Monday 24 September 2012

မြန်မာအလုပ်သမားများ အခြေအနေ တိုးတက်လာခြင်းကြောင့် အရေးယူပိတ်ဆို့မှုများ ထပ်မံလျှော့ချရန် ဥရောပသမဂ္ဂ စီစဉ်

မြန်မာအလုပ်သမားများ၏ အခြေအနေ တိုးတက်ကောင်းမွန်လာခြင်းကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ထပ်မံလျှော့ချနိုင်ရန် ဥရောပသမဂ္ဂအဖွဲ့က စီစဉ်လျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ဥရောပသမဂ္ဂ ဈေးကွက်အတွင်းသို့
မြန်မာထုတ်ကုန်များ ပြန်လည်တင်ပို့ရန် ဥရောပသမဂ္ဂ ကော်မရှင်က တရားဝင်အကြံပြုစာ တင်သွင်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ အခွန်နှင့် ကုန်ပစ္စည်းဝေစုများကို ဖယ်ရှားပေးရန်၊ GSP အခွင့်အရေးကို ပြန်လည်ပေးအပ်ရန် တို့ကို ဥရောပသမဂ္ဂအဖွဲ့က ပြန်လည်သုံးသပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်း အဓမ္မအလုပ်စေခိုင်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံကို ပေးအပ်ထားသော GSP အခွင့်အရေးကိုဥရောပသမဂ္ဂအဖွဲ့က ပြန်လည်ရုပ်သိမ်းခဲ့သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ပေါ်ပေါက်လာခြင်းကြောင့် ၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ပြီး မြန်မာနိုင်ငံသားများနှင့် ကုမ္ပဏီများအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဥရောပသမဂ္ဂအဖွဲ့က ဆိုင်းငံ့ပေးခဲ့သည်။ အဆိုပါ အရေးယူပိတ်ဆို့မှုများ ဆိုင်းငံ့ထားခြင်းကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်သုံးသပ်သွားခြင်းဖြစ်ပြီး သက်တမ်းထပ်မံ တိုးသွားမည်ဟု မျှော်လင့်ရကြောင်း လေ့လာသုံးသပ်သူများက ပြောကြားသွားသည်။ မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုများ ပပျောက်သွားအောင် ဆောင်ရွက်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က သုံးသပ်ထားသဖြင့် မြန်မာနိုင်ငံအပေါ် GSP အခွင့်အရေးများ ပြန်လည်ပေးအပ်ရန် အဆိုပြုခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂ ကော်မရှင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကုန်သွယ်ရေးဟာ နိုင်ငံရေး တည်ငြိမ်မှုမှာ အခြေခံကျတဲ့ အချက်တစ်ခု ဖြစ်တာကြောင့် ပြုပြင်ပြောင်းလိုစိတ်ရှိတဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဈေးကွက်အတွင်း ဝင်ရောက်ခွင့်ပြုဖို့ လုပ်ဆောင်ပေးတာ ဖြစ်တယ်” ဟု ဥရောပသမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်နာ Kael De Gucht က ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitlunge

No comments:

Post a Comment