Friday 3 August 2012

သမ္မတကိုထောက်ခံသည်ဟုဆိုကာ သံတွဲတွင် နိုင်ငံတော်အလံများလွှင့်ထူ


ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့၏ ဆုံးဖြတ်ညွှန်ကြားချက်များကို ကြိုဆိုထောက်ခံသည်ဟုဆိုကာ ယခုလ ၁ ရက်နေ့မှစပြီး နိုင်ငံတော်အလံကို နေအိမ်နှင့် ယာဉ်အချို့တွင် လွှင့်ထူထားကြသည်။

ထိုသို့လွှင့်ထူရန်အတွက် သံတွဲမြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ က လှုံ့ဆော် ထားသောစာများ သံတွဲမြို့ပေါ်တွင်ပျံ့နှံ့နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။


ယင်းစာတွင် နိုင်ငံတော်သမ္မတကြီးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးတို့မှ ဆုံးဖြတ်ညွှန်ကြားချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် တောင်ကုတ်မြို့များတွင် မြို့လုံးကျွတ် ပြည်ထောင်စုအလံကို အိမ်
တိုင်းတွင် လွှင့်ထူပြီး ကြိုဆိုထောက်ခံခဲ့ကြောင်း ဖော်ပြထားပြီး သံတွဲတွင် သြဂုတ် ၁ ရက်မှ ၅ ရက် အထိ အိမ်၊ အဆောက်အဦ၊ ကား/ယာဉ်၊ အနှေးယာဉ်များ၌ အလံလွှင့်ထူကြရန် ရေးသားထားသည်။

“တစ်မြို့လုံးမှာ အိမ် ၁၀ လုံးလောက်နဲ့ ကား၊ ဆိုင်ကယ် ၅ စီးလောက်မှာအလံတွေ တွေ့ရတယ်၊ ကားနဲ့ ဆိုင်ကယ်တွေမှာတော့ သာသနာ့အလံလည်းလွှင့်ထားတယ်” ဟုသံတွဲဒေသခံတစ်ဦးက YPI သို့ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍  သံတွဲမြို့နယ်ရဲတပ်ဖွဲ့ကစုံစမ်းလျက်ရှိသည်။

“ဘယ်သူက လွှင့်ခိုင်းတာလဲ၊ ဘာကြောင့်လွှင့်တာလဲလို့ မေးတော့ ဘာအတွက်မှ မဟုတ်ပါဘူး၊ ဒီလိုပဲ လွှင့်တာပါ လို့ဖြေတယ်” ဟုနယ်ထိန်းအဖွဲ့ဝင် တစ်ဦးကပြောသည်။          ။

By Yangon Press International

No comments:

Post a Comment