Friday 3 August 2012

မိုးတွင်းကာလ လမ်းပျက်စီးမှုများကြောင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရမည့်အချိန် ကန့်သတ်ချက် ထုတ်ပြန်မည်

မိုးရာသီတွင် လမ်းများပျက်စီးလေ့ရှိသော်လည်း ကုန်တင်ကားကြီးများ မဆမတန် တန်ချိန်ပိုတင်မှုကြောင့် လမ်းများ ပိုမိုပျက်စီးရလေ့ရှိရာ အဆိုပါ ကုန်တင်ကားကြီးများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ လမ်းအသုံးပြုခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယခုလ အစောပိုင်းက ပြုလုပ်သော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လမ်းတံတား အသုံးပြုသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် လမ်းတံတားများ အချိန်တိုအတွင်း မပျက်စီးစေရန်နှင့် ကုန်တင်ယာဉ်များ လမ်းတံတားသုံးစွဲမှု ပို၍စနစ်ကျစေရန် ဆွေးနွေးပြောဆိုကြရာ၌ ကုန်သေတ္တာယာဉ်ကြီးများ တန်ပိုတင်ဆောင်မှုကို အခြားနေရာများ၌ စည်းကမ်းချက်များအတိုင်း လိုက်နာနေပြီဖြစ်သော်လည်း ရန်ကုန်မြို့တွင်မူ စည်းကမ်းလိုက်နာမှု အားနည်းလျက်ရှိသည့်အတွက် ညှိနှိုင်းဖြေရှင်းကြရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးသိန်းတင့်က ပြောကြားခဲ့သည်။ “အခု တန်ပိုကို လုံးဝခွင့်မပြုတော့ပါဘူး။ ဒဏ်ကြေးဆောင်ပြီး သွားဖို့လည်း ခွင့်မပြုတော့ဘူး။ ကျန်တဲ့နေရာတွေမှာ လိုက်နာနေကြပြီ။ ရန်ကုန်မှာပဲ မလိုက်နာကြလို့ ညှိနှိုင်းဖြေရှင်းနေရတာပါ။ ဒီမိုကရေစီခေတ်မှာ အရာခပ်သိမ်းကို ဥပဒေအတိုင်း ဆောင်ရွက်ဖို့ဖြစ်တယ်” ဟု ဦးစိုးတင့်က ပြောကြားခဲ့သည်။ အထူးသဖြင့် မိုးရာသီကာလတွင် လမ်းပျက်စီးမှု များပြားပြီး မတန်တဆ တန်ချိန်ပိုတင်သောအခါတွင် လမ်းပျက်စီးမှု ပိုမိုဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် သစ်လုံးတင်ယာဉ်များ လမ်းအသုံးပြုရန် အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ “သစ်တောနဲ့ညှိပြီး မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သယ်ယူဖို့ ခွင့်ပြုထားပါတယ်။ ညနေ ၆ နာရီကျော်သွားရင် တရားမဝင် ဖမ်းဆီးပါမယ်” ဟု ဒုဝန်ကြီးက အဆိုပါ ဆွေးနွေးပွဲတွင် ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26463

No comments:

Post a Comment