့မှာ (၂၅) မြို့၊ စက်တင်ဘာလ (၂၂) ရက်နေ့မှာ (၃၅) မြို့၊ စက်တင်ဘာလ ( ၂၃) ရက်နေ့မှာ (၄၅) မြို့နဲ့ စက်တင်ဘာလ (၂၄) ရက်နေ့မှာတော့ ရန်ကုန်အပါအ၀င် မြို့ပေါင်း (၉၆) နေရာမှာ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့တယ်။ စက်တင်ဘာလ (၂၄) ရက်နေ့မှာဆိုရင် ရန်ကုန်မြို့ရဲ့ မြို့နယ် (၁၂) မြို့နယ်မှာ သံဃာ အင်အား (၂၄၅၀၀) နဲ့ လူအင်အား (၂၀၀၀၀) လောက် ဆန္ဒပြခဲ့တာမို့ ဒီအတိုင်း ဆက်လွှတ်ထားရင် ရေရှည်မှာ ထိန်းသိမ်းဖို့ ခက်ခဲလာနိုင်တယ်လို့ အထက်လူကြီးတွေက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး အဲဒီဆန္ဒပြပွဲတွေမှာ NLD ပါတီဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ နဲ့ ၁၉၉၀ ရွေးချယ်ခံ ကိုယ်စားလှယ်တွေ ပါလာပြီး ခွပ်ဒေါင်းအလံတွေကို အသုံးပြုလာကြတာကို တွေ့ရပါတယ်။
မေး - ဒီလိုမျိုးဆန္ဒပြပွဲတွေ တောက်လျှောက် ဖြစ်လာတယ်၊ အဲဒီမှာပါတဲ့ သံဃာနဲ့ပြည်သူ အင်အားတွေကလည်း တဖြည်းဖြည်း များလာတယ်ပေါ့နော်။ အဲဒီအချိန်မှာ ဆန္ဒပြမှုတွေနဲ့ ပတ်သတ်ပြီး အစိုးရဘက်ကရော ဘယ်လို ပြင်ဆင်မှုတွေ လုပ်နေခဲ့လဲ။
ဖြေ - ကျွန်တော်တို့ ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူးရုံး အတိုကောက်စကားနဲ့ဆို ရကဖ ပေါ့။ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအရ ရဲတပ်ရင်းတွေ စုဖွဲ့ထားဖို့ ရကဖ ကို စက်တင်ဘာ လဆန်းပိုင်းကတည်းက ညွှန်ကြားခဲ့ပါတယ်။ ဒီ့မတိုင်ခင်ကလည်း ရန်ကုန်မြို့ရဲ့ တချို့နေရာတွေမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ ရဲတပ်ရင်းတွေ ရှိပြီးသားပါ။ ဒါပေမဲ့ အဲဒီထဲက ဖွဲ့စည်းပုံမပြည့်တဲ့ တပ်ရင်းတွေလည်း ရှိတာမို့ လိုအပ်အင်အားတွေကို တခြား ရဲတပ်ရင်းတွေဆီက ထုတ်နုတ် ဖြည့်ဆည်းခဲ့ပါတယ်။ စက်တင်ဘာ လလယ်ပိုင်းမှာတော့ ရဲတပ်ရင်းအလိုက် အင်အားစုဖွဲ့တာနဲ့ စစ်ကြောင်းဖွဲ့တဲ့ ကိစ္စတွေအားလုံး အသင့်အနေအထား ဖြစ်နေပါပြီ။
မေး - ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းကို နှိမ်နှင်းတဲ့နေရာမှာ ဘယ်ရဲတပ်ရင်းတွေ ပါလဲ၊ ဘယ်လိုစုဖွဲ့ခဲ့လဲ၊ ဘယ်သူတွေ ဦးဆောင်ခဲ့လဲဆိုတာ အသေးစိတ် ပြောပြပါလားခဗျ။
ဖြေ - ဟုတ်ကဲ့ ပြောပြနိုင်ပါတယ်။ အရေးပေါ်အခြေအနေမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး တပ်ခွဲတခွဲကို ဒုရဲမှူး/ရဲအုပ် ဦးစီးပြီး အင်အား (၅၆) ယောက်ပါတဲ့ တပ်ခွဲ (၁၆) ခွဲဖွဲ့ခဲ့ပါတယ်။ တပ်ခွဲအလိုက် တပ်ဆင်ခဲ့တဲ့ လက်နက်တွေကို အသေးစိတ် ပြောရမယ်ဆိုရင် တပ်ခွဲတ်ခွဲမှာ ပစ္စတို/ခြောက်လုံးပြူး (၂) လက်၊ ကာဘိုင် (၃) လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် (၁၅) လက်၊ ၃၇/၃၈ မမ ဗုံးပစ်သေနတ်(ရှဲဂန်းလို့ခေါ်တာပေါ့) (၃) လက်၊ ဒဿမ (၃၀၃) စက်ကလေး (၃) လက်၊ ချေမှုန်းရေး ရိုင်ဖယ် (၁၆) လက်၊ လက်ပစ်မီးခိုးဗုံး အလုံး (၅၀)၊ နံပတ်တုတ် အချောင်း (၅၀)၊ ဒိုင်း (၂၅) ခု ပါပါတယ်။ အရန်လက်နက်တွေနဲ့ တခြားပစ္စည်းတွေလည်း ရှိသေးတယ်ဗျ။ အဲဒါတွေက သံဆူးကြိုးခွေတွေ၊ ၁၀ ပေတုတ်တွေက အချောင်း (၅၀)၊ ၃ ပေတုတ်က အချောင်း (၅၀)၊ လက်ထိပ်အခု (၅၀) ၊ တပ်ဖွဲ့ဝင်တိုင်းအတွက် လေးခွ/လောက်စာလုံးတွေ၊ လည်စီးအနီရောင်နဲ့ အပြာရောင်တွေ ရိက္ခာတပတ်စာပါ ထည့်သွင်း ဖွဲ့စည်းပေးထားခဲ့ပါတယ်။ လိုအပ်တဲ့လက်နက်တွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နရခ လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ရုံးကနေ ဖြည့်ဆည်းပေးခဲ့ပါတယ်။
စစ်ကြောင်းဖွဲ့စည်းမှု အရကတော့ တပ်ခွဲနှစ်ခွဲကို စစ်ကြောင်းတ်ကြောင်း၊ စစ်ကြောင်းနှစ်ကြောင်းကို ရဲတပ်ရင်း တရင်းအနေနဲ့ ဖွဲ့ခဲ့ပါတယ်။ အဲဒီတုန်းက ပါဝင်ခဲ့တဲ့ ရဲတပ်ရင်း/ တပ်ဖွဲ့တွေ ကတော့ တပ်ရင်းမှူး ဒုရဲမှူးကြီး သက်လွင်နဲ့ ဒုတပ်ရင်းမှူး ရဲမှူး ၀င်းဗိုလ်တို့ ဦးစီးတဲ့ ရဲတပ်ရင်း (၁)၊ ခေတ္တတပ်ရင်းမှူး ရဲမှူး ဇော်ခင်အောင်နဲ့ ဌာနချုပ်တပ်ခွဲမှူး ရဲမှူး မောင်မောင်အေးတို့ ဦးစီးတဲ့ ရဲတပ်ရင်း (၃)၊ တပ်ရင်းမှူး ဒုရဲမှူးကြီး အောင်ဌေးမြင့်နဲ့ ဒုတပ်ရင်းမှူး ရဲမှူး တေဇာထက်တို့ ဦးစီးတဲ့ ရဲတပ်ရင်း (၅)၊ တပ်ရင်းမှူး ဒုရဲမှူးကြီး ဇော်မြင့်ဦးနဲ့ ဒုတပ်ရင်းမှူး ရဲမှူး ညဏ်မြင့်တို့ ဦးစီးတဲ့ ရဲတပ်ရင်း (၈) တွေအပြင် ရဲမှူးအေးသန်း ဦးစီးတဲ့ အကြမ်းဖက်တပ်ဖွဲ့ တို့ကို စုဖွဲ့ခဲ့ပါတယ်။ အဲဒီ အကြမ်းဖက်တပ်ဖွဲ့ လက်အောက်မှာလည်း တပ်ခွဲ (၄) ခွဲလောက် ပါမယ် ထင်ပါတယ်။
မေး - အဲဒီ ရဲတပ်ရင်းတွေကို ဘယ်နေရာတွေမှာ ဖြန့်ချထားခဲ့လဲ ခဗျ။
ဖြေ - စက်တင်ဘာလ ဒုတိယနဲ့ တတိယပတ်အတွင်းမှာ အထက်ရဲ့ ညွှန်ကြားချက်အရ ရဲတပ်ရင်းတွေကို နေရာဖြန့်ခွဲချထားခဲ့ပါတယ်။ အင်းစိန်မှာ ရှိတဲ့ မှုခင်းတပ်ဖွဲ့ရုံးနဲ့ တက္ကသိုလ်များ ဓမ္မာရုံမှာ ရဲတပ်ရင်း (၁)၊ ပန်းဝါနဲ့  မူးယစ်ဆေးဝါး ပြတိုက်မှာ ရဲတပ်ရင်း (၃)၊ ဦးလှသိန်းဓမ္မာရုံနဲ့ ဘုရား (၅) ဆူမှာ ရဲတပ်ရင်း (၅)၊ ၀န်ကြီးများရုံးနဲ့ မီးရထား ရုံးချုပ်မှာ ရဲတပ်ရင်း (၈)၊ ပဒုမ္မာကွင်း၊ ရွှေတိဂုံဘုရားနားက စစ်တီးဝိုင်းတပ်နဲ့ ကျိုက္ကဆံကွင်းမှာ အကြမ်းဖက်က တပ်ခွဲတွေကို ဖြန့်ချလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အနီးမှာလည်း ရဲတပ်ရင်း (၅) နဲ့ (၆) က တပ်ခွဲတခွဲစီကို ထုတ်နှုတ်ပြီး နေရာချထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတွေက ပုဒ်မ (၁၄၄) မထုတ်ပြန်ခင်အချိန် တပ်ဖြန့်ထားတာဗျ။ ပုဒ်မ (၁၄၄) ထုတ်ပြီးတဲ့နောက်ပိုင်း တပ်မ (၇၇) နဲ့ စကခ (၄) (အမှတ် - ၄ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဖူးကြီး) တပ်တွေ ၀င်လာပြီးတော့ အဲဒီတပ်တွေနဲ့တွဲပြီး နေရာ ပြောင်းယူခဲ့ရတာတွေ ရှိတယ်။
မေး - ဒါဆို ပုဒ်မ (၁၄၄) ထုတ်ပြီးတဲ့နောက် တပ်ဖြန့်တဲ့ အခြေအနေတွေကို ပြောပြပါဦး။
ဖြေ - စက်တင်ဘာလ (၂၅) ရက်နေ့မှာ ပုဒ်မ (၁၄၄) စထုတ်တယ်။ စက်တင်ဘာလ (၂၆) ရက်နေ့ရောက်တော့ ဆန္ဒပြမှုတွေ ထပ်ဖြစ်လာဦးမယ်ဆိုရင် ဖြိုခွဲရမယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်လာလို့ ရဲတပ်ရင်းတွေကို နေရာရွှေ့ပြီး အသင့်အနေအထား လုပ်ထားခဲ့တယ်။ အဲဒီနေရာတွေက ခြောက်ထပ်ကြီးကျောင်း၊ ငါးထပ်ကြီးကျောင်း၊ ငွေကြာရံ ကျောင်း၊ မင်္ဂလာရာမကျောင်း၊ မိုးကောင်းဘုရား၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၊ ရွှေတိဂုံ ကြေးသွန်းဘုရား အနီးတ၀ိုက်တွေမှာ အသင့်ရွှေ့ပြောင်းထားခဲ့တယ်။ လိုအပ်ရင် စစ်ကူခေါ်ဖို့အတွက်လည်း ကျိုက္ကဆံကွင်းက အကြမ်းဖက်တပ်ခွဲတွေကို အသင့်အနေအထား လုပ်ထားခဲ့ပါတယ်။
