Tuesday 23 October 2012

ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ် ဟော်တယ်၌ သေဆုံး


ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်သို့ ရောင်းစားခံရသည့်ကျိုင်းတုံမြို့နယ်မှ
အသက်မပြည့်သေးသည့် ၁၂ နှစ်အရွယ်ကလေးတယောက်
တာချီလိတ် မယ်ခေါင်မြစ်ဟိုတယ် (၉ ထပ် ဟိုတယ်) ၌ ညသန်းခေါင်ခန့် သေဆုံး
သွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

“ ဗုဒ္ဓဟူးနေ့ညက ထင်တယ်။ သေသွားတာ ။ ကျနော်သိ ထားသလောက်ဆို ဝယ်ယူတဲ့ သူဌေးက ဝ ငြိမ်း အဖွဲ့က လို့ဘဲသိတယ်။ ၁၂ နှစ်အရွယ်ကလေး
မလေး။ နာမည်မသိ၊ မိဘလဲမသိဘူး၊ ကျိုင်းတုံက ကလေးမလေးလို့ဘဲ
သိတယ်။ သေသေချင်း သန်းခေါင်ကျော်လောက် ဟိုတယ်ကနေ သယ်ထွက်
သွားတယ်” - ဟု မယ်ခေါင်မြစ်ဟိုတယ်၌ အလုပ်လုပ်သူ ဝန်ထမ်းတဦးက
ပြောပါသည်။

ကျိုင်းတုံ၊မိုင်းဖြတ်၊မိုင်းပြင်းမြို့နယ်အတွင်းအပြင် အခြားသျှမ်းပြည်အနှံ့မြို့နယ်
များမှ ဖြားယောင်းခံရ သော အရွယ်မရောက်သေးသည့် မိန်းခလေးများ ယခု သုံးလေးလအတွင်း နယ်စပ်တာချီလိတ်မြို့သို့ အများအပြားရောက်ရှိလာ
ကြောင်း၊ ကျိုင်းတုံ မြို့နယ်အတွင်းမှ အများဆုံးဖြစ်ကြောင်း၊ အပျိုရည်စစ်စစ် ဝယ်ယူခြင်းကို ပိုက်ဆံရှိ လူကုံထံများအသိုင်းအဝိုင်းက ခေတ်စားနေ
ကြောင်း၊ ၁၇ ရက်နေ့ ည သေဆုံးမှုနှင့်ပတ်သက်သည့် ကားဆရာ၊လူပွဲစား၊ သူဌေး များအားဖမ်းဆီးနိုင်ရေးအတွက် အာဏာပိုင်များက အမှုလိုက်နေ
ကြောင်း တာချီလိတ် ကျိုင်းတုံ ကား ဆရာတဦးကပြောပါသည်။

“ထိုင်းစကားအရဆို ပွတ်ဘောရီးဆွတ် ခေါ်တယ်။ ဗမာစကားဆို အပျိုစင်ကို
ဈေးဦးဖေါက်တယ်လို့ဘဲ ပြောရမှာလား။ အသက်အရွယ်အလိုက် တယောက်
ကို ထိုင်းဘတ်ငွေ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိဝယ်ယူနေကြ
တယ်။ လွန်ခဲ့တဲ့ လေးလ လောက်ကစပြီး ကျိုင်းတုံ ကနေ တာချီလိတ်ကို
ဖြားယောင်း ခံလာရတာ အများကြီးဘဲ။ ဒေသစကားအရဆို စီးပွားထွက်
ရှာတယ်လို့ဘဲ ပြောတယ်” ဟု တာချီလိတ်မြို့ခံ ဒေါ်ခမ်းမိုက ပြောပါသည်။

မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာသည်ဟုဆိုကာ အရွယ်မရောက်သေးသည့်
မိန်းခလေးများ နယ်စပ်သို့သွားလာခွင့်တားမြစ်မှု လွန်ခဲ့သည့် မေလမှစ၍ ရုပ်သိမ်းပြီးနောက်ပိုင်း အမျိုးသမီးငယ် လူကုန်ကူးမှုများပြား လာသည်ကို
တွေ့ရကြောင်း၊ ယခင်နှစ်များထက် ပိုများ နေသည်ကိုတွေ့ကြောင်း၊ အသိဉာဏ် မကြွယ်ဝသည့် မိဘများကလည်း တိုက်အိမ်၊ ကား၊ ပိုင်ဆိုင်ရေး
အတွက် မိမိသမီးပျိုများအား အလေးမထားဘဲ ငွေထွက်ရှာရန် ဖိအားပေး
တိုက်တွန်းမှုကြောင့်လည်ပါဝင်ကြောင်း တာချီလိတ်မြို့ အမျိုးသမီးအဖွဲ့
ဝင်ဟောင်းတဦးက ပြောပါသည်။

By သျှမ်းသံတော်ဆင့်

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment