Tuesday 18 September 2012

ကော့သောင်း အနီး ဖမ်းထားသော ထိုင်းများကို ပြန်လွှတ်

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း နယ်မြေ ကျူးကျော်မှုဖြင့် ဖမ်းဆီး၍ ထောင်ဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံ သား ၈၃ ဦးကို မြန်မာအစိုးရက ပြန်လွှတ်ပေး လိုက်ကြောင်း ယနေ့ ထိုင်း သတင်းများတွင် ဖော်ပြထားသည်။ဇူလိုင်လ ၄ ရက်နေ့က
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာ စစ်တပ်က ဖမ်းဆီး၍ ပစ်ဒဏ်များ ချမှတ်ခဲ့သည်။

အစိုးရက လူဝင်မှု ကြီးကြပ်ရေး (လ၀က) ဥပဒေနှင့် သစ်တော ဥပဒေ ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ် ခံထားရသူ ၉၂ ဦး အထဲမှ ၈၃ ဦးကို ပြန်လွှတ်ပေးကြောင်း၊ ကျန် ၉ ဦးမှာ မူးယစ်ဆေးဝါးနှင့် လက်နက် ကိုင်ဆောင်သည့် အမှုများဖြင့် စွဲဆိုခံထား ရပြီး ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ထိုင်း-မြန်မာ နယ်စပ်ရေးရာ ကော်မတီ အကြီးအကဲ ဗိုလ်မှူးကြီး Pornsak Phoolsawat က ပြော သည်ဟု Post Today အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ထိုင်း နိုင်ငံသား ၈၃ ဦးကို မြန်မာ အစိုးရက ယနေ့ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်း သံရုံးမှတဆင့် တယ်လီ ဖုန်းဖြင့် အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း Pornsak Phoolsawat က ဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ကော့သောင်း ခရိုင် တရားသူကြီး ဒေါ်သူဇာလှိုင်ချိုက ထိုင်းအမျိုးသား ၈၂ ဦးနှင့် အမျိုးသမီး ၁၀ ဦးကို ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး ၎င်းတို့ကို ကော့သောင်းမြို့ရှိ ၉ မိုင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားများကို လွှတ်ပေးသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိရသော်လည်း ယမန်နေ့က နိုင်ငံ တ၀န်း အကျဉ်းထောင်များရှိ အကျဉ်းသား ၅၁၄ ဦးကို အစိုးရက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုရာတွင် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း ၃ ရက်ကြာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေချိန်၌ မြန်မာ အစိုးရ တာဝန်ရှိသူများ အနေဖြင့် အဆိုပါ ထိုင်းနိုင်ငံသားများကို ပစ်ဒဏ်ကင်းလွတ်ခွင့်ပေးပြီး ထိုင်းသို့ လွှဲပြောင်းပေးမည်ဟု ကတိပေး ပြောကြားကြောင်း The Nation သတင်းစာ က ဖော်ပြခဲ့သေးသည်။

ယင်း ဒေသတွင် အသုံးပြုနေသည့် မြေထိုးစက် ၃ စီး၊ မြေတူးစက် Backkhoe ကား ၅ စီး၊ ယာဉ်မျိုးစုံ ၁၇ စီး၊ ရော်ဘာပင် ဧက ၁၅၀၀ ၊ M-16, AK 47, အမျိုးအစား သေနတ်များနှင့် ကျည်ဆန်များ၊ လက်ပစ်ဗုံး၊ မိုင်း၊ ခြောက်လုံးပြူး စသည့် လက်နက်ခဲယမ်း များ ကို မြန်မာ စစ်တပ်က သိမ်းဆည်းရမိ၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံသို့ သံတမန် နည်းအရ အသိပေးထားကြောင်း ဇူလိုင် ၁၀ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

ထိုဒေသသို့ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ အပါအ၀င် စူရတ်ဌာနီ၊ နခွန်စီထာမရတ်၊ ချုံဖော်မြို့နယ်များမှ မိသားစုဝင်များ သွား ရောက် နေထိုင်ကြပြီး ခန့်မှန်းခြေ လူဦးရေ ၂၀၀ ခန့် ရှိကြောင်း ထိုင်းသတင်း ဖော်ပြချက်များအရ သိရသည်။

By Irrawaddy

No comments:

Post a Comment