စက်တင်ဘာ (၂၆) ရက်နေ့မှာ ရွှေတိဂုံဘုရားမှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြတဲ့သူတွေ အဓိကရုဏ်းဖြစ်ပြီးတော့ တပ်မတော်က တပ်တွေနဲ့တွဲပြီး နေရာဖြန့်ဖို့ ညွှန်ကြားချက် ထွက်လာပါတယ်။ အဲဒီ ညွှန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးမှာ ရဲတပ်ရင်း (၅) နဲ့ (၆) ကတပ်ခွဲတစ်ခွဲစီ ထုတ်နုတ်ပြီး ဖြန့်ချပြီး ဒုရဲမှူးကြီးအောင်ဌေးမြင့်ကို ဦးစီးဖို့ တာဝန်ပေးခဲ့ပါတယ်။ ကျိုက္ကဆံကွင်းမှာတော့ တပ်မ (၇၇) က ဒုဗိုလ်မှူးကြီး လှဖြိုးဦးစီးတဲ့ ခမရ (၁၀၁)၊ ရဲတပ်ရင်း (၉)၊ အကြမ်းဖက်တပ်ခွဲ (၄) ခွဲနဲ့ စွမ်းအားရှင်အယောက် (၂၀၀)၊ တော်လှန်ရေးပန်းခြံမှာ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး စိုးတင့်နိုင် ဦးစီးတဲ့ ခမရ (၇၀၃)၊ ခမရ (၇၀၅)၊ ရဲတပ်ရင်း (၁)၊ ရဲတပ်ရင်း (၃)မှ ထုတ်နုတ် တပ်ခွဲ(၁) ခွဲ၊ သခင်မြပန်းခြံမှာ စကခ (၄) မှ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး အေးလွင် ဦးစီးတဲ့ ခမရ (၇၀၁)၊ ခမရ (၇၁၀) ၊ ရဲတပ်ရင်း (၃) နဲ့ ရဲတပ်ရင်း (၈) နဲ့ စွမ်းအားရှင် အယောက် (၂၀၀)၊ ပြည်ထဲရေးရုံးမှာ အရန်အင်အားအဖြစ် ရဲတပ်ရင်း (၃) မှ ထုတ်နုတ်တပ်ခွဲ (၂) ခွဲတို့ကို ဖြန့်ချခဲ့ပါတယ်။
မေး - စက်တင်ဘာလ (၂၆) ရက်နေ့က ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်လေးနဲ့ ပတ်သတ်ပြီး သိရင် ဘယ်အချိန် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ အသေးစိတ် ပြောပြပေးပါဦး။
ဖြေ - ဟုတ်ကဲ့ သိပါတယ်။ အဲဒီ့အချိန်တုန်းက ကျွန်တော်က အနီးကပ် ကွပ်ကဲရေးအဖွဲ့တွေထဲမှာ မပါပေမဲ့ ရုံးမှာထိုင်ပြီး ဘေးနံတပ်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းရေးတာဝန်တွေ ယူနေခဲ့တာမို့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဆက်သွယ်ရေးစက်ပေါ်မှာ တောက်လျှောက် ကြားနေရပါတယ်။စက်တင်ဘာလ (၂၆) ရက်နေ့ မနက်ပိုင်းမှာ ပြည်ထဲရေးရုံးမှာ လတ်တလော ဖြစ်နေတဲ့ ကိစ္စတွေ၊ ရဲတပ်ရင်းတွေနဲ့ ပတ်သတ်တဲ့ တပ်တည်တပ်လှုပ် သတင်းတွေ Brefing လုပ်၊ ရှင်းလင်းပြီးတော့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရန်ကုန်မြို့ထဲက ရဲတပ်ရင်းတွေကို လိုက်စစ်ဖို့ထွက်သွားပါတယ်။ မနက် (၉)နာရီကျော်ကျော်လောက် ဖြစ်မယ် ထင်ပါတယ်။ သူနဲ့အတူ ရဲထောက်ချုပ်၊ ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့မှူး၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတချို့လည်း ပါသွားပါတယ်။ ပြည်ထဲရေးရုံးကနေ မိုးကောင်းကျောင်းတိုက်၊ ငွေကြာယံကျောင်းတိုက်၊ ကြေးသွန်းဘုရားတွေမှာ ချထားတဲ့ ရဲတပ်ရင်းတွေကို စစ်ဆေးပြီး မင်္ဂလာရာမ ကျောင်းတိုက်ကို မနက် (၁၀း၃၀) နာရီ လောက်မှာ ရောက်သွားခဲ့ပါတယ်။ မင်္ဂလာရာမကျောင်းတိုက်မှာ တာဝန်ကျနေတဲ့ တပ်ဖွဲ့တွေကို စစ်ဆေးနေတုန်းမှာပဲ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ သံဃာတွေ စုဝေးနေတယ်လို့ သတင်းပို့တာကြောင့် ရဲချုပ်နဲ့အဖွဲ့ဟာ ကြေးသွန်းဘုရားဆီကို ပြန်လှည့်သွားပါတယ်။ အဲဒီကြေးသွန်းဘုရားမှာ ရဲမှူးညဏ်မြင့် ဦးစီးတဲ့ ရဲတပ်ရင်း (၈) က တပ်ခွဲတွေအပြင် ခမရ (၇) တပ်ရင်းလည်း တပ်ရင်းမှူးကိုယ်တိုင် ဦးစီးပြီး ရှိနေပါတယ်။ပြီးတော့ ရဲမှူးညဏ်မြင့်နဲ့ တပ်ခွဲတခွဲကို အလယ်ပစ္စယံမှာ ရောက်နေတဲ့ စစ်ဒေသ(၃)မှူး၊ စွမ်းအားရှင် (၈၀) လောက်နဲ့ သွားပြီး ပူးပေါင်းစေခဲ့ပါတယ်။ စုဝေးနေတဲ့ သံဃာတွေနဲ့ ပြည်သူအင်အားတွေ ပိုပိုများလာတာကြောင့် အင်အားသုံးဖြိုခွဲဖို့ ဆုံးဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ အကြမ်းဖက်တပ်ခွဲတ်ခွဲကို လှမ်းခေါ်ခဲ့ပါတယ်။
အဲ..ဒါပေမဲ့ အဲဒီတပ်ခွဲက လမ်းမှာ ကားပျက်နေတာမို့ သတ်မှတ်ချိန်ထက် နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာပြီး ပူးပေါင်းခဲ့ပါတယ်။ဗဟန်း (၃) လမ်းဘက်ကနေ သံဃာတော် (၃၀၀) နဲ့ လူအင်အား (၅၀၀) လောက် တက်လာပြီး ခြင်္သေ့နှစ်ကောင် နေရာကနေ ဘုရားပေါ်တက်ဖို့ ကြိုးစားတာနဲ့ စောင်းတန်းတံခါးကို ပိတ်လိုက်ရပါတယ်။ ကြားတောရနဲ့ ဗဟန်း (၃) လမ်းကို ခမရ (၇) က တပ်ရင်းမှူး ဦးစီးတဲ့ တပ်ကို ပိတ်ဆို့ဖို့ တာဝန်ပေးလိုက်ပေမဲ့ ဆန္ဒပြသူတွေဘက်က လူအင်အားများတာကြောင့် မတားဆီးနိုင်ဘဲ ပြန်ဆုတ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ဦးထောင်ဘိုလမ်းဘက်ကနေ သံဃာတော် (၅၀၀) နဲ့ လူအင်အား (၁၀၀၀) ကျော်ပါတဲ့ အုပ်စုကြီး ထပ်ဝင်လာတာမို့ ရဲချုပ်တို့အဖွဲ့ရော၊ ရဲတပ်ရင်းတွေပါ ပိတ်မိသွားပါတယ်။ ဒါကြောင့်မို တပ်ကူလှမ်းတောင်းတာမို့ ခြောက်ထပ်ကြီးဘုရားနားမှာ ရှိနေတဲ့ ရဲတပ်ရင်း (၁) ကို စေလွှတ်ပေးခဲ့ရပါတယ်။ အဲဒီ ရဲတပ်ရင်း (၁) ကို ဒုတိယရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့မှူး ကိုယ်တိုင် ဦးစီးပြီး ရွှေတိဂုံက အဖွဲ့တွေနဲ့ သွားပေါင်းခဲ့ပါတယ်။ စောင်းတန်းမှာရှိနေတဲ့ သံဃာတော်တွေကို ဖမ်းဆီးဖို့ အလယ်ပစ္စယံမှာရှိနေတဲ့ စွမ်းအားရှင်တွေကို လွှတ်ပြီးခိုင်းခဲ့ပေမဲ့ မဖမ်းရဲပဲ လူအုပ်ကြားထဲ ၀င်ရောက်သွားတာမို့ စစ်ဒေသမှူးနဲ့ တပ်ရင်းမှူးတွေ ဆဲနေတာကို စက်ပေါ်ကနေ ကြားနေရပါတယ်။
နေ့လည် ၁၂ နာရီ ၃၀ လောက်မှာ ရဲချုပ်၊ ရဲတပ်ရင်းများကွပ်ကဲရေးမှူးတွေက သံဃာတော်ခေါင်းဆောင်တွေကို လူစုခွဲဖို့ ပြောနေတုန်းမှာပဲ ရုန်းရင်းဆန်ခတ် စဖြစ်ပါတယ်။ ဆန္ဒပြတဲ့သူတွေဘက်ကလည်း အုတ်ခဲကျိုးတွေ၊ ပုလင်းတွေ၊ ကျောက်ခဲ့တွေ၊ သစ်သားအတိုအစတွေနဲ့ ပစ်ပေါက်ကြပြီး ရဲတပ်ရင်းတွေဘက်က မျက်ရည်ဗုံးတွေ၊ မီးခိုးဗုံးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ လူစုကွဲသွားတယ်လို့ သိရပါတယ်။ နေ့လည် ၁ နာရီ ၁၅ လောက်မှာ ရဲချုပ်နဲ့အဖွဲ့က ပြည်ထဲရေးကို ပြန်လာခဲ့ပြီး အဲဒီနေရာကိုတော့ ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့မှူးက ဆက်ပြီး တာဝန်ယူထားခဲ့ပါတယ်။
စက်ပေါ်ကနေ သိခဲ့ရတဲ့ သတင်းပေးပို့ချက်တွေအရ အဲဒီရွှေတိဂုံဘုရားအနီးမှာပဲ ရဲတပ်ရင်းတွေနဲ့ ဆန္ဒပြသူတွေ အကြိမ်ကြိမ် ရင်ဆိုင် ထိတွေ့ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူ လူအင်အားတွေ တဖြည်းဖြည်း များလာကြောင်း တင်ပြလာတာကြောင့် ငွေကြာယံကျောင်းတိုက်မှာ ရှိနေတဲ့ ရဲတပ်ရင်း (၃) က ထုတ်နုတ်စစ်ကြောင်းတခုကို ကန်တော်ကြီးစောင်းကနေ ပတ်ပြီး ရှင်းလင်းဖို့ စေလွှတ်ပေးခဲ့ရပါတယ်။ အဲဒီနေ့က ရဲတပ်ရင်းတွေနဲ့ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲတွေ ပေးပို့တဲ့ ခဲယမ်းသုံးစွဲမှုပြန်တမ်းအရ သိရတဲ့ ကျည်သုံးစာရင်းကတော့ ၁၂ ဗို့ကျည် (၆၃) တောင့်၊ အမ် ၃၇/၃၈ မမ မျက်ရည်ယိုဗုံးသီး (၁၀၉) လုံး၊ ဒဿမ ၃၀၃ ကျည် (၁၈) တောင့်၊ မီးခိုးဗုံး (၁၄၃) လုံး လို့ သိရပါတယ်။ အဲဒါက ကျွန်တော်တို့ ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့ ရဲတပ်ရင်းတွေနဲ့ ပတ်သတ်တဲ့ ခဲယမ်းစာရင်းပါ။ စစ်တပ်တွေက သုံးတဲ့စာရင်းကတော့ ကျွန်တော်တို့နဲ့ မဆိုင်တဲ့အတွက် မသိရပါဘူး။
စက်တင်ဘာ (၂၆) ရက်နေ့မှာ ရွှေတိဂုံဘုရားအနီးမှာ အဓိကရုဏ်းတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး နောက်နေ့မှာတော့ ရန်ကုန်တမြို့လုံး နေရာအနှံ့မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်တွေကို စစ်တပ်နဲ့ ရဲတပ်ရင်းတွေက ဘယ်လို နှိမ်နှင်းခဲ့လဲ ဆိုတာ ပြောပြပေးပါဦး။၂၆ ရက်နေ့ညမှာပဲ ကျွန်တော်တို့ ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့ ရဲတပ်ရင်းတွေကို စစ်တပ်တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး နေရာယူစေခဲ့ပါတယ်။ နောက်ပြီး လက်ရှိ ရဲတပ်ရင်းအင်အားနဲ့ မလုံလောက်ဖူးလို့ သုံးသပ်မိတာကြောင့် ဒုရဲမှူးကြီး ဘိုဘိုဦး ဦးစီးတဲ့ ရဲတပ်ရင်း (၉) ကိုခေါ်ယူပြီး အင်အားထပ်ဖြည့်ခဲ့ရပါတယ်။ အဲဒီ သံဃာ့အရေးအခင်းကာလမှာ ကျွန်တော်တို့နဲ့ ပူးပေါင်းခဲ့ရတဲ့ စစ်တပ်တွေကို မှတ်မိသလောက် ပြောရမယ်ဆိုရင် ခမရ (၁၀၁)၊ ခမရ (၇၀၁)၊ ခမရ (၇၀၂)၊ ခမရ (၇၀၃)၊ ခမရ (၇၀၄)၊ ခမရ (၇၀၅)၊ ခမရ (၇၁၀) တို့ဖြစ်ပါတယ်။စက်တင်ဘာလ (၂၇) ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ထိတွေ့မှုဖြစ်စဉ်တွေကတော့ -
(၁) စကခ (၄) က နည်းဗျူဟာမှူးဦးစီးတဲ့ ခမရ (၇၀၃) နဲ့ ရဲတပ်ရင်း (၁) တို့ ပူးပေါင်းအဖွဲ့ဟာ ဗဟိုဈေးမှတ်တိုင်မှာ လူအင်အား (၂၅) ယောက်၊ မြို့ပတ်သံလမ်းနေရာမှာ လူအင်အား (၇၀၀) ခန့်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်မှာ လူအင်အား (၂၀၀၀) ခန့် တို့ကို မီးခိုးဗုံးတွေ၊ ရာဘာကျည်တွေနဲ့ အင်အားသုံး ဖြိုခွဲခဲ့ပါတယ်။ ဒါပေမဲ့ နေ့လည် (၁၁း၃၀) လောက်မှာတော့ ရန်ကင်း သစ္စာလမ်းမှာ လူအင်အား (၇၀၀၀) လောက်၊ တောင်ဥက္ကလာ သစ္စာလမ်းမှာ လူအင်အား (၇၅၀၀) လောက်နဲ့ ဝေဇယန္တာလမ်း တောင်ဘက်ခြမ်းမှာ လူအင်အား (၁၅၀၀) လောက် ပြန်လည် စုဖွဲ့လာတာမို့ ခမရ (၇၀၂) ကို စစ်ကူခေါ်ခဲ့ရပြီး အင်အားသုံး ဖြိုခွဲခဲ့ရပါတယ်။ ဒါပေမဲ့ ဆန္ဒပြတဲ့ လူအုပ်စုကြီးဟာ ခဏပဲ ပြိုကွဲပြီး ပြန်စုလာတာမို့ နေ့လည် (၁း၃၀) နာရီလောက် ရောက်တော့ သစ္စာလမ်းနဲ့ ဝေဇယန္တာလမ်းတွေမှာ အင်အား (၂၀၀၀၀) လောက် ပြန်ဖြစ်လာပါတယ်။ အဲဒီလူအုပ်စုကြီးတော့ ညနေ (၅) နာရီလောက်ထိ အင်အားသုံးဖြိုခွဲခဲ့ရပါတယ်။
