Tuesday 23 October 2012

ကြောင်တစ်ကောင်နောက်လိုက်ရင်း ရှေးဟောင်းရောမသင်္ချိုင်းကို ရှာဖွေတွေ့ရှိ


rome
ကြောင်လေးတစ်ကောင်နောက် လိုက်ကြည့်ရင်းဖြင့် ရှေးဟောင်း ရောမ သင်္ချိုင်းမြေနေရာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ရောမမြို့တွင် နေထိုင်သည့် မာကို ကာတီနှင့် သူငယ်ချင်း
တစ်ဦးတို့သည် ပြီးခဲ့သည့် သီတင်းပတ်က လူအမြောက်အမြား၏ ရုပ်အလောင်းများ ထားရှိ မြှုပ်နှံခဲ့ရာ သင်္ချိုင်းမြေကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကြောင်လေး တစ်ကောင် မည်သည့် နေရာတွင် နေထိုင်သည်ကို စပ်စုရင်း လိုက်လံကြည့်ရှုရာမှ နှစ်ပေါင်း(၂၀၀၀)ကျော် သက်တမ်းရှိ ရှေးဟောင်း သုဿန်မြေကို တွေ့ရှိခဲ့ခြင်းဟု ကာတီက ရှင်းပြခဲ့သည်။

ရောမမြို့သည် ရှေးဟောင်း သင်္ချိုင်းမြေများ တွေ့ရှိရလေ့ရှိသော မြို့တော်ဟောင်း တစ်ခု ဖြစ်သော်လည်း ယခုတွေ့ရှိမှုမှာမူ လူသားများ၏ ရှာဖွေ ဖော်ထုတ်မှုဟု ပြောဆိုရန် ခက်ခဲကြောင်း ကာတီက ဆိုသည်။ ဗီယာဒီ ပီထရာလာတာတွင် နေထိုင်သော ကာတီနှင့် သူငယ်ချင်း ဖြစ်သူတို့သည် ကြောင်လေး တိုးဝင်သွားသည့် အုတ်ချပ် တောင်စောင်းကြားမှ လိုက်လံ ဝင်ရောက်သွားပြီးနောက် အဆိုပါ သင်္ချိုင်းမြေ နေရာဟောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုနေရာသည် ၎င်းနေထိုင်သော အိမ်နှင့် မလှမ်းမကမ်းတွင်ပင် ရှိနေသေည်။

 rome

(ရောမမြို့မြင်ကွင်း)

"ကြောင်အော်သံကို နားထောင်ရင်း လိုက်လာရာက ခုလို နေရာကို ရောက်ခဲ့တာပါပဲ"ဟု မနုဿဗေဒ ပညာရပ်ဆိုင်ရာ ခမ်းနားသော တွေ့ရှိမှု တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည့် ကာတီက ရှင်းပြခဲ့သည်။ ကျဉ်းမြောင်းသော တောင်စောင်းနေရာ ဝင်ပေါက်လေးထဲ တိုးဝင်သွားသူ နှစ်ဦးသည် ရောမခေတ် နေထိုင်သူတို့ ဖန်တီးထားသည့် နံရံကလိုက်ပေါက်များနှင့် လူရိုးစုများ၊ အရိုးအိုးများကို ရှာဖွေ တွေ့ရှိလာခဲ့သည်။

သုတေသီများက အဆိုပါ နေရာကို ဘီစီ တစ်ရာစုမှ အေဒီနှစ်ရာစုထိ အသုံးပြုခဲ့သည်ဟု ယူဆရကြောင်း ဆိုသည်။ အရိုးအိုးများတွင် အရိုးပြာများနှင့် ရုပ်ကြွင်းအရိုးစုများကို ထည့်ထားသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ယခင်က ပိတ်ဆို့ထားသည့် ဝင်ပေါက်နေရာ အက်ကြောင်းပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။ အီတလီတွင် ရာစုနှစ်ပေါင်း များစွာ ကတည်းက တူဖာ ကျောက်သားပျော့များအတွင်း သင်္ချိုင်းမြေ ဆောက်လုပ်ရန် တူးဖော်မှုများ ပြုလုပ်ခဲ့ဖူးသည်။ ကာတီက မိမိနေအိမ် အနီးတွင် ရှေးဟောင်း သင်္ချိုင်းနေရာတစ်ခု ရှိနေကြောင်း မျက်ဝါးထင်ထင် သိရှိလာခြင်းသည် မိမိဘဝတွင် မယုံကြည်နိုင်စရာ အကောင်းဆုံး အတွေ့အကြုံ တစ်ခုဟု ဖွင့်ဟ ပြောဆိုသွားသည်။

Source: Guardian

By Planet Myanmar Network

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment