Tuesday 18 September 2012

စစ်တိုင်းမှူးကို လုပ်ကြံမှုဖြင့် သေဒဏ်ကျနေသူ ကေအိုင်အေရဲဘော် ပြန်လွတ်


စစ်တိုင်းမှူးတဦးကို လုပ်ကြံသတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရသူ ကေအိုင်အေတပ်ဖွဲ့ဝင်တဦး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွတ်လာပါတယ်။

၁၉၈၅ ခုနှစ်တုန်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံခဲ့မှုနဲ့ လဖိုင်ဇော်ဆိုင်းဟာ သေဒဏ်ချမှတ်ခံခဲ့ရာကနေ မန္တလေးတိုင်း မြင်းခြံထောင်မှာ ၂၇ နှစ် နေခဲ့ရပြီး ပြန်လွတ်လာတာပါ။

ကေအိုင်အေတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇော်မိုင်ရဲ့ တာဝန်ပေးချက်အရ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံသတ်ဖြတ်ခဲ့ရတာလို့ လဖိုင်ဇော်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ဦးစီးချုပ်ရဲ့ အမိန့်ပါ။ ကျနော်က မြို့ပိုင်းမှာလှုပ်ရှားရတဲ့ ကွန်မန်ဒိုပါ။ ဦးဇော်မိုင်က ကျနော်မြို့ပေါ်မှာ ရှိတဲ့အချိန်မှာ စစ်တပ်နဲ့ပတ်သက်တာ ရှင်းဖို့ ကျနော့်ကို တာဝန်ပေးထားတာရှိတယ်။ ကျနော်က အထူးမြေအောက် မြို့ပြတပ် တိုက်ပွဲအဖွဲ့ခေါင်းဆောင်အနေနဲ့ လှုပ်ရှားခဲ့ရတဲ့ အချိန်ပါ။”

အစိုးရတပ်တွေနဲ့ ကေအိုင်အေ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေအတွက် စိုးရိမ်ပူပန်နေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ လဖိုင်ဇော်ဆိုင်းက ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာပြီးနောက် ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ ကြိုးစားသွားမယ်လို့ လဖိုင်ဇော်ဆိုင်းက ဆိုပါတယ်။

အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မြန်မာနဲ့ကချင် လူမျိုးရေးအရ ဖြစ်ပွားတာမဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် ဖြစ်တာလို့လည်း သုံးသပ်ပြောဆိုပါတယ်။

By မင်းလွင် (ဒီဗွီဘီ)

သစ်ထူးလွင်

No comments:

Post a Comment