Tuesday 23 October 2012

အမေရိကန် ဒု-ဘဏ္ဍာရေးဝန်ကြီး မြန်မာပြည်သွားမည်


အမေရိကန်အစိုးရ ဒုတိယဘဏ္ဏာရေးဝန်ကြီး Neal S. Wolin ဟာ အောက်တိုဘာ ၂၃ ကနေ ၂၅ ရက်နေ့အတွင်း စင်္ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံကို  သွားရောက်မှာ ဖြစ်ပါတယ်။ Mr. Wolin ဟာ စင်္ကာပူနဲ့
မြန်မာ နှစ်နိုင်ငံစလုံးမှာ သက်ဆိုင်ရာ အစိုးရထိပ်တန်းတာဝန်ရှိသူတွေ။ လူထုအခြေပြု လူ့အဖွဲ့ အစည်းခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေနဲ့ တွေ့ဆုံပြီး အရေးပါတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံနဲ့လဲ စီးပွားရေးမူဝါဒပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘဏ္ဏာရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း အပါအ၀င်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ဘဏ္ဏာရေးပိတ်ဆို့ဒဏ်ခတ်အရေးယူမှု ကိစ္စတွေ ပါဝင်တဲ့ အဓိကအချက်တွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့ ဘဏ္ဏာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကျေညာချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့မှာ  ဒုဝန်ကြီး Wolin ဟာ စင်္ကာပူနိုင်ငံက ထိပ်တန်း စီးပွားရေးနဲ့ ဘဏ္ဏာရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပြီး အာရှဒေသတွင်း စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ဈေးကွက်တွေ တိုးတက်ဖွံ့ဖြိုးရေး သုံးသပ်ဆွေးနွေးမှာဖြစ်ပါတယ်။ Mr. Wolin ဟာ နိုင်ငံတကာ ဘဏ္ဏာရေးဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ဖို့ နှစ်ဦးနှစ်ဖက်ကြိုးပမ်းအားထုတ်ရမဲ့ကိစ္စတွေကို လဲ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒုတိယ ဘဏ္ဏာရေးဝန်ကြီး Wolin ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားကြတဲ့ စင်္ကာပူ အခြေစိုက် အမေရိကန် စီးပွားရေးလုပ်ငန်း ကြီးတွေက ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေး အခြေအနေတွေအပေါ်သူတို့ရဲ့အမြင်နဲ့ သုံးသပ်အကဲဖြတ်မှု တွေကို လဲ နားထောင်ဖို့ ရှိပါတယ်။ အောက်တိုဘာ ၂၄ နဲ့ ၂၅ရက်တွေမှာ တော့ အမေရိကန် ဒုတိယ ဘဏ္ဏာရေးဝန်ကြီး Wolin ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ နေပြည်တော်မြို့တွေကို လာရောက်ပြီး အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေ၊ စီးပွားရေးမူဝါဒဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေကို တွေ့ဆုံမှာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်လို အဖွဲ့အစည်းတွေအပါအ၀င် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းကြီးတွေ ကို အမေရိကန်ပြည်ထောင်စုက အထောက်အကူပေးနိုင် ဖို့ ဖြေလျော့ပေးတဲ့ ဥပဒေတရပ်ကို အမေရိကန်သမ္မတ Obama က လက်မှတ်ထိုးပြီးတဲ့နောက် ခုလို ဒုတိယဘဏ္ဏာရေး ၀န်ကြီးရဲ့ ခရီးစဉ်ပြုလုပ်တာလဲဖြစ်ပါတယ်။ ဒီခရီးစဉ်ထဲမှာ Mr. Wolin ဟာ ငွေကြေး ဆိုင်ရာ အလွဲသုံးစားတဲ့ပြစ်မှုတွေမဖြစ်အောင် အကာအကွယ်ပေးရေး နဲ့  ဘဏ္ဏာအခွန် ပွင့်လင်းမြင်သာမှု ရှိရေးလိုကိစ္စတွေမှာ သက်ဆိုင်ရာဝန်ထမ်းတွေရဲ့အရည်အသွေးမြှင့်တင်ရေးနဲ့ပညာရပ်ဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ကိစ္စတွေအတွက်နည်းလမ်း ရှာဖို့ကိုလဲဆွေးနွေးမှာ ဖြစ်ပါတယ်။

FATF ခေါ် Finacial Action Task Force အဖွဲ့နဲ့ ပူးပေါင်းပြီး အကြမ်းဖက်အဖွဲ့တွေ ကို ငွေကြေးထောက်ပံ့မှု ဆန့်ကျင်တားဆီးရေးလုပ်ငန်းအတွက်မြန်မာတာဝန်ရှိသူတွေဖက်က ဒီ့ထက်တိုးတက်အောင်ဆောင်ရွက်ဖို့ကိုလဲ ဆွေးနွေးကြမှာပါ။  FATF အဖွဲ့နဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ၊အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု နဲ့ ဘဏ္ဏာရေး ၀န်ဆောင်မှုထောက်ပံ့ရေးမူဝါဒတွေနဲ့ ဆက်စပ်မှုရှိပြီး၊  မြန်မာဘဏ္ဏာငွေကြေးစနစ်ကို နိုင်ငံတကာဈေးကွက်နဲ့ညီညွတ်စေဖို့ ပိုပြီးအားဖြည့် ပေးရာရောက်မှာလဲဖြစ်ပါတယ်။

By VOA (မြန်မာပိုင်း)

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment