Wednesday, 24 October 2012
ဘိုင့်ဘိုင် ချက်ကြီး
နှစ်ပေါင်းများစွာ ပြည်သူလူထုကို အလုပ်အကျွေးပြုခဲ့ပြီး လူအများအားကိုး အားထားပြုခဲ့ရသည့် သူ့ကို ယခုတော့ အားလုံးက မေ့လျော့လာခဲ့ကြပါပြီ။ အသက်အရွယ်အားဖြင့်လည်း စိန်ရတုတိုင်လာပြီဖြစ်သည့် သူ့မှာ နာမကျန်းသည့်ဒဏ်၊
ချစ်ခင်သူများက ပစ်ခွာသွားကြ
သည့်ဒဏ်၊ သူနှင့် သက်တူရွယ်တူများ ဆုံးပါးသွားသည့်ဒဏ်ကို တဖြည်းဖြည်း ခံစားနေရပြီဖြစ်သည်။ သူ့ဘ၀ရဲ့နေ၀င်ချိန်က သိပ်မဝေးတော့။
သူ့ကို လူတွေကချက်ကြီးလို့ ခေါ်ကြသည်။များသောအားဖြင့် ဗိုက်ပူဟုလည်း ချစ်စနိုးခေါ်ဝေါ်ကြသည်။ သူသည် သစ်သားကိုယ်ထည်
ဝမ်းဗိုက်ပူပူကြီးရှိသော ချက်ပလက် (Chevrolet)ယာဉ်အိုကြီးတစ်စီးဖြစ်ပါသည်။
ချက်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များနှင့်အတူ မြန်မာနိုင်ငံသို့ ၀င်ရောက်လာခဲ့သည်။ ဂျပန်ခေတ်တစ်လျှောက်လုံး သူက
ကုန်ကား၊ လူစီးကားအဖြစ် အသုံးတော်ခံခဲ့ရသည်။ စစ်ကြီးပြီးဆုံးသွား၍ ဂျပန်များပြန်ထွက်ခွာသွားသည့်အခါ ချက်ကြီး
တို့ ကျန်ရစ်ခဲ့သည်။
နောက်ပိုင်းတက်လာသည့် မြန်မာအစိုးရများက ချက်ကြီးကို လိုင်းကားအဖြစ် စတင်သုံးစွဲလာခဲ့သည်။ ၁၉၅၀ အစော
ပိုင်းက ရန်ကုန်မြို့ခရီးသွားလုပ်ငန်းစတင်ရာတွင် ချက်ကြီးတို့ စစ်ကျန်ယာဉ်များ တာဝန်ထမ်းဆောင်ခဲ့ကြရသည်။ ချက်
ပလက်၊ ဒေါ့ဂျစ်စသည့် ချက်ကြီးတို့အဖွဲ့သည် ခြင်္သေ့၊ ယုန်၊ ဆင်၊ကြံ့၊ ပုစွန်၊ နဂါးစသဖြင့် တိရစ္ဆာန်အရုပ်တံဆိပ်များ တပ်ဆင် ကာ
ခရီးသွားပြည်သူများကို ၀န်ဆောင်မှုပေးခဲ့ကြသည်။
ယာဉ်ငါးစီးဖြင့် စတင်ခဲ့သော ရန်ကုန်မြို့တွင်း ဘတ်စ်ကားလုပ်ငန်းကို အိမ်စောင့်အစိုးရက ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီ
၁ ရက်တွင် ပုဂလိကအဖြစ်မှ ဖျက်သိမ်း၍ အရုပ်တံဆိပ်များအစား ယာဉ်လိုင်းနံပါတ်များ စတင်သတ်မှတ်ခဲ့သည်။ သို့နှင့်
၁၉၆၂ ခုနှစ် သြဂုတ်လ ၂၀ ရက်တွင် ရန်ကုန် မော်တော်ယာဉ်လိုင်းပေါင်းစုံကြီး ကြပ်အုပ်ချုပ်ရေး ကော်မတီ ပေါ် ပေါက်လာ
ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ယခု မထသအဖြစ် ပြောင်းလဲခဲ့သည်။
မြို့တွင်းခရီးသွား လုပ်ငန်း တွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် မထသသည်ပင် ရွှေရတုတိုင်တော့မည်ဖြစ်သည်။
ချက်ကြီးတို့ သက်တမ်းကတော့ မထသ ထက်ပင် ကြာမြင့်ခဲ့သည်။ ယာဉ်ကိုယ်ထည်ပေါ်က အရုပ် များကို နံပါတ်အဖြစ် ပြောင်းလဲ
လိုက်သော်လည်း မထသသည် ချက်ကြီးတို့ကိုပင် ဆက်လက် အားကိုးခဲ့ရသည်။ ထိုစဉ်က ယာဉ် မလုံလောက်မှုကြောင့် စက်မပါ သော
နောက်တွဲယာဉ်တပ်ဆင် ထားသည့် နှစ်စီးတွဲယာဉ်များပင် ပေါ်ပေါက်ခဲ့ဖူးသည်။
“၈၂ နောက်ပိုင်းမှာ ဒီကားပဲ ရွေးစီးတာ။ အန္တရာယ်ကင်းလို့။ အဲဒီတုန်းက ဗိုက်ပူနဲ့ ဟိုင်းလပ်ပဲရှိတယ်။ ချက်ကြီး သူ့ဖီးလ်နဲ့သူ
အေးဆေးမောင်းတယ်”ဟု လှိုင်မြို့နယ်အတွင်းနေထိုင်သူ အ သက်(၅၀)ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောသည်။
ချက်ကြီးတို့ စရောက်လာ စဉ်က သံထည်ဘော်ဒီဖြစ်သော်လည်း ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်အဖြစ် ပြေးဆွဲရန် သေးငယ်သောကြောင့်
မြန်မာ့တီထွင် ပညာရှင်ကြီးများက သစ်သားဘော်ဒီအဖြစ် ပြောင်းလဲခဲ့ကြသည်။
“ဗိုက်ပူက အင်ဂျင်ခေါင်းပါးတယ်။ ကွဲလွယ်တယ်။ ရေမယို၊ ရေမပြတ်ရဘူး။ မောင်းရတာ နည်းနည်းတော့ခက်တယ်။ တခြားကားတွေက
ကလပ်၊ ဘရိတ်၊ လီဗာ၊ အဲဒီလိုအစဉ်လိုက် ရှိတယ်။ ဗိုက်ပူမှာက ကလပ်၊ လီဗာ၊ ဘရိတ် ဖြစ်နေတယ်”ဟု၁၉၈၆ ခုနှစ်ခန့်ကတည်းက ချက်
ကြီးနှင့် ဒေါ့ဂျစ်ကားများကို စမောင်းလာခဲ့သော ယာဉ်မောင်း ဦးသန်းအောင်က ပြောပြသည်။
ချက်ကြီးကားများသည် အ သက်အရွယ်အားဖြင့် ကြီးရင့်လာ သည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများလည်း ကြီးမားနေပြီဖြစ်သည်။ အများစုသော
ချက်ကြီးများတွင် လူစီးသာမကကုန်ပစ္စည်းပါတင်သောကြောင့် သစ်သားကြမ်းခင်း ပေါ်တွင် အနံ့အသက်ဆိုးများက စွဲကျန်နေလေ့ရှိသည်။
အခြေခံ လူတန်းစားများနှင့် လက်လုပ်လက်စားဈေးသည်များအတွက် အားကိုးအားထားပြုရသော်လည်း အများစုကမူ ကားကောင်းများ ကိုသာ
စီးနင်းလိုကြသည်ပဲ ဖြစ်သည်။
ချက်ကြီးကားကို စီးနင်းရာ တွင် မကြိုက်သည့်အချက်များကို လည်း အသက် ၃၅ နှစ်အရွယ် ကိုဇင်မင်းထွန်းက -
“အရမ်းနှေးပါတယ်။ စီယာ တိုင်ကတစ်ဖက်စောင်းနေပြီး ကားစီးရင် တစောင်းကြီးမောင်း နေတယ်လို့ ခံစားရတယ်။ ကား
ဘော်ဒီတွေကဆွေးနေလို့ တိုက်လိုက်ရင် ခံနိုင်ရည်ရှိမယ် မထင်ဘူး။ ထိုင်စီးတော့လည်း သစ်သားထိုင်ခုံပေါ်မှာ တဒုန်းဒုန်းနဲ့ နာတယ်။
မတ်တတ်ရပ်စီးတော့လည်း အရပ်ရှည်ရင် ခေါင်းနဲ့အမိုးနဲ့ ခဏခဏမိတ်ဆက်တယ်”ဟု ပြောပြသည်။
တဖြည်းဖြည်းနှင့် ချက်ကြီးတို့တွင် ယှဉ်ပြိုင်ဘက်များပေါ်လာသည်။ ဘီအမ်၊ ရိန်းဂျား(KM)၊ ဟိုင်းလပ်၊ ဒိုင်နာ၊ ကန်ဒါ၊ မီနီဘတ်စ်စသဖြင့်
ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ယာဉ်အမျိုး အစားအသစ်အသစ်များက လမ်း ပန်းဆက်သွယ်ရေး လုပ်ငန်းများ သို့ ၀င်ရောက်လာခဲ့သည်။
၁၉၉၁ ခုနှစ်တွင် စီးတီးဘတ်စ်များ ထပ်မံဝင်ရောက်လာပြီး ချက်ကြီးတို့ နေရာစပျောက်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်တစ်
ခုကြာအောင်တော့ ချက်ကြီးတို့ တောင့်ခံနိုင်ခဲ့ကြပါသည်။
၂၀၁၀ ခုနှစ် နောက်ပိုင်း တွင် ချက်ကြီးတို့အပါအ၀င် ဟိုင်းလပ်နှင့် ဒိုင်နာများကို မြို့တွင်း ပြေးဆွဲခွင့် မပြုတော့ဘဲ ဆင်ခြေဖုံးမြို့နယ်များနှင့်
မြို့တွင်းခြောက် မြို့နယ်ပြင်ပတွင်သာ ပြေးဆွဲစေခဲ့သည်။
ရန်ကုန်မြို့တွင် နေ့စဉ် လူပေါင်းလေးသန်းကျော်က ၀မ်းရေးအတွက် ဆင်ခြေဖုံးနှင့် မြို့တွင်းသို့ ယာဉ်များဖြင့် သွားလာလှုပ်ရှားနေကြပြီး
မထသမှ ယာဉ်အစီး ၂၂၀၀ ကျော်၊ သန်မြန်သူ၊ ငြိမ်းချမ်းရေး၊ ရွှေဧည့်သည်၊ ကန္တာရ၀တီ၊ ပါရမီ၊ ပြည်ခိုင်ဖြိုးစသော တခြားပုဂ္ဂလိက
ယာဉ်လိုင်းများ နှင့် ပေါင်းလျှင် ခရီးသည်တင် ယာဉ်ပေါင်းလေးထောင်ကျော်က နေ့စဉ်ပြေးဆွဲနေရသည်ဟု သိရသည်။
၂၀၁၁ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေး၊ ဖျက်သိမ်းရေးအစီအစဉ်အရ ချက်ကြီးတို့၏ နေ၀င်ချိန်ကို ရောက်လာခဲ့သည်။
ကားတင်သွင်းခြင်း လုပ်ငန်းများ ခေတ်စားလာသည်နှင့် ကျပ်သိန်း ၂၀၊ ၃၀ သာရှိသည့် ချက်ကြီးတို့ တန်ဖိုးမှာ ကျပ်သိန်း
၁၀၀ အထိမြင့်တက်လာခဲ့သည်။ ချက်ကြီးတို့၏ ပိုင်ရှင်များသည် သူတို့ကို သံယောဇဉ်ဖြတ်ခဲ့ကြ သည်။ ဈေးကောင်းရသည်နှင့် စွန့်
လွှတ်ပစ်ခဲ့ကြသည်။ ချက်ကြီးတို့ နှင့်အတူ ဒုက္ခရောက်ကြရသူများမှာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ၎င်းတို့၏ မိသားစုများ
ပင်ဖြစ်သည်။
“နှမြောတယ်။ စိတ်မကောင်းဘူး။ ပြီးတော့ အလုပ်တစ်ခုက နေ နောက်တစ်ခုပြောင်းတာ လွယ်တာမှမဟုတ်တာ”ဟု ယခင်က ချက်ကြီးယာဉ်မောင်းနှင်ဖူးသူ တစ်ဦးကဆိုသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့ နယ်တွင် နှစ်ပတ်အတွင်း ချက်ကြီးအစီး ၉၀ ခန့်ရောင်းထွက်သွားသည်အထိ ချက်ကြီးတို့ရေပန်း စားခဲ့သည်။