(၂) အဲဒီအချိန်မှာပဲ ရဲတပ်ရင်း (၁) ကထုတ်နုတ် တပ်ခွဲ (၂) ခွဲ၊ ခမရ (၇၀၅) နဲ့ စွမ်းအားရှင် (၁၀၀) လောက်တို့ ပူးပေါင်းအဖွဲ့ဟာလည်း ဆူးလေဘုရားလမ်းနဲ့ ရွှေဘုံသာလမ်းမှာ လူအင်အား (၁၅၀၀၀)ခန့်၊ အနော်ရထာမီးပွိုင့်မှာ လူအင်အား (၁၀၀၀)ခန့်နဲ့ ပန်းဆိုးတန်းမီးပွိုင့်မှာ လူအင်အား (၇၀၀) ခန့်ကို အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ ဂျပန်လူမျိုး သတင်းထောက် သေနတ်ထိမှန် သေဆုံးခဲ့တဲ့ နေရာပေါ့။(၃) ရဲတပ်ရင်း (၈)က ဆူးလေဘုရာလမ်းထောင့်မှာ လူအင်အား (၆၀၀၀) ခန့်၊ ပန်းဆိုးတန်းခုံးကျော်တံတားအောက်မှာ လူအင်အား (၂၀၀၀) ကျော်ကို အင်အားသုံးပြီး လူစုခွဲခဲ့ရပါတယ်။(၄) ရဲတပ်ရင်း (၉) ကလည်း ကျိုက္ကဆံဘုရားမှာ လူအင်အား (၅၀၀) ခန့်နဲ့ အရှေ့မြင်းပြိုင်ကွင်းလမ်းဆုံမှာ လူအင်အား (၁၀၀၀) ကျော်နဲ့ ရှင်ပါကူဆေးရုံရှေ့မှာ လူအင်အား (၃၀၀၀) ကျော်ကို အင်အားသုံး ရှင်းလင်းခဲ့ပါတယ်။(၅) အကြမ်းဖက်တပ်ခွဲတွေဟာလည်း အရှေ့မြင်းပြိုင်ကွင်းလမ်းနဲ့ လေးထောင့်ကန်လမ်းဆုံ (စူပါဝမ်း ကုန်တိုက်အနီး) မှာ လူအင်အား (၇၀၀) ခန့်၊ တာမွေ အထက (၃) ရှေ့မှာ လူအင်အား (၃၀၀၀) ကျော်ကို နှစ်ကြိမ်ရှင်းလင်းခဲ့ရပြီး သံဃာ (၇) ပါး၊ ကျား (၁၃၈) ဦး နဲ့ မ (၅၁) ဦး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။အဲဒီ စက်တင်ဘာလ (၂၇) ရက်နေ့မှာ သုံးစွဲခဲ့တဲ့ ကျည်စာရင်းကတော့ ၁၂ ဗို့ကျည် (၉၂) တောင့်၊ အမ် ၄၀ မမ ဗုံးသီး (၂၄၂) လုံး၊ အမ် ၃၇/၃၈ မမ မျက်ရည်ယိုဗုံးသီး (၁၃၃) လုံး၊ ၅.၅၆ ကျည် (၂၀) တောင့်၊ ပွိုင့် ၃၀ ကာဘိုင်ကျည် (၂) တောင့်၊ ၇.၆၂ ကျည် (၃၆) တောင့်၊ မီးခိုးဗုံး (၁၃) လုံး ဖြစ်ပါတယ်။
မေး - အတော်လေး ပြည့်ပြည့်စုံစုံပါပဲ ခဗျာ။ နောက်ရက်တွေမှာရော ဘယ်လို ဖြစ်စဉ်မျိုးတွေလဲ ရှိလဲဆိုတာ ပြောပြပါဦး။
ဖြေ - စက်တင်ဘာလ (၂၇) ရက်နေ့မှာ အတော်လေး ပစ်ခတ်နှိမ်နှင်းခဲ့တာမို့ နောက်တနေ့မှာတော့ လူစုလူဝေးတွေ သိပ်များများ မတွေ့ရတော့ပါဘူး။ စက်တင်ဘာလ (၂၈) ရက်နေ့မှာ ရဲတပ်ရင်း (၈) အနေနဲ့ အင်အားသုံး ပစ်ခတ် ရှင်းလင်းခဲ့ရတာတွေကတော့ အနော်ရထာလမ်းနဲ့ ၂၄ လမ်းထောင့်မှာ အင်အား (၅၀၀) ခန့်၊ အနော်ရထာလမ်းနဲ့ ၂၆ လမ်းမှာ လူအင်အား (၃၀၀) ခန့်၊ အနော်ရထာလမ်းနဲ့ ၃၈ လမ်းထောင့်မှာ လူအင်အား (၃၀၀) ကျော်၊ ရဲတပ်ရင်း (၃) အနေနဲ့ ဗိုလ်အောင်ကျော်လမ်းနဲ့ ၂၇ လမ်းထောင့်မှာ အင်အား (၂၀၀) ခန့်၊ ရွှေတိဂုံဘုရားလမ်းနဲ့ သိမ်ကြီးဈေးထောင့်မှာ လူအင်အား (၃၀၀) ခန့်ကို ပစ်ခတ် နှိမ်နှင်းရှင်းလင်းခဲ့ပါတယ်။ အဲဒီနေရာမှာ ကျား (၁၄) ဦး ဖမ်းဆီးခဲ့ပါတယ်။ အကြမ်းဖက်တပ်ဖွဲ့တွေ အနေနဲ့ကတော့ မင်္ဂလာတောင်ညွန့်ဈေးရှေ့မှာ အင်အား (၃၀၀) ကျော်၊ ယုဇနပလာဇာရှေ့မှာ အင်အား (၃၀၀) ကျော်ကို အဆင့်ဆင့် ပစ်ခတ်နှိမ်နှင်းခဲ့ရတယ်လို့ သတင်းပို့ပါတယ်။ အဲဒီ တစ်နေ့လုံးရဲ့ကျည်သုံးစာရင်းကတော့ အမ် ၄၀ မမ ဗုံးသီး (၈၅) လုံး၊ အမ် ၃၇/၃၈ မမ မျက်ရည်ယိုဗုံးသီး (၅၃) လုံး နဲ့ မီးခိုးဗုံး (၂၉) လုံး ဖြစ်ပါတယ်။
