Sunday 5 August 2012

ရခိုင်ပဋိပက္ခအရေး အထူးစုံစမ်းမှု လုပ်ရန် ကင်တာနာ ပြော






မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာဟာ လွန်ခဲ့တဲ့ လက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ လွတ်လပ်တဲ့ အထူးစုံစမ်းစစ်ဆေးရေး အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတဲ့ ကိစ္စတော်တော်များများ ကြားခဲ့ရပြီး အလွန်စိုးရိမ်မိတယ်လို့ သူက ထုတ်ဖော်ပြောဆိုလိုက်တာပါ။ တင်းမာမှုတွေနဲ့ အမုန်းတရားတွေ ကလည်း အလားအလာ မကောင်းနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

အခုဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လမ်းကြောင်းကို ထိခိုက်နစ်နာစေတယ်လို့ သူက ထောက်ပြခဲ့ပါသေးတယ်။

သူတွေ့ခဲ့ရ တဲ့ ဒုက္ခသည်တွေအတွက်လည်း စာနာကြောင်းကို အလေးအနက်ပြောခဲ့ပါသေးတယ်။

မြန်မာနိုင်ငံခရီးစဉ် အတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး မနေ့ ညနေ ၆ နာရီခွဲ က မြန်မာနိုင်ငံက အပြန် ရန်ကုန် လေဆိပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ သူဟာ မြန်မာနိုင်ငံကို ဇူလိုင်လ ၂၉ ရက်နေ့က ရောက်ခဲ့ပြီး ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့ ညနေ က မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာအစိုးရက သူ့ကို ပူးပေါင်းဆောင်ရွက်တဲ့အတွက်လည်း သူက ကျေးဇူးတင်ကြောင်းပြောပါတယ်။ ဒီအပြင် ထိမ်းထိမ်းသိမ်းသိမ်း ကိုင်တွယ်နေတာကိုလည်း သူက အသိအမှတ်ပြုကြောင်း ပြောပါတယ်။

သူဟာ ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ဒုက္ခသည်တွေကိုလည်းတွေ့ဆုံခဲ့သလို ရခိုင်ပဋိပက္ခကြောင့် အစိုးရက ဖမ်းဆီးထားတဲ့ ကုလသမဂ္ဂနဲ့ NGO ၀န်ထမ်းတွေနဲ့ လည်း တွေ့ဆုံခဲ့ သလို၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်အမတ်တွေ၊ အစိုးရ တာဝန်ရှိသူတွေ စသဖြင့် တွေ့ခဲ့တာပါ။

အခု တခေါက် ကင်တာနာရဲ့ ခရီးစဉ်ဟာ ရခိုင် အရေး အလေးထားတဲ့ခရီးစဉ်လို့ ပြောလို့ ရပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ချက်ချင်းခြွင်းချက်မဲ့ လွှတ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။ သူ့ ခရီးစဉ်အတွင်း မှာ သေဒဏ်ကျခံနေရတဲ့ ကိုဖြိုးဝေအောင်ကို အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။



By Irrawaddy

No comments:

Post a Comment