Monday 24 September 2012

ငြိမ်းချမ်းရေးနေ့ လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့ အပြန်အလှန် တရားစွဲမည်


ရန်ကုန်၊ စက်တင်ဘာ ၂၂
ရန်ကုန်မြို့တော်တွင် စက်တင်ဘာ ၂၁ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ပွဲ စုပေါင်း လမ်းလျှောက် သူများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် တရားစွဲဆိုရန် စီစဉ်လျက် ရှိကြောင်း ကာယကံရှင်

များက ပြောကြား သည်။

စုစုပေါင်း လူတစ်ထောင်ခန့် ဆင်နွှဲခဲ့သည့် လှုပ်ရှားမှုတွင် ဦးဆောင် ခဲ့သူများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းများက ယနေ့ညနေ ပိုင်းတွင် စတင် စစ်ဆေးနေပြီဖြစ်သည်။

ခွင့်ပြုချက် မရဘဲ စုဝေးချီတက် လမ်းလျှောက်မှုဖြင့် ရန်ကုန်မြို့တော်ရှိ မြို့နယ် ဆယ်မြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းမှ ယင်းတို့ကို တရားစွဲဆိုရေး စတင် စစ်ဆေးရန် ယနေ့ညနေပိုင်းတွင် အသီးသီး ဆင့်ခေါ်ထားကြောင်း စတင် စစ်ဆေးခံရသူတို့က ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ယင်းလှုပ်ရှားမှုကို စီစဉ်ခဲ့သော ပြည်တွင်း လူမှုအဖွဲ့အစည်း ၂၁ ဖွဲ့က ရဲတပ်ဖွဲ့ကို လူအခွင့်အရေး ချိုးဖောက်မှု ဖြင့် ပြန်လည် တရားစွဲရန် စီစဉ်နေကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် Generation Wave မှ ကိုမိုးသွေး က ပြောကြားသည်။

ယင်းအဖွဲ့များ အင်းလျား ကန်ဘောင်တွင် ယမန်နေ့က စိုက်ထူခဲ့သော ငြိမ်းချမ်းရေး ကျောက်တိုင်သည်လည်း ညတွင်းချင်း ဖျက်ဆီးခံလိုက်ရသည်။

လှုပ်ရှားမှု အချိန်ကြာမြင့်ခြင်း၊ မြို့နယ်ပေါင်း များစွာ ကို ဖြတ်သန်းသွားရခြင်း၊ ယာဉ်ကြောကျပ်နိုင်ခြင်း စသည်တို့ကြောင့် စီတန်း လမ်းလျှောက် ရန် လျှောက် ထား မှုကို ခွင့်မပြုခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းတွင် ရှင်းလင်း ပြောဆိုခဲ့သည်။

လူငယ်များက ပထမဆုံး အကြိမ် စုစည်း ကျင်းပသော ယင်းစီတန်း လမ်းလျှောက်ပွဲကို ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်မှ လယ် သမား နှစ်ဆယ်ခန့် ပူးပေါင်း ပါဝင်ခဲ့သည်။

By The Voice Weekly

No comments:

Post a Comment