နောက်ရက်တွေမှာတော့ ထူးထူးခြားခြား အင်အားသုံး ဖြိုခွင်းရတာတွေ သိပ်မရှိတော့ပါဘူး။ ရဲတပ်ရင်းတွေ၊ အကြမ်းဖက်တပ်ဖွဲ့တွေနဲ့ တပ်မတော်က တပ်ရင်းတွေ ပူးပေါင်းပြီးတော့ စစ်ကြောင်း (၆) ခုခွဲပြီး ရန်ကုန်တမြို့လုံး အင်အားပြလှည့်လည်တာနဲ့ နေရာအချို့မှာ ပိတ်ဆို့တာတွေကို အဆက်မပြတ်လုပ်ခဲ့ပါတယ်။ စက်တင်ဘာလ (၂၉) ရက်နေ့မှာ ဘုရားလမ်း ဘူတာမှာ လူအင်အား (၅၀) ကျော်၊ အနော်ရထာလမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာ လူအင်အား (၁၂၀) ကျော်၊ အနော်ရထာနဲ့ လမ်း (၃၀) ကြားမှာ လူအင်အား (၅၀၀) ကျော်၊ ဘုန်းကြီးလမ်းထောင့်မှာ လူအင်အား (၂၀၀) ကျော် တို့ကို ထပ်မံ ပစ်ခတ်ရှင်းလင်းရတာတွေ ရှိပါတယ်။ စက်တင်ဘာလ (၂၉) ရက်နေ့ရဲ့ကျည်သုံးစာရင်းကတော့ အမ် ၄၀ မမ ဗုံးသီး (၄၂) လုံ့း၊ အမ် ၃၇/၃၈ မမ မျက်ရည်ယိုဗုံးသီး (၁၈) လုံး၊ ၁၂ ဗို့ကျည် (၁၂) တောင့် နဲ့ မီးခိုးဗုံး (၂၁) လုံး ဖြစ်ပါတယ်။ နောက်ပိုင်းရက်တွေတော့ အင်အားသုံးဖြိုခွင်းမှု ဖြစ်စဉ်တွေ မရှိတော့ပါဘူး။
မေး - အဲဒီလို အင်အားသုံးနှိမ်နှင်းခဲ့တဲ့ ဖြစ်စဉ်တွေ အတွင်းမှာ နှစ်ဘက် ဒဏ်ရာရမှုတွေ၊ အသေအပျောက်တွေ ဘယ်လောက်ထိ ရှိခဲ့လဲ ပြောပြပေးပါဦး။
ဖြေ - သေတဲ့သူတွေနဲ့ အဖမ်းဆီးခံရတဲ့သူတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ရဲတပ်ရင်းတွေက လုပ်ပေးခဲ့ရတာတွေ ရှိပေမဲ့ တရားဝင် ကြေးနန်းသတင်းမျိုးတော့ မရှိပါဘူး။ ရှင်းလင်းရေးတာဝန်ကို လက်တွေ့ ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဆီကနေ သာမာန်စက်သတင်းနဲ့ ပြောစကားအနေလောက်ပဲ သိခဲ့ရတာပါ။ ကြားရသလောက်တော့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်းလမ်းနဲ့ တာမွေ အထက (၃) ရှေ့မှာ အသေအပျောက်တွေ ပိုများတယ်လို့ ပြောကြပါတယ်။ ကျွန်တော်တို့ရဲတပ်ရင်းတွေက လုံခြုံရေးယူဖို့နဲ့ အင်အားသုံးဖြိုခွင့်ဖို့ပဲ တာဝန်ပေးခံရတာပါ။ အဲဒီလို ကိစ္စတွေကိုတော့ သတင်းရဲတပ်ဖွဲ့နဲ့ စစ်တပ်က လူကြီးတွေကပဲ ကိုင်တွယ်တာမို့ ကျွန်တော်တို့ဆီကို သတင်းမတက်ခဲ့ပါဘူး။ သာမာန် သတင်းပေးပို့မှုအရ သိရတဲ့ အဖမ်းအဆီးသတင်းအရတော့ ၂၆-၉-၂၀၀၇ ရက်နေ့ ရွှေတိဂုံဘုရားမှာ သံဃာ (၁) ပါးနဲ့ လူ (၂၅) ဦး၊ ၂၇-၉-၂၀၀၇ ရက်နေ့ ဝေဇယန္တာလမ်းမှာ ကျား (၆၄) ယောက်၊ မ (၇) ဦး၊ အဲဒီနေ့ ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ကျား (၃၉) ဦး၊ မ (၁) ဦး၊ မြလမ်းနဲ့ ဦးချစ်မောင်လမ်းထောင့်မှာ ကျား (၁) ဦး၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းမှာ ကျား (၄၀) ဦး၊ မ (၂) ဦး အဲဒါပဲ သိခဲ့ရပါတယ်။ ဖမ်းဆီးတာတွေ ဒီ့ထက် ပိုများနိုင်ပါတယ်။ ဆန္ဒပြတဲ့ လူအုပ်စုတွေကို အင်အားသုံး ရှင်းလင်းတဲ့နေရာမှာ ပြင်ပသာမာန်ဒဏ်ရာရခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အချို့တော့ ရှိခဲ့ပါတယ်။ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဒုရဲမှူးကြီး (၁) ယောက်၊ ရဲအုပ် (၂) ယောက် အပါအ၀င် စုစုပေါင်း (၂၅) ယောက် ဒဏ်ရာရခဲ့ပါတယ်။
မေး - အဲဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ရဲတပ်ရင်းက တပ်ဖွဲ့ဝင်တွေဆီက တခြားဘယ်လို သတင်းတွေ၊ စကားတွေ ကြားရတာ ရှိသေးလဲခင်ဗျ။
