Saturday 4 August 2012

ပုဂ္ဂလိကကုမ္ပဏီများ ငွေစချေးရန် ကမ္ဘာ့ဘဏ်စိတ်ဝင်စား


ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်ပြီး ပုဂ္ဂလိကပိုင်းကို ငွေကြေးချေးငှားပံ့ပိုးသည့် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း International Finance Corporation (IFC) သည် မကြာခင်က မြန်မာနိုင်ငံတွင် ရုံးဖွင့်ပြီးနောက် အသေးစားငွေကြေးလုပ်ငန်းများကို ဦးစားပေးမည် ဖြစ်သကဲ့သို့ စွမ်းအင်၊ တယ်လီဖုန်း နှင့် လမ်းတံတားပိုင်းဆောင်ရွက်နေသည့် ကုမ္မဏီများကို ထောက်ပံ့ပေးသွားရန် စိတ်ဝင်စားနေသည်။
IFC  အာရှပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌ မစ္စ ကာရင် ဖင်ကယ်လ်စတန်က သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “ဘယ်သူတွေနဲ့ အလုပ်တွဲလုပ်မလဲ ဆိုတာက အရေးအကြီးဆုံး ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျမတို့နဲ့ လက်တွဲလုပ်မယ့် ကုမ္မဏီဟာ ပုဂ္ဂလိကပိုင် ဖြစ်ရပါမယ်။ ဒုတိယက သဘာဝပတ်ဝန်းကျင်၊ လူမူဝန်းကျင်၊ အလုပ်သမား ခံစားခွင့်အဆင့်အတန်းတွေဟာ ကျမတို့ ချမှတ်ထားတဲ့ စံတွေနဲ့ ကိုက်ညီ ရပါမယ်။ အရင်က ကိုက်ညီမူမရှိခဲ့ရင်တောင် ကျမတို့နဲ့ တွဲလုပ်တဲ့နေ့က စပြီး အဆင့်အတန်းတွေကို ပြုပြင်သွားပြီး နိုင်ငံရဲ့ စံပြကုမ္မဏီအဖြစ် အများက အတုယူရအောင် ဆောင်ရွက်သွားမှာပါ” ဟု ပြောဆိုခဲ့သည်။
IFC သည် ပုဂ္ဂလိကပိုင်ငွေကြေးအဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ဆက်စပ် အလုပ်လုပ်ကိုင်လေ့ရှိသည်။ IFC သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမူအခြေအနေ၊ အခြေခံအဆောက်အဦများ အခြေအနေတို့ကို ရှေ့ပြေးသုံးသပ်လျက်ရှိသည်။
“ကျမတို့လေ့လာမိသလောက်က ၉၀ – ၉၅ ရာခိုင်နှုန်းသော မြန်မာစီးပွားရေးလုပ်ငန်းများဟာ အသေးစားလုပ်ငန်းတွေ ဖြစ်ပါတယ်။ အသေးစား စီးပွားရေးတွေ ပိုပြီး လုပ်သာကိုင်သာရှိအောင် ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ကာရင် ဖင်ကယ်လ်စတန်က ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် IFC သည် အသေးစားငွေကြေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ရေရှည်ဖွံ့ဖြိုးရေး ကိုဦးစားပေး လုပ်ကိုင်နေသည်ဟု ၄င်းကပြောသည်။
သို့သော်လည်း ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် လတ်တလော လယ်ယာ မြေသိမ်းခံရပြီး အခြေမဲ့အနေမဲ့ ဖြစ်သွားသူများလည်း အများအပြားရှိကြောင်း၊ လှုပ်ရှားတက်ကြွသူများ အတိုက်အခံ နိုင်ငံရေးသမားများ၏ ဖိအားကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် ငွေချေးနေမှုများကို ယမန်နှစ်က ရပ်ဆိုင်းခဲ့ရပြီး အစိုးရက ကုမ္ပဏီများ၊ စစ်တပ်နှင့် လက်နက်ကိုင်များ သိမ်းယူခဲ့သည့် မြေယာအချို့ကို လယ်သမားများထံ ပြန်အပ်စေခဲ့ကြောင်း၊ အင်ဒိုနီးရှား ဒီမိုကရေစီ အကူး အပြောင်း ကာလ ကမ္ဘာ့ဘဏ် ငွေကြေးထောက်ပံ့သည့် အကြီးစားစီမံကိန်းများသည်လည်း ဒေသခံများနှင့် အံမ၀င်ဘဲ ပဋိပက္ခဖြစ်ခဲ့ရ သည်များရှိကြောင်း အကြီးစားစီမံကိန်းများ၏ လူမူဘ၀ပေါ် သက်ရောက်မူအကြောင်း လေ့လာနေသူ ဟောင်ကောင် ပိုလီတက္ကသိုလ်မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဝိဇ္ဇာဘွဲ့ရ ကိုမော်ထွန်းအောင်က ပြောသည်။
မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို အားပေးသည့်အနေဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank Group) က မြန်မာနိုင်ငံတွင် ရုံးခန်းသစ်တခုကို ဖွင့်လှစ်ပြီး ထောက်ပံ့ငွေများ ပြန်လည်ပေးရန် ဖြစ်လာခဲ့သည်။
ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank Group ) ဆိုသည်မှာ ယေဘုယျအားဖြင့် ဆင်းရဲသည့်နိုင်ငံများကို ကြွေးမြီများ ချေး ငှားပေးနေသည့် နိုင်ငံတကာအဖွဲ့ ၅ ခုပေါင်းထားသည့် အဖွဲ့ဖြစ်သည်။ ယင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်တည်ဆောက်ရေး နိုင်ငံတကာ ဘဏ် – International Bank for Reconstruction and Development (IBRD)၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း- International Development Association (IDA)၊ နိုင်ငံတကာ ဘဏ္ဍာငွေကြေး ကော်ပိုရေးရှင်း- International Finance Corporation (IFC)၊ နိုင်ငံစုံ ရင်းနှီးမြှုပ်နှံမှု အာမခံ အေဂျင်စီ- Multilateral Investment Guarantee Agency ( MIGA) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းပေးရေး နိုင်ငံတကာဌာန- International Centre for Settlement of Investment Disputes ( ICSID) တို့ ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်သို့တင်နေသည့် အကြွေး ဒေါ်လာ ၃၉၇ သန်းကို ပြန်ဆပ်မှသာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း- International Development Association (IDA) ၏ အဆင်းရဲဆုံးနိုင်ငံများသို့  အတိုးမဲ့ချေးသည့်ချေးငွေ ကိုချေးယူနိုင်မည်ဖြစ်သည်။ ယင်းကိစ္စကို ရှေ့နှစ် ဇန်နဝါရီလတွင် ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။
၂၀၁၃ တွင် အကြွေးဆပ်နိုင်ရန် ကမ္ဘာ့ဘဏ်က လိုအပ်သည့် နည်းပညာ အထောက်အပံ့များပေးလျက်ရှိပြီး ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ရေရှည်ငြိမ်းချမ်းရေးအတွက် စီးပွားရေးဖွံဖြိုးတိုးတက်မူ များပြုလုပ်ရန်အတွက် ထောက်ပံ့ကြေး ဒေါ်လာ ၈၅ သန်းကို  ၃ လအတွင်း ပေးအပ်ရန်စီစဉ်လျက်ရှိသည်။
“ ထောက်ပံ့ကြေးတွေကို အသုံးပြုတဲ့အခါမှာ ပွင့်လင်းမြင်သာမူမရှိဘူး၊ ရပ်ရွာလူထုနဲ့အတွင်းကျကျ တိုင်ပင်မူတွေ မလုပ်ပဲ အသုံးချမယ်ဆိုရင်တော့ ပိုကြီးတဲ့ ပဋိပက္ခတွေကို ဖြစ်စေပါလိမ့်မယ် ” ဟု ကိုမော်ထွန်းအောင်က ပြောသည်။

By Irrawaddy

No comments:

Post a Comment