သို့သော် အသစ်ဝင်ရောက်လာမည့် ကားသစ်ကား ကောင်းများအတွက် ချက်ကြီးတို့ ပေးဆပ်လိုက်ရခြင်းဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ လက်အောက်တွင် နှစ်လေးဆယ် ကျော်သက်တမ်းရှိသည့်
ချက်ကြီးတို့ စစ် ကျန်ဘတ်စ်ကား ၃၀၀ ကျော်ရှိ ခဲ့ပြီး အမှတ်(၄၀)နှင့် အမှတ် (၃၆) ယာဉ်လိုင်းများက ယခု လက်ရှိတွင်လည်း ပြေးဆွဲလျက်
ရှိသေးကြောင်း သိရသည်။ တခြားစစ်ကျန်ဘတ်စ်အများစုကတော့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေးအစီအစဉ်နှင့်အတူပါသွားခဲ့ပြီ ဖြစ်သည်။
“ကညနက သက်တမ်းကုန်ပြီလို့ ပြောထားတဲ့ယာဉ်တွေ ပြေးဆွဲခွင့်မရှိတော့ပါဘူး။ ပြေးဆွဲရင်လည်း အဲဒါက ကြားကားဖြစ်နေပြီ။
ယာဉ်ထိန်းဥပဒေအရ အရေး ယူခံရနိုင်ပါတယ်”ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(မြို့တွင်း)
ဥက္ကဋ္ဌဦးလှအောင်က ရှင်းပြသည်။ ယခုနှစ် စက်တင်ဘာလထိ အပ်နှံရမည့် စစ်ကျန်ယာဉ် ၂၂ စီးခန့်ရှိနေသေးပြီး တချို့မှာ သံရည်ကျိုစက်သို့
ပို့ဆောင်လိမ့်မည်ဖြစ်ကြောင်း ဦးလှအောင်ကဆိုသည်။
ချက်ကြီးတို့ကတော့ ဖျက် သိမ်းရေးဌာနသို့ ရောက်ရှိပြီး အရိုးတခြားအသားတခြားဖြစ်သွားမှာတော့ သေချာပါသည်။ ချက်ကြီးတို့အပေါ်
သမိုင်းဝင်စစ် ကျန်ယာဉ်အိုကြီးများဟူ၍ တန် ဖိုးထားညှာတာ မည့်သူက ရှားပါးပါလိမ့်မည်။ လူအများက တစ်ချိန်တစ်ခါက ကျေးဇူးရှင်ကို
မျက်ကွယ်ပြုရက်ကြသော်လည်း အမြတ်တနိုးတန်ဖိုးထား စိတ်ဝင်စားသူများလည်းရှိနေပါသည်။ သူတို့ကတော့ ကမ္ဘာလှည့် ခရီးသည်
နိုင်ငံခြားသားများပဲ ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများတွင် အမှတ်တရ ထိန်းသိမ်းထားသော ယာဉ်တစ်မျိုးမျိုးကတော့ ရှိတတ်ကြပါသည်။ လန်ဒန်မြို့တွင် အများစိတ်ဝင်စားသည့်
ယာဉ်မှာ လန်ဒန်ဘတ်စ်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တုတ်တုတ်ယာဉ် ဖြစ်ပါသည်။ ထိုသို့ပင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာ
လှည့်ခရီးသွားများမှာ ဒုတိယ ကမ္ဘာစစ်ကျန် နိုင်ငံခြားအင်ဂျင်၊ မြန်မာ့လက်ရာ ချက်ပလက်ဗိုက်ပူတို့ကို အထူးတလည်စိတ်ဝင်စား