ဖြေ - ရဲတပ်ရင်းတွေမှာ လက်ရှိတာဝန်ကျနေတဲ့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဒီလိုလူထုအုံကြွမှုမျိုးကို မကြုံဖူးကြတဲ့သူ များပါတယ်။ ဒီတော့ အင်အား အင်မတန်များတဲ့ ဆန္ဒပြလူအုပ်စုကြီး တွေ့လိုက်ရတဲ့ အချိန်မှာရော၊ အဲဒီ လူအုပ်စုကြီးက ကျောက်ခဲတွေ၊ အုတ်ခဲတွေ၊ ဖိနပ်တွေ စတဲ့ ရရာလက်နက်တွေနဲ့ အပြင်းအထန် တိုက်ခိုက်တာကို ကြုံလိုက်ရတာမို့ တပ်ဖွဲ့ဝင် တော်တော်များများက Shock ဖြစ်သွားကြတယ်လို့ ပြန်သိရပါတယ်။ တပ်ခွဲမှူးတွေ၊ အရာရှိတွေတောင် စိတ်အတော်လေး လှုပ်ရှားနေကြတာမို့ တပ်ဖွဲ့ကို အမိန့်ပေးတာတွေ၊ ဦးဆောင်တာတွေမှာ အလွဲလွဲအချော်ချော် ဖြစ်ကုန်ကြတယ်လို့ ကျွန်တော်နဲ့သိတဲ့ အရာရှိတွေက ပြန်ပြောပြကြပါတယ်။ အဲဒါကြောင့်မို့လည်း ရှေ့တန်းမှာ တိုက်ခိုက်ရေး အတွေ့အကြုံရှိတဲ့ ခြေမြန်တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြတဲ့ လူအုပ်စုကြီးတွေကို ရှင်းလင်းခိုင်းရတာလို့ သိရပါတယ်။
စက်တင်ဘာ (၂၇) ရက်နေ့ နောက်ပိုင်းမှာ ခြေမြန်တပ်ရင်းတွေ၊ ကျွန်တော်တို့ ရဲတပ်ရင်းတွေနဲ့ ဆန္ဒပြမှုဖြစ်ပွားတဲ့ နယ်မြေခံရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပိတ်ဆို့ရေးလုပ်ခဲ့တာတွေ ရှိပါတယ်။ ဥပမာ ဆူးလေဘုရားလမ်းထောင့်မှ ပိတ်ပြီး သွားလာနေတဲ့လူတွေကို စစ်ဆေးတာမျိုးပေါ့။ အဲဒီတုန်းကလည်း နယ်မြေခံရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေနဲ့ကြားမှာ မကျေမလည် ဖြစ်တာလေးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ နယ်မြေခံရဲစခန်းက နယ်ထိန်းဆိုတာက သူ့အပိုင်ရပ်ကွက်ထဲက လူတစ်ယောက်ကို မြင်တာနဲ့ ဒီလူက ဘယ်လမ်းမှာ နေတယ်၊ ဘာလုပ်တယ် ဆိုတာ ခရေစေ့တွင်းကျ မဟုတ်တောင် အရိပ်အမြွက်လောက်တော့ သိကြပါတယ်။ ခြေမြန်တပ်ရင်းက စစ်သားတွေကျတော့ မနေ့တနေ့ကမှ အဲဒီနေရာကို ရောက်လာတာမို့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေလို မသိကြပါဘူး။ စပို့ရှပ်အကျီအနက်ရောင်၊ အနီရောင်ဝတ်ထားမျိုး သူတို့မျက်စိထဲမှာ ထောင့်မကျိုးတဲ့လူငယ်တွေဆို မသင်္ကာဘူးဆိုပြီး စစ်သားတွေက ဖမ်းပါတယ်။ တစ်ခါ ကောင်လေး တယောက်ကို ဖမ်းဖို့လုပ်တော့ အဲဒီကောင်လေးနဲ့ ရင်းနှီးနေတဲ့ ရဲတယောက်က မဖမ်းပါနဲ့၊ ဒီကောင်လေးက ဒီလမ်းထဲမှာ ရိုးရိုးသားသားနေတာပါ၊ ကျွန်တော်နဲ့ ရင်းနှီးပါတယ်လို့ ၀င်ပြောလို့ အဲဒီရဲကို မဆိုင်တာ ၀င်မရှုပ်နဲ့၊ မင်းပါ ပစ်သတ်လိုက်လို့ ရတယ်လို့ အကြိမ်းခံရဖူးတယ်လို့ ကြားလိုက်ရပါတယ်။
အဲဒီကာလတုန်းက ကျွန်တော်တို့ ရဲတပ်ရင်းတွေက အရန်အင်အားပါပဲ။ ပစ်ခတ်ရှင်းလင်းမှုမလုပ်ခင် ရှေ့ကာအနေနဲ့ လုပ်ရတာပဲ များပါတယ်။ တကယ်တမ်းလက်တွေ့မှာ ပစ်ခတ်ရှင်းလင်းမှုတွေကိုတော့ ရဲတပ်ရင်းတွေနဲ့ ပူးပေါင်းထားတဲ့ စစ်တပ်ကပဲ လုပ်သွားတာ များပါတယ်။ အင်အားသုံးရှင်းလင်းရေး အရန်အဖြစ်သာ ရှိခဲ့တဲ့ ကျွန်တော်တို့ ရဲတပ်ရင်းတွေရဲ့ကျည်သုံးစာရင်းကပဲ ၁၂ ဗို့ကျည် (၁၆၇) တောင့်၊ အမ် ၃၇/၃၈ မမ မျက်ရည်ယိုဗုံးသီး (၂၆၀) လုံး၊ ၄၀ မမ ဗုံးသီး (၂၈၄) လုံး နဲ့ မီးခိုးဗုံး (၁၇၇) လုံး ရှိခဲ့တာမို့ ပင်မရှင်းလင်းရေး တာဝန်ယူခဲ့တဲ့ ခြေမြန်တပ်တွေဆိုရင် ဘယ်လောက်ထိ သုံးခဲ့မလဲဆိုတာ ခန့်မှန်းလို့ မရပါဘူး။ ရဲတပ်ရင်းတွေ သုံးခဲ့တဲ့ ကျည်
အရေအတွက်နဲ့တင် ရှေ့တန်းမှာ စခန်းသိမ်းတိုက်ပွဲတခု ဆင်နွှဲနိုင်ပါတယ်။၂၀၀၇ ခုနှစ် စက်တင်ဘာ

By Burma VJ Media Network

No comments:

Post a Comment