Friday 3 August 2012

X2O မဏ္ဍပ် ဗုံးခွဲမှုဖြင့် ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူ အင်းစိန်ဆေးရုံတွင် ကုသမှုခံ

သင်္ကြန် ရေကစား မဏ္ဍပ် X2O ကို ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲခံရပြီး သေဒဏ် ချမှတ်ခံရသူ ဦးဖြိုးဝေအောင်သည် သြဂုတ်လ ၃ ရက်နေ့က နိုင်ငံတော်သမ္မတ၏ ပုဒ်မ ၄၀၁ ဖြင့် ပြန်လည် လွတ်မြောက်လာပြီးနောက် အင်းစိန် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဇနီးဖြစ်သူ ဒေါ်ဌေးဌေးက The Voice Weekly သို့ပြောကြားသည်။

ခင်ပွန်းဖြစ်သူမှာ အသည်းကင်ဆာဖြင့် ကိုယ်အောက်ပိုင်း သေနေသည့်အတွက် ဆေးရုံတွင် ဆက်လက် ကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းက ရောဂါရှိသည့်အတွက် အကျဉ်းထောင်အတွင်း ဖမ်းဆီးခံနေရစဉ် ကတည်းက ဆေးကုသခွင့် တောင်းခံသော်လည်း ၂၀၁၂ ခုနှစ်မေလတွင်မှ ဆေးကုသခွင့် ပေးခဲ့ကြောင်း ဒေါ်ဌေးဌေးက ရှင်းပြသည်။

ဦးဖြိုးဝေအောင် တက်ရောက် ကုသနေသော အင်းစိန်ဆေးရုံ အခပေးဆောင်သို့ သွားရောက် ကြည့်ရှုခဲ့သည့် မိတ်ဆွေတစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းဟိန်းကလည်း ၎င်း၏မိတ်ဆွေဖြစ်သူမှာ ကင်ဆာဆဲလ်များပြန့်နှံ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း သေသွားခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက အသည်းနာ၊ ဗိုက်အောင့်ဝေဒနာများ ခံစားရသည့်အတွက် ဆေးကုသခွင့် တောင်းခံသော်လည်း ငြင်းပယ် ခံရသောကြောင့် ရောဂါ အခြေအနေ ပိုမိုဆိုးရွားရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ဦးဖြိုးဝေအောင်သည် ၂၀၁၀ ပြည့်နှစ် မဟာသင်္ကြန် အကြတ်နေ့က ဖြစ်ပွားခဲ့သော ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ တရားခံဟု စွပ်စွဲ ဖမ်းဆီးခံရကာ သေဒဏ် ချမှတ် ခံထားရာမှ ပြန်လည် လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်။




By The Voice Weekly

No comments:

Post a Comment