Monday 24 September 2012

ရာထူးမှ အနားယူချိန်တွင် နေမည့်အိမ်တည်ဆောက်မှုအား စစ်ဆေးမှုကို လီမြောင်ဘတ် ခွင့်ပြု


အကျင့်ပျက်ခြစားမှုအတွင်း မိသားစုဝင်များနှင့် အစိုးရအတွင်းလူများပါနေသည့်အတွက် နိုင်ငံသို့ ဇူလိုင်လက လီမြောင်ဘတ် တောင်းပန်နေစဉ် Photo : AFP

ရာထူးမှ အနားယူချိန်တွင် နေထိုင်မည့် အိမ်ဆောက်လုပ်မှု စီမံကိန်းနှင့်ပတ်သက်ပြီး မူမမှန်မှုများရှိသည်ဆိုသော စွပ်စွဲချက်များအား ဘက်မလိုက်အဖွဲ့တစ်ခုက စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ကို တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က လက်ခံခဲ့သည်။

သမ္မတရွေးကောက်ပွဲ ကျင်းပရန် ရက် ၉၀ မျှသာ လိုတော့သည့် အချိန်တွင် ယင်းစစ်ဆေးမှုကြောင့် လီ၏ အာဏာရ ကွန်ဆာဗေးတစ်ဝါဒီ New Frontier ပါတီအတွက် အကျပ်ရိုက်စေမှု ဖြစ်လာဖွယ်ရှိသည်။

အထူးအစိုးရရှေ့နေအဖွဲ့တစ်ခု ရွေးချယ်ပြီး လီ၏ နေအိမ်စီမံကိန်းအား စစ်ဆေးရန်အတွက် လွှတ်တော်တွင် အဆိုတင်သွင်းမှုကို လီက ဗီတိုအာဏာဖြင့် တားမြစ်ခဲ့ခြင်းမရှိဟု လီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပက်ဂျောင်ဟာက ပြောကြားခဲ့သည်။ လီရာထူးမှ အနားယူလျှင် နေမည့်အိမ်ဆောက်လုပ်ရန် ဆိုးလ်မြို့စွန်တွင် မြေကွက်တစ်ခု ၀ယ်ယူမှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းအိမ်ဆောက်ရန်အတွက် မြေကွက်ကိုလီ၏ သားဖြစ်သူ လီစီဟွန်းနှင့် သမ္မတလုံခြုံရေးဌာနတို့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်က ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

ဒေါ်လာတစ်သန်းအောက်တန်ဖိုးရှိ ယင်းမြေကွက်ကို လီ၏ သားအမည်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အနီးရှိ မြေကွက်များကို လုံခြုံရေးအိမ်ရာများ ဆောက်လုပ်ရန်အတွက် လုံခြုံရေးဌာနက ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

အခွန်ရှောင်ရန်နှင့် ၎င်း၏ ပိုင်ဆိုင်မှုများကို သားဖြစ်သူထံ လွှဲပေးရန်ရည်ရွယ်ချက်ဖြင့် အိမ်ဆောက်လုပ်သည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းစီမံကိန်းကို လီက ပယ်ဖျက်ခဲ့သည်။

By Eleven Media Group

No comments:

Post a Comment