Monday 24 September 2012

အပြစ်ပေး အရေးယူမှု ဖိနှိပ်ချုပ်ချယ်မှု ကန့်သတ်မှုမရှိသည့် စာပေစာနယ်ဇင်း လွတ်လပ်ခွင့်၊ အကာကွယ်ပေးခွင့်ရှိသည့် ဥပဒေမျိုး လိုလာပြီဖြစ်ကြောင်း လွှတ်တော်ရေးရာ ကော်မတီတစ်ခု၏ ဥက္ကဋ္ဌ သူရဦးအေးမြင့်ပြောကြား


အပြစ်ပေးအရေးယူမှု ဖိနှိပ်ချုပ်ချယ်မှု ကန့်သတ်မှုမရှိသည့် စာပေစာနယ်ဇင်း လွတ်လပ်ခွင့်၊ အကာကွယ်ပေးခွင့်ရှိသည့် ဥပဒေမျိုး လိုလာပြီဖြစ်ကြောင်း လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားခဲ့ပါသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဟိုတယ်ရန်ကုန်၌ ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တွေ့ဆုံပွဲတွင် သူရဦးအေးမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ရာ'' ဒီနေ့ပွဲမှာ စာပေစာနယ်ဇင်း လွတ်လပ် ခွင့်နဲ့ အကာအကွယ်တွေ လုံလုံလောက်လောက်ရဖို့ အဓိကဆွေးနွေးခဲ့တာဖြစ်တဲ့အတွက်ကြောင့် သဘောထား ရည်ရွယ်ချက် အတူတူပဲလို့ ကျွန်တော်ခံယူမိပါတယ်။ မီဒီယာဥပဒေ ရေးဆွဲဖို့လို မလိုဆိုတဲ့ကိစ္စက ဒီကိစ္စနဲ့ပတ်သက် လို့ ကျွန်တော်တို့ သဘောထား ကွဲလွဲစရာ မရှိပါဘူး။ အပြစ်ပေး အရေးယူမှု၊ ဖိနှိပ်ချုပ်ချယ်မှုကန့်သတ်မှု၊ ဒါတွေမရှိတဲ့ စာပေစာနယ်ဇင်း လွတ်လပ်ခွင့် အကာကွယ်ပေးခွင့်ရှိတဲ့ ဥပဒေမျိုး ကျွန်တော်တို့ လိုလာပြီ။ ယခင်ဥပဒေ တွေကို ပြန်ပြီးတော့မှ ပြုပြင်မယ်၊ ပယ်ဖျက်မယ်ဆိုရင် ရနိုင်တာပါပဲ။ အသစ်လုပ်မယ်ဆိုရင်လည်း ရနိုင်တာပါပဲ။ အဲဒါကတော့ စာနယ်ဇင်းသမားများကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အခုစပြီး ဆွေးနွေးကြတယ်။ အလွန်ကောင်းပါတယ်။ ကျွန်တော်တို့က ကြားကနေ နားထောင်ကြည့်တဲ့အခါ တော်တော်လေး ထက်မြတ်သွက်လက်လာတယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်တော်တို့ဒီအစည်းအဝေးက  ဆုံးဖြတ်ဖို့ မရှိပါဘူး။ မီဒီယာဥပဒေဆွဲ သင့်၊ မဆွဲသင့် ဆွဲဖို့ လိုလား၊ မလိုလား    ဒီအစည်းအဝေးက ဆုံးဖြတ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စား၊ ပြည်သူတို့ရဲ့ကိုယ်စား စာနယ်ဇင်းသမားတွေရဲ့ ဆောင်ရွက်မှုတွေကို ဘေးကနေ ပံ့ပိုးကူညီပေးဖို့ ဖြစ်ပါတယ်။ စပြီးဒီကိစ္စတွေ ဆောင်ရွက်နေတဲ့ အဓိကတာဝန်ရှိတဲ့သူက ပြန်ကြားရေးဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန စပြီးတော့မှ သူ့ရဲ့ အစီစဉ်တွေနဲ့ အရင်တုန်းက ကျွန်တော်တို့ ပျက်ပြယ်သွားတယ်။ မီဒီယာ ဥပဒေကို ဆွဲမယ်ဆိုပြီးတော့။ ၀န်ကြီးအသစ်ဖြစ်လာတဲ့အခါမှာ အသစ်ကပြန်ပြီးတော့ စလာတယ်။ စလာတဲ့အတွက်ကြောင့် ယခင်အစိုးရ ဖွဲ့စည်းခဲ့တဲ့ အမြုတေကောင်စီကိုလည်း အလိုလိုပယ်ဖျက်သလိုဖြစ်ပြီးတော့မှ အခု  မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေရာမှာလည်း ကဗျာဆရာ၊ စာရေးဆရာ သမ္မဂကတင်ပြသွားသလို ဒီကောင်စီမှာ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ ပါဝင်သင့်တယ်လို့ ကျွန်တော်တို့ ခံယူပါတယ်။ အဲဒီအတွက်လည်း ပူစရာ မရှိပါဘူး။ ဒါအပြီးသတ် မဟုတ်ပါဘူး။ ယာယီပါ။ ၀န်ကြီးဌာန တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်း သတ်မှတ်တဲ့ စာပေစာနယ်ဇင်းသမားတွေ ညီညီညွတ်ညွတ် ဖွဲ့စည်းမဖြစ်မချင်း သူတို့တွေ တာဝန်ယူဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။ အဲဒါအတွက် ကျွန်တော်တွှို အရေးဆိုဖို့ တင်ပြဖို့ ရှိပါတယ်''ဟု ပြောကြားခဲ့ပါသည်။

By Eleven Media Group

No comments:

Post a Comment