ကြသည့်အတွက် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်များမှာ ချက်ကြီးယာဉ် တချို့ကိုဝယ်ယူ၍ မွမ်း မံပြင်ဆင်အသုံးပြုခြင်းများ ရှိနေသည်။
“ဗိုက်ပူကားတွေရဲ့ အစိမ်း၊ အနီ၊ အဖြူပတ်ဒီဇိုင်းကို Tour တွေက အရမ်း Crazy ဖြစ်တယ်။ တချို့လည်း လေဆိပ်အကြိုအပို့
ကို အဲဒီကားနဲ့သုံးတယ်။ တစ်ယောက်ကို ၁၀ ဒေါ်လာလောက် နဲ့ ၀န်ဆောင်မှုအပေါ်မှာ ဧည့်သည်တွေကကျေနပ်အားရတယ်။ ဒါတွေကို
ထိန်းသိမ်းသင့်ပါတယ်။ ရန်ကုန်က လေးဘီးကားနဲ့ ဗိုက်ပူကားတွေကို ကမ္ဘာကသိတယ်”ဟု Myanmar Voyage ခရီး
သွားလုပ်ငန်းအကြီးအကဲဖြစ်သူမှ ဦးသက်လွင်တိုးကပြောသည်။
ချက်ကြီးကားများနှင့် အကြို အပို့လုပ်ခြင်းကို ကမ္ဘာလှည့်ခရီး သည်များက နှစ်သက်ကြသည့်အ တွက် Tour ကုမ္ပဏီများအနေနှင့် လည်း
ချက်ကြီးကားဟောင်းများကို ၀ယ်ယူကာ စက်ပိုင်းဆိုင်ရာပြု ပြင် ပြောင်းလဲမှုများနှင့် လိုင်စင်ယူလုပ်ဆောင်သင့်ကြောင်း ဦးသက်လွင်တိုးက
အကြံပြုသည်။
“အန်းတစ်အနေနဲ့ အထင် ကရနေရာမျိုးတွေမှာ ဟိုနားဒီနားသုံးဖို့အတွက် အသင့်တော်ဆုံးပဲလို့ ထင်တယ်”ဟု ချက်ကြီးကား ကို စီးနင်းဖူးသော
အသက် ၃၀ ကျော်အရွယ်ကိုတင်ထွဋ်လှိုင်က ပြောသည်။
ရန်ကုန်မြို့တွင် အမှတ်(၄၀) နှင့် (၃၆) ယာဉ်လိုင်းများ ဆက်လက်ပြေးဆွဲနေသကဲ့သို့ မော်လ မြိုင်မြို့တွင်လည်း အမှတ်(၇) ယာဉ်လိုင်းမှ လက်ရှိပြေးဆွဲလျက် ရှိနေသေးသည်။ ထိုသို့ပင် တခြား မြို့များတွင်လည်း စစ်ကျန်ချက် ပလက် ဗိုက်ပူကြီးများကို သုံးစွဲနေ ကြဆဲ ဖြစ်သည်။
“ချက်ပလက်တွေက အနှစ် ၇၀ ကျော်ရှိနေကြပြီ။ သုံးဖို့မသင့် တော့တဲ့ အခြေအနေထိ ရောက်နေပြီ။ အနားပေးသင့်ပါပြီ။ တချို့
ကို ပြတိုက်မှာ ထားသင့်တယ်။ မထသက ရွှေရတုတိုင်နေသလို ဒီကားတွေကလည်း စိန်ရတုတိုင်နေပြီ”ဟု မြို့တွင်းစီးယာဉ်လိုင်းပိုင် ရှင်တစ်ဦး ဖြစ်သည့် ဦးမျိုးနိုင်ကပြောသည်။
ရှေးဟောင်းသုတေသန ဦးစီးဌာနအနေဖြင့် ရှေးယခင် မြန်မာမင်းများလက်ထက်မှ အသုံးပြုခဲ့သော ပစ္စည်းများကိုသာ ရှေး
ဟောင်းအမွေအနှစ်အဖြစ် ပြတိုက်များတွင် ထိန်းသိမ်းထားခဲ့ပြီး ဒုတိယကမ္ဘာစစ်လက်ကျန် ယာဉ်ဟောင်းတချို့ကိုတော့ ထိန်းသိမ်းရန်
အစီအစဉ်မရှိကြောင်း သိရသည်။
ချက်ကြီးပိုင်ဆိုင်သူ တချို့အတွက်တော့ ပြင်ဆင်ရန် မတတ်နိုင်သည်က တစ်ကြောင်း၊ ယာဉ်သစ်တင်သွင်းရန် ငွေမလိုက်နိုင်
သည်ကတစ်ကြောင်း စသဖြင့်အကြောင်းအမျိုးမျိုးဖြင့် နှစ်ပေါင်းများစွာလက်တွဲလာခဲ့ရသူကို လက်တွဲဖြုတ်ခဲ့ကြရတော့သည်။
“နောက်ဆို ချက်ပလက် ဗိုက်ပူကားတွေကို မြင်ရတော့မှာ မဟုတ်ဘူး။ ဓာတ်ပုံတွေထဲမှာ ပြန်ကြည့်မှ နောက်လူတွေ မြင်ဖူး
တော့မယ်။ အခုတောင် သိပ်မကျန်တော့ဘူး။ နောက်နှစ်တွေဆို ရှိတော့မှာ မဟုတ်ဘူး။ ဟိုတယ်တွေက ချက်ပလက်တွေကို
တော်တော်ကောင်းအောင် ပြင် ထားတာတွေ့ဖူးတယ်။ ငပလီမှာလည်း ရှိတယ်။ ပါရမီစိန်ဂေဟာ ရှေ့မှာလည်း ချက်ပလက်ကားကို
သေချာလှလှပပ ပြင်ဆင်ပြီး ကော်ဖီဆိုင်လို လုပ်ထားတာ ရှိတယ်။ အခု ကျန်နေသေးတဲ့အထဲက တချို့ကို မဖျက်ဆီးပစ်ဘဲ ပြန်ပြင်ပြီး
အသုံးဝင်တဲ့ တစ်နေရာမှာ သုံးသင့်တယ်။ ဗိုက်ပူကားတွေ မျိုးတုံးနေပြီ”ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။
သံရည်ကျိုစက်သို့ ရောက်ရှိသွားသည့် ယာဉ်များ မနည်းတော့သည့်အတွက် တဖြည်းဖြည်းနှင့် ချက်ကြီးကိုမြင်တွေ့ရမှုလည်း လျော့ပါးလာခဲ့ပြီ
ဖြစ်သည်။ ချက်ကြီးတို့ နေရာတွင် စီးတီးဘတ်စ် အကောင်းစားကြီးများက နေရာဝင်ယူသွားခဲ့ပြီ ဖြစ်သည်။
“အခုက လက်လွန်သွားပြီ”ဟု ယခင်က ချက်ကြီးမောင်းနှင်ဖူးပြီး လက်ရှိစစ်ကျန် ဒေါ့ဂျစ်ယာဉ်အိုတစ်စီးကို ပိုင်ဆိုင်ထားဆဲဖြစ်သော
ဦးသန်းအောင်က သက်ပြင်းချရင်း ပြောပါသည်။
ချက်ကြီး၏ နေ၀င်ချိန်မှာမဝေးတော့ပါ။ သူက အိုမင်းလွန်းနေပြီ ဖြစ်သည့်အတွက် လုပ်ငန်း ခွင်ဝင်ရန်လည်း မစွမ်းနိုင်တော့ပါ။
ပိုင်ရှင်ဖြစ်သူရဲ့စိတ်ထဲမှာ ဘာ တွေတွေးနေသည်ဆိုတာ ချက် ကြီး မသိနိုင်ပါ။ သူ့ဘ၀ရဲ့ နောက် ဆုံးအချိန်မှာ ဘာတွေဖြစ်လာဦး မည်
ဆိုတာလည်း ချက်ကြီး မသိနိုင်ပါ။ တစ်ချိန်က သူ့ကိုအားကိုး အားထားပြုခဲ့ကြသူတို့သည် ပြောင်းလဲလာသည့် ခေတ်နှင့်အညီသူ့ကို
စိမ်းစိမ်းကားကားပင် နှုတ်ဆက်လိုက်ကြပါပြီ။ ။
ရေးသားသူ- ဥက္ကာကိုကို
By အဘ ဥက္ကာကိုကို
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
Subscribe to:
Post Comments (Atom)
အကြောင်းအရာက မထူးဆန်းပေမယ့် စာအရေးသား ကောင်းတာကြောင့် အစမှ အဆုံးထိ ဖတ်ဖြစ်ခဲ့တယ်။ ဟ ဟ ဟ ဟ...(စာဖတ်သူ တစ်ဦး)
ReplyDelete