Saturday 4 August 2012

စစ်တပ်ဖမ်းသွားတဲ့ ကချင်အမျိုးသမီး ပြန်လည်လွတ်မြောက်လာ


မြန်မာအစိုးရစစ်တပ်က သြဂုတ်လ ၂ ရက်နေ့မှာ ကေအိုင်အိုနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးသွားတဲ့ ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် အတွင်း က ကချင်အမျိုးသမီးတစ်ယောက် ဒီနေ့ ထွက်ပြေးလွတ်မြောက်လာ ပါတယ်။ 

သြဂုတ်လ ၂ ရက် မနက်စောစောမှာ ရှမ်းပြည်မြောက်ပိုင်းမုံးကိုးမြို့နယ် မန်ခရွမ် ကျေးရွာက အသက် ၄၄ နှစ်အရွယ် မလထော် ဂျာဒွဲ ကို ဟိုပန်အခြေစိုက် ခလရ ၁၄၃ တပ်ကနေ ဖမ်းဆီးသွားတဲ့အကြောင်း တူမဖြစ်သူက ပြောပြပါတယ်။


"မနက်စောစော ၅ နာရီလောက်မှာ စစ်တပ်ကလူက ၀င်လာပြီးမှ အိမ်မှာက ငါးကန်တစ်ခုရှိတယ်လေ။ ဘယ်သူပြောပြလဲမသိဘူး။ အဲဒီငါးကန်မှာ
သေနတ်ရှိတယ် ဆိုပြီးတော့ သူတို့က အဲဒီငါးကန်ကို အရင်ရှာလို့ မတွေ့တော့မှ သူ့ကို တိုင်တစ်ခုမှာ ချည်ထားပြီးမှ မေးတယ်တဲ့။ ကေအိုင်အေ ရဲ့ လက်နက်တွေ ဘယ်မှာဝှက်ထားလဲ။ သိလျက်သားနဲ့ မပြောဘူးလို့
ပြောတယ်။ ကျောမှာရော ရိုက်တယ် ပီးရင် ပေါင်မှာမဲနေတာပဲ ရိုက်တာ
နေရာလည်း မရွေးဘူး ခေါင်းမှာလည်း ထိတာပဲ"

သူ့ကို မနက်စောစောက ဖမ်းဆီးသွားကာ မုံးကိုးမြို့နယ်အတွင်းရှိ ရှင်ဆိုင်ဖန် နဲ့ ကောင်းလုံ ကျေးရွာတွေ အနီးမှာလည်း တနေကုန် အဲဒီ ကေအိုင်အို လက်နက်တွေ ရှာဖွေပေးရပြီး ဘယ်မှာမှ ရှာမတွေ့ဘူးလို့ သိရပါတယ်။
နောက်ဆုံးမခံနိုင်တဲ့အဆုံးမှာ နည်းလမ်းရှာပြီးထွက်ပြေးခဲ့ရတဲ့အကြောင်း သူက ဆက်ပြောပြပါတယ်။

"အဲဒီနေ့ တနေ့လုံးလိုက်ရှာပြီးမှ ညနေပိုင်း ၃နာရီလောက်မှာ သူက အရမ်းရိုက်တော့ မခံနိုင်တော့ဘူးလေ။ အဲဒါနဲ့ သေနတ်သွားယူပေးမယ် သွားရှာပေးမယ်။ အဲလိုမျိုး အာမခံတယ်ဆိုပြီးမှ အဒေါ်က အဲလိုပြောပြီးမှ သူ့ကိုလွှတ်လိုက်တော့ ပြန်မယူလာလို့ရှိရင် တွေ့တဲ့နေရာမှာ သတ်ပစ်လိုက်မယ်။ အဲဒီအတိုင်းပြောပြီး လွှတ်လိုက်တယ် အဒေါ်က အဲဒီကနေ ထွက်လာပြီးမှ သူတို့ဆီပြန်မသွားတော့ဘူး။ ဒီနေ့ ကျမှပဲ ဒီမှာရောက်လာတာ။"

သူ့အနေနဲ့ နောက်တစ်ကြိမ် အဖမ်းခံရမှာ စိုးရိမ်တာကြောင့် အိမ်ကို မပြန်ရဲတော့ဘဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သူနဲ့အတူ မုံးကိုးမြို့နယ် ကောင်းလုံရွာက အသက် ၅၀ကျော် အရွယ်
ယောကျာ်းတစ်ယောက်လည်း ပြန်လွှတ်တဲ့အထဲ ပါလာပြီး အဲဒီလူ ကတော့ ကေအိုင်အို က ဆေးဆရာဝန် ဆိုတဲ့ သံသယနဲ့ အဖမ်းဆီးခံရတာ လို့ နောက်ထပ် ဒေသခံ ကချင်အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကလည်း မုံးကိုးမြို့နယ် ယီးခူးကျေးရွာသူရွာသား ၂၀ ကျော်ကို ကေအိုင်အိုနဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နယ်မြေခံ အစိုးရတပ်တွေက ဖမ်းဆီးသွားပြီး ပြန်လွတ်ပေးခဲ့ပေမဲ့ တစ်ယောက်ကတော့ သေဆုံးတဲ့အလောင်းကိုပဲ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။




By RFA Burmese

No comments:

Post a Comment