Sunday 5 August 2012

ရတနာပုံ - ရန်ကုန်ပွဲ၌ နီကိုလာ၏ နောက်ကျ ချေပဂိုးကြောင့် သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့


ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ရတနာပုံ - ရန်ကုန် ယူနိုက်တက်တို့ ပွဲစဉ်တွင် ရတနာပုံ အသင်းက ရန်ပိုင်၏ ပထမပိုင်း သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ သော်လည်း ပွဲပြီးခါနီး နီကိုလာ၏ ချေပဂိုးကြောင့် တစ်ဂိုးစီ သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့သည်။

အမှတ်ပေး ဇယား ဦးဆောင်သူ နာမည်ကြီး အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု ဖြစ်သည့်အလျှောက် မန္တလေး ဗထူးကွင်းအပြည့် ပရိသတ်များ အပြည့် လာရောက် အားပေးခဲ့ကာ ပွဲမှာလည်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ထိုးဖောက် ကစားခဲ့၍ ကြည့်ကောင်းခဲ့သည်။
၃၇မိနစ်တွင် ကိုနေး အဒမ်မာ ဧရိယာ အတွင်း ပြေးဝင်စဉ် ရန်ကုန် နောက်ခံလူ နီကိုလာ နောက်မှ ဆွဲ၍ ထိုင်းဒိုင်လူကြီး မဟာပတ်က အိမ်ရှင် အသင်းအား ပင်နယ်တီ ကန်ခွင့် သတ်မှတ်ပေးခဲ့သည်။ ယင်း ပင်နယ်တီအား ရန်ပိုင် ကန်သွင်းရာ နိုင်ဇေယျာထွန်း အစွမ်းပြ ပုတ်ထုတ် သွားခဲ့၍ ရတနာပုံတို့ အဖွင့် ဦးဆောင်ဂိုး ရရှိမည့် အပိုင်အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ သို့သော် ပထမပိုင်း နာကျင် အချိန်ပိုတွင် ရန်ပိုင်က ဧရိယာ အပြင်အစပ်မှ အမှတ်မထင် ကန်သွင်းခဲ့ရာ ရှေ့တက်နေသည့် ဂိုးသမား နိုင်ဇေယျာထွန်း မည်သို့မျှ မတတ်နိုင်ဘဲ အိမ်ရှင်အသင်း အဖွင့် ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့သည်။

ဒုတိယပိုင်းတွင် ဧည့်သည် ရန်ကုန် ယူနိုက်တက် အသင်းက ချေပဂိုး ပြန်လည်ရရှိရေး အားထုတ် ကြိုးပမ်းခဲ့ သကဲ့သို့ အိမ်ရှင် ရတနာပုံကလည်း အနိုင်ရလဒ်အား ပိုမို ပြတ်သားနိုင်ရန် ကြိုးပမ်းခဲ့သည်။ ပွဲမှာ အကြိတ်အနယ် ရှိခဲ့ပြီး ပြစ်ဒဏ်ဘော များလည်း များခဲ့ကာ မိနစ် ၉၀ပြည့်၍ လေလွင့် အချိန်ပိုတွင် ရန်ကုန် ယူနိုက်တက်အသင်း အမှတ်မထင် ချေပဂိုး ရရှိခဲ့သည်။ ထောင့်ကန်ဘောမှ တစ်ဆင့် ပြန်လျှံကျလာသည့် ဘောလုံးအား ဧရိယာ ပြင်ပမှ ရာဇာဝင်းသိန်း ကန်ချက်အား နီကိုလာက ကြားမှ လမ်းကြောင်းပြောင်း ကန်သွင်းကာ ချေပဂိုး ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုရလဒ်ကြောင့် ရတနာပုံ၊ ရန်ကုန်တို့သည့် အမှတ်ပေး ဇယား ထိပ်တွင် ရမှတ် တစ်မှတ် အကွာဖြင့် ဆက်လက် ဦးဆောင်ခဲ့သည်။

သုဝဏ္ဏကွင်း ပွဲစဉ်တွင်မူ ရလဒ်များ ဆက်တိုက် ဆိုးရွားနေသည့် ဧရာဝတီ ယူနိုက်တက် အသင်းက ဆောက်သမ်းအား ၃-၁ ဂိုးဖြင့် အနိုင်ယူကာ နိုင်ပွဲ ပြန်လည် ရရှိခဲ့သည်။ ပွဲအစ ၇မိနစ်တွင် ဧရာဝတီ ကွင်းလယ်လူ နိုင်လင်းဦး ကန်ချက် တိုင်ထိထွက်ခဲ့ ပြီးနောက် ဆောက်သမ်း အသင်းက ပွဲချိန် ၃၃မိနစ်တွင် အဖွင့်ဂိုး စတင် ရရှိခဲ့သည်။ ရဲအောင် ဖန်တီးပေးသည့် ဘောလုံးအား အောင်ရဲထွဋ်က အပိုင် ကန်သွင်းကာ ဦးဆောင် နိုင်ခဲ့သော်လည်း ဧရာဝတီ ယူနိုက်တက် ကစားသမား အောင်ကျော်မျိုးက ၄၃မိနစ်တွင် ပြန်လည် ချေပခဲ့၍ ပထမပိုင်း အပြီး ၁-၁ သရေပွဲ ဖြစ်နေခဲ့သည်။ သို့သော် ဒုတိယပိုင်း ၅၈မိနစ်နှင့် မိနစ် ၈၀တို့တွင် မီရိုနှင့် နေလင်းအောင်တို့က ဂိုးများ ထပ်မံသွင်းယူခဲ့၍ ဧရာဝတီတို့ ယခုကဲ့သို့ ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မနောမြေနှင့် ချင်း ယူနိုက်တက်တို့ ပွဲစဉ်တွင်မူ မနောမြေ အသင်းက ၃-၁ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ မနောမြေ အသင်းအတွက် ဂိုးများအား အေးမင်းဝင်း၊ အဆာလေ၊ ကျော်မျိုးဝင်းတို့က သွင်းယူ ပေးခဲ့ကာ ချင်းအတွက် တစ်လုံးတည်းသော ဂိုးကိုမူ သောင်ခန်ထန်က သွင်းယူပေးခဲ့သည်။

By Soccer Myanmar

No comments:

Post a Comment