Monday 24 September 2012

နာမည်ကျော် နည်းပြကြီး အဲရစ်ဆင် ရန်ကုန်သို့ ရောက်ရှိ


အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဆဗန်ဂိုရန် အဲရစ်ဆင်သည် စက်တင်ဘာလ ၂၄ ရက်နေ့ (ယနေ့) မွန်းလွဲပိုင်းက ရန်ကုန်သို့ ရောက်ရှိ လာခဲ့ပြီး ရန်ကုန်တွင် ရောက်ရှိနေစဉ် ကာလအတွင်း ရန်ကုန်
ယူနိုက်တက် ဘောလုံးအသင်း၏ လေ့ကျင့်ရေးကွင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းသားများ၏ လေ့ကျင့်မှုများကို ကြည့်ရှု လေ့လာမည် ဖြစ်ကြောင်း ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်း၏ website တွင် ဖော်ပြထားမှုအရ သိရသည်။

အဲရစ်ဆင်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန် ယူနိုက်တက် အသင်း၏ လေ့ကျင့်ရေးကွင်းကို သွားရောက် ကြည့်ရှု လေ့လာမည် ဖြစ်ပြီး ညပိုင်းတွင် ရန်ကုန် ယူနိုက်တက် အသင်း၏ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ တည်ခင်း ဧည့်ခံမည့် ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အဲရစ်ဆင် ကဲ့သို့ နာမည်ကျော် နည်းပြ တစ်ဦး အနေဖြင့် ယခင်က မြန်မာနိုင်ငံသို့ လာရောက် ခဲ့ဖူးခြင်း မရှိဘဲ ယခု အကြိမ်သည် ပထမဆုံး အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ကာ အဲရစ်ဆင် မတိုင်မီကလည်း ဂျပန်နိုင်ငံ J League ၏ ဥက္ကဋ္ဌ ကာဇူမီ အိုဝါရှီသည်လည်း သြဂုတ်လ လကုန်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ရန်ကုန် ယူနိုက်တက် အသင်းကို လာရောက် လေ့လာခဲ့ဖူးကြောင်း သိရသည်။

အသက်(၆၄)နှစ် အရွယ်ရှိ နည်းပြကြီး အဲရစ်ဆင်သည် ၁၉၇၇ ခုနှစ်ကတည်းက နည်းပြဘဝသို့ ကူးပြောင်း လာခဲ့သူ ဖြစ်ပြီး နာမည်ကြီး ကလပ် အသင်းများ ဖြစ်ကြသော Benfica၊ Fiorentina၊ Roma၊ Lazio နှင့် Manchester City တို့အပြင် အင်္ဂလန်၊ မက္ကဆီနှင့် အိုင်ဗရီကို့စ် အစရှိသော နိုင်ငံ လက်ရွေးစင် အသင်းများ၏ နည်းပြ အဖြစ်လည်း တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။ လက်ရှိ အချိန်တွင် အဲရစ်ဆင်သည် ထိုင်း ပရီးမီးယားလိဂ် ကလပ် ဘီအီးစီ တယ်ရို ဆက်ဆနာ အသင်းတွင် နည်းစနစ် ဒါရိုက်တာ အဖြစ် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

By Shwelone.com (ရွှေလုံး)

No comments:

Post a Comment