Saturday 4 August 2012

ခရီးသွားလုပ်ငန်း ဖက်စပ်လုပ်ကိုင်ရန် ပြည်တွင်း ကုမ္ပဏီများ မျှော်လင့်


ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်အရ နိုင်ငံခြားသား ကုမ္ပဏီများကို ၁ဝဝ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် ပေးရန် ရှိသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ရာနှုန်းပြည့်ပိုင် ကုမ္ပဏီအဖြစ် လာရောက် အခြေစိုက်ရန် လွယ်ကူမည် မဟုတ်ဘဲ ပြည်တွင်း ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန်
မျှော်လင့်ထားကြောင်း မြန်မာ့ ခရီးသွားလုပ်ငန်း အသင်းမှ တာဝန်ရှိသူများ က ဆိုသည်။

“ပြည်ပ ကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်ထဲကို လာတော့ မယ်ဆိုရင် ပြည်တွင်းကုမ္ပဏီတခုခုနဲ့ ပူးပေါင်းရမှာပါ။ အဲဒီ အနေအထားမှာ လက်ရှိ ခရီးသွားကုမ္ပဏီတွေ အနေနဲ့ ကိုယ့်ကို လာပြီး ကမ်းလှမ်းချင်အောင်၊ ကိုယ့်ဘက်က ပြည့်စုံနေ
အောင် လုပ်ထားဖို့ လိုပါတယ်” ဟု ခရီးသွားလုပ်ငန်းဆိုင်ရာ ဟောပြောပွဲ တခုတွင် သမ္မတ ရုံး အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောကြားသွားသည်။

Photo :: www.tourismmyanmar.org

အစိုးရ အနေနှင့်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ မူဝါဒများ ချမှတ်ရာတွင် ပြည်တွင်း ကုမ္ပဏီများ၏ အကျိုးစီးပွား အတွက်လည်း ရေရှည်ကို ကြည့်ကာ ချမှတ်လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကိုကာကိုလာ လို ကုမ္ပဏီကြီးတွေ လာပြီး မြန်မာနိုင်ငံမှာ လုပ်ငန်း လုပ်မယ်ဆိုရင်တောင်မှ ပူးပေါင်းဆောင်ရွက်မယ့်
မြန်မာကုမ္ပဏီတခုတော့ လိုမှာပါ။ ဘာလို့လဲဆိုတော့ ပူးပေါင်း လုပ်မယ့် ကုမ္ပဏီ မရှိဘဲနဲ့ အောင်မြင်ဖို့ မလွယ်ဘူး။ အခု ခရီးသွားလုပ်ငန်းမှာလည်း အဲဒီလိုပါပဲ” ဟု ပြောဆိုသည်။

သို့ရာတွင် ပတ္တမြားမြေ ခရီးသွားကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးအေးကျော် က “နိုင်ငံခြား ခရီးသွား ကုမ္ပဏီတွေက
ဈေးကွက် ရှိပြီးသားပါ။ အဲဒီတော့ ကျနော်တို့ ပြည်တွင်းကုမ္ပဏီတွေ အနေနဲ့ ဈေးကွက်တွေ ပိုပြီး ကျဉ်းလာမယ် ထင်တယ်”

“ဒါကြောင့် မြန်မာနိုင်ငံမှာတော့ မြန်မာကုမ္ပဏီတွေကိုပဲ လုပ်ကိုင်ခွင့်တွေ ပိုပေးသင့်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အသေအချာ စဉ်းစားပြီးမှ လုပ်စေချင်ပါတယ်” ဟု ဆိုသည်။

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုစနစ်ကို ၂ဝ၁၅ ခုနှစ်တွင် ကျင့်သုံးတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ခရီးသွား ကုမ္ပဏီများ အနေဖြင့်လည်း အားသာချက်များ ရှိနေကြောင်း ဒေါက်တာ အောင်ထွန်းသက် က ပြောသည်။

“လွတ်လပ်စွာ ကုန်သွယ်မှုစနစ်ကို ကျင့်သုံးမှာ ဖြစ်တဲ့အတွက် မြန်မာလုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံခြားက ဝင်ရောက် လာမယ့် ခရီးသွားလုပ်ငန်းရှင်တွေကို တားလို့ရမှာ မဟုတ်ဘူး။ နိုင်ငံခြား လုပ်ငန်းရှင်တွေမှာ ဈေးကွက် ပိုရှိတယ်ပြော
ပေမယ့် ပြည်တွင်း ကုမ္ပဏီတွေမှာတော့ Local Knowledge (ဒေသန္တရ ဗဟုသုတ) ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

“လွတ်လပ်သော ကုန်သွယ်မှုဇုန်လို့ ပြောထားတဲ့အတွက် အစိုးရအနေနဲ့တော့ ကိုယ့်အမျိုးသား ကုမ္ပဏီတွေကို ကာကွယ်တာမျိုး ရှိမှာ မဟုတ်တော့ဘူး။ Customer (ဖောက်သည်)ကို အခြေခံပြီး ကိုယ့်ဖာသာ ပြိုင်ကြရမှာပဲ။
နိုင်ငံခြား ကုမ္ပဏီတွေမှာ နည်းပညာတွေ ရှိတယ်၊ ငွေကြေးအင်အား တောင့်တယ်။ ဒါပေမယ့် မြန်မာကုမ္ပဏီတွေမှာ နယ်ခံဆိုတဲ့ အားသာချက် ရှိပါတယ်” ဟု ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုသွားသည်။

By Mizzima

No comments:

Post a Comment