Sunday 5 August 2012

“နိုင်ငံဝန်ထမ်းများ ဖုန်းအရစ်ကျစနစ် လစဉ်ပေးသွင်းရမည့် ပမာဏလျှော့ချ”

အရစ်ကျစနစ်ဖြင့် GSM/WCDMA မိုဘိုင်းဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်းများသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေးတင်ပြချက် ထုတ်ပြန်ထားသည်။ 

အဆိုပါ ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနအသီးသီးရှိ နိုင်ငံဝန်ထမ်းများအနက် အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်းသုံးစွဲလိုသည့် ဝန်ထမ်းများအား ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းဖုန်းများကို တစ်လလျှင် ကျပ်လေးသောင်းနှုန်းဖြင့် ငါးရစ်ပေးချေသည့်စနစ်ဖြင့်လည်းကောင်း၊ ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းများကို တစ်လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ငါးရစ်ပေးချေသည့်စနစ်ဖြင့်လည်းကောင်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် နှစ်ကြိမ်သုံးစွဲခွင့်ပြုခဲ့ကြောင်း၊ အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်း သုံးစွဲလျက်ရှိသော နိုင်ငံဝန်ထမ်းများတွင် အချို့မှာ ပထမအရစ်၊ အချို့မှာ ပထမအရစ်နှင့် ဒုတိယအရစ်တို့ကို ပေးသွင်းပြီး ဖြစ်သည်။ 

ယခုအခါ ဝန်ထမ်းများအနေဖြင့် အဆိုပါ အရစ်ကျ ငွေချေစနစ်နှင့် ပတ်သက်၍ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် ပိုမိုအဆင်ပြေစွာ အရစ်ကျပေးသွင်းနိုင်ရန်အတွက် ကျန်ငွေများ ဆက်လက်ပေးသွင်းရမည့် လစဉ်အရစ်ကျငွေပမာဏကို သြဂုတ် ၃၁ ရက်နေ့မှစ၍ လျှော့ချသတ်မှတ်လိုက်သည်။

လျှော့ချသတ်မှတ်လိုက်သည့် အစီအစဉ်အရ မူရင်းလစာ ကျပ်တစ်သိန်းနှင့်အောက် ဝန်ထမ်းများအနေဖြင့် လစဉ် ကျပ်တစ်သောင်းနှုန်းဖြင့်လည်းကောင်း၊ မူရင်းလစာ ကျပ်တစ်သိန်းအထက် ဝန်ထမ်းများအနေဖြင့် လစဉ် ကျပ်တစ်သောင်း ငါးထောင်နှုန်းဖြင့်လည်းကောင်း ဆက်လက် ပေးချေသုံးစွဲသွားနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေးပြောကြားထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အသိပေးထုတ်ပြန်ချက် အပြည့်အစုံကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အသိပေးထုတ်ပြန်ချက် အပြည့်အစုံ http://goo.gl/kQiGG



By Planet Myanmar Network

No comments:

Post